စက်တင်ဘာ ၃ ၊ ၂၀၂၆
GG (VOM)
ပဲခူးမြို့မှာ ရေကြီးရေလျှံမှု စဖြစ်တဲ့ နေ့မှာပဲ အမျိုးသား တယောက် ရေနစ်သေဆုံးခဲ့တယ်လို့ သိရပါတယ်။
မနေ့က စက်တင်ဘာ ၂ ရက်နေ့မှာ မြစ်ရေအတက်မြန်ပြီး မဇင်းရပ်ကွက်အပါအဝင် အနိမ့်ပိုင်း ရပ်ကွက်တွေထဲ ရေကြီးခဲ့ပြီး မဇင်း ၁ လမ်းမှာနေထိုင်တဲ့ အမျိုးသားဟာ နေအိမ်ခြံဝန်းထဲမှာပဲ ရေနစ်သေဆုံးခဲ့တာ ဖြစ်ပါတယ်။
” မဇင်း ၁ လမ်းက အသက် ၄၉ နှစ်အရွယ်အမျိုးသားပါ ။ ရေကြီးတော့ သူကလှေနဲ့ ခြံထဲက ရေတိုင်ကီကို ရေသွားခပ်တာမှာ ပြုတ်ကျပြီး ရေနစ်သေဆုံးတာလို့ သိရတယ်။ ရေက မနေ့က အတက်တအားမြန်တာ ။ ဒီနေ့လည်း နည်းနည်းထပ်တိုးတယ်။ ” လို့ ရေဘေးကူညီနေသူ ဒေသခံက ပြောပါတယ် ။
မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနာရဲ့ တိုင်းတာချက်အရ ဒီနေ့ စက်တင်ဘာ ၃ ရက်မှာ ပဲခူးမြစ်ရေက စိုးရိမ်ရေမှတ်ထက် ၁ ပေနဲ့ ၅ လက်မခန့်ကျော်လွန်နေတယ်လို့ သိရပါတယ်။
လက်ရှိမှာ အနိမ့်ပိုင်း ရပ်ကွက်တွေဖြစ်တဲ့ ကျောက်ကြီးစု၊ ကလျာဏီ၊ ရွာသစ်၊ ဇိုင်းတောင်၊ မြို့သစ်၊ မဇင်းရပ်ကွက် ၊ ကျွန်းသာယာအပိုင်ထဲက ရပ်ကွက်ဗိုလ်တဲကုန်း နယ်မြေ ၈/၁၃/၁၄/၁၅ ရပ်ကွက် တွေမှာ ရေဝင်ရောက်နေပြီး တချို့နေရာတွေမှာ အိမ်အောက်ထပ်မြုပ်နေပါတယ်။
” တချို့နေရာတွေက လူတရပ်မကတော့ဘူး။ တချို့နေရာက ရင်ခေါင်းလောက်ပေါ့။ အနိမ့်ပိုင်းတွေက လှေနဲ့ပဲသွားလို့ရတော့တယ်။ ခေါင်းဆေးကျွန်းဘက်လည်း ရေကျော်နေတယ်။ ” လို့ ဒေသခံက ပြောပါတယ် ။
လက်ရှိမှာ ပဲခူး – ရန်ကုန် လမ်းပေါ် ရေကျော်နေပေမယ့် ကားနဲ့ဆိုင်ကယ်တွေ သွားလာလို့ရတဲ့ အခြေအနေရှိကြောင်း ၊ ရေကြီးနေတဲ့ရပ်ကွက်က နေအိမ်ဒေသခံတွေကိုတော့ အလှူရှင်တွေနဲ့ လူမှုကူညီရေး အသင်းတွေက ထမင်းထုတ်တွေ လိုက်ဝေပေးနေတယ်လို့ သိရပါတယ်။
ရေကြီးနေတဲ့ ရပ်ကွက်တွေထဲကမှ ကျောင်းဖွင့်ဖို့ အဆင်မပြေတဲ့ ကျောင်း ၁၄ ကျောင်းကို လတ်တလောမှာ ပိတ်ထားရပါတယ်။
အခုဖြစ်ပွားနေတဲ့ ပဲခူးရေကြီးမှုက အရင်နှစ်တွေမှာ ဖြစ်ပွားတဲ့ ရေကြီးမှုလောက်အခြေအနေ မဆိုးသေးကြောင်း ၊ ပုံမှန်ဝင်နေကြ အနိမ့်ပိုင်း ရပ်ကွက်တွေကိုသာ ရေဝင်နေခြင်းဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄ ၊ ၂၀၂၅ ခုနှစ် ကလည်း ပဲခူးမြို့မှာ ရေကြီးမှုကြောင့် သေဆုံးသူတွေရှိခဲ့သလို ၂၀၂၃ ခုနှစ်မှာဆိုရင် နှစ်ပေါင်း ၆၀ အတွင်း အဆိုးရွားဆုံး.စံချိန်တင် ရေကြီးမှုဖြစ်ပွားပြီး လူသေဆုံးမှုရှိခဲ့ပါတယ်။
ဓာတ်ပုံ – လေးလေးသန်းအောင်
