တရုတ်နယ်စပ် ရင်ကျန်းဘက်မှာ အထောက်အထားမဲ့ မြန်မာလုပ်သားတွေကို ခပ်စိပ်စိပ် ဖမ်းဆီးပြီး မြန်မာဘက် ပြန်ပို့​နေ

စက်တင်ဘာ ၃၊ ၂၀၂၆
Shy V (VOM)
မြန်မာ – တရုတ် နယ်စပ်၊ ရင်ကျန်းဘက်မှာလတ်တလော ထောက်အထားမဲ့ မြန်မာ လုပ်သားတွေကို ခပ်စိပ်စိပ် ဖမ်းဆီးပြီး မြန်မာဘက် မူဆယ်ကို ပြန်ပို့တာတွေ ရှိလာတယ်လို့ မြန်မာလုပ်သားတွေဆီက သိရပါတယ်။
“ကျမတို့ ဝင်လာတာတောင် မကြာသေးဘူး။ ရင်ကျန်းမှာ အဖမ်းခံရလို့ ပြန်ပို့ ခံရတယ်။ ခု မူဆယ် ရောက်နေတယ်။ မနေ့ရဲ့ ရှေ့ညက ပြန်ပို့ခံရတာ။ ကျမတို့က ခိုးပေါက်ကနေ ဝင်လာတော့ အထောက်အထား မရှိလို့ ဖမ်းတာ။ ပိုက်ဆံတွေလည်း အများကြီး ကုန်နေပြီ။ အလုပ်လည်း ကောင်းကောင်း လုပ် မရတော့ဘူး။” လို့ မြန်မာ လုပ်သား မိန်းကလေး တယောက်က ပြောပါတယ်။
ပြီးခဲ့တဲ့ ဇွန်လကုန်ပိုင်းတုန်းကလည်း ရွှေလီမှာ အခန်းထဲထိ လာဖမ်းရောက် ဖမ်းဆီးခံရပြီး အချုပ်ခန်းမှာ တည အိပ်ရကာ တရားဝင်ဂိတ်ပေါက်ကနေ မဟုတ်ပဲ ညမိုးချုပ်တဲ့ အချိန် မူဆယ်ဘက်ကို နယ်ခြားစည်းရိုးကနေ သီးသန့် ဖောက်လုပ်ထားတဲ့ တံခါး ကျဉ်းကျဉ်းလေးကနေ အပို့ခံရတာလို့ သူက ပြောပါတယ်။
“ဒီရက်ပိုင်း ပြည်တော်ပြန်တွေ များတယ်။ တပတ်ကတ် သမားတွေလည်း အလုပ်​ပျောက်သွားရင် ဘယ်သူမှ အာမ မခံပေးတော့ဘူးလေ။ နေထိုင်ဖို့ သက်တမ်း လွန်တော့ ဖမ်းခံရတာ။ ပြည်တော်ပြန်တွေရှိရင် ပြည်တော်ပြန်တွေပဲ ဦးစားပေးတော့ စာအုပ် အနီ သမားတွေက နောက်ကပဲ တန်းစီရတာ” လို့ နယ်စပ် ဒေသခံ အမျိုးသမီး တယောက်က ပြောပါတယ်။
မြန်မာဘက် ပြန်ပြန်ပို့ခံရရင်လည်း တခါသုံး တပတ်ကတ် သမားတွေလည်း နေ့တိုင်း ဝင်နေကြတယ်လို့ သူက ပြောပါတယ်။
ရွှေ့ပြောင်း အလုပ်သမားတွေကတော့ မိမိနေရပ် အောက်ပြည် အောက်ရွာကနေ အိမ်၊ ခြံ၊ မြေ၊ လယ် တွေ ပေါင်၊ ရောင်းပြီး တက်လာတာရှိသလို တချို့က အကြွေးတွေနဲ့ တက်လာပြီး အလုပ်သွားလုပ်ကြတာ ဖြစ်ပေမယ့် အလုပ် ပြန်ပြောင်းရရင် အဝင်တုန်းက အာမခံပေးထားတဲ့ အလုပ်ရှင်မဟုတ်တော့တာကြောင့် အာမခံ ပေးသူ မရှိတော့သလို နေထိုင်ခွင့် သက်တမ်းလည်း မရှိတာကြောင့် အဖမ်းခံရတာလို့ သူက ရှင်းပြပါတယ်။
ရွှေ့ပြောင်း အလုပ်သမားတွေက ငွေမစုနိုင်တဲ့ အပြင် ပြန်ပို့ ခံရတာကြောင့် ဒုက္ခရောက်ရသလို တချို့ လုပ်သားတွေက ပွဲစားနဲ့ ခိုးပေါက်ကနေ ပြန်ဝင်ဝင်နေကြလို့ ပွဲစားတွေပဲ ချမ်သာသွားဝယ်လို့ ဆိုပါတယ်။
မြန်မာ – တရုတ် နယ်စပ်မှာတော့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ နှစ်ဖက် ခရိုင် အတွင်းက ဒေသခံတွေကတော့ နယ်စပ်ဖြတ်ကျော်ခွင် စာအုပ်တွေ ရှိကြပြီး တရားဝင်ဖြတ်သန်းသွားလာခွင့်၊ အလုပ်လုပ်ခွင့် ရှိတာ ဖြစ်ပါတယ်။
မြန်မာဘက်ခြမ်းမှာတော့ မူဆယ်ခရိုင် ဒေသခံတွေကလွဲလို့ တခြားဒေသခံတွေကတော့ တရုတ်နယ်စပ်ဘက် အလုပ်သွားလုပ်မယ်ဆိုရင် တရုတ်နယ်စပ်က တရုတ်လုပ်ငန်းရှင်‌တယောက်ယောက် ဒါမှမဟုတ် ကုမ္ပဏီရဲ့ အလုပ်ခေါ်စာလိုအပ်ပြီး ခေါ်စာရပါကလည်း ၇ ရက်သာ တရုတ်နယ်စပ်ဘက် နေထိုင်ခွင့် သက်တမ်းရှိတဲ့ တခါသုံးကတ် နဲ့ ဝင်ရောက်ကာ ခေါ်စာနဲ့ ခေါ်ပေးတဲ့ လုပ်ငန်းရှင် သူဌေး အာမခံနဲ့ နေထိုင် အလုပ်လုပ်ကြရတာ ဖြစ်ပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW