သူတို့အိမ်အခန်း (၂၀၄)

ဆူးငှက်

 

 

မန္တလေး မနော်ယမ္မံက အမေ့ခံများ
————————————–

 

 

မန္တလေးအကြောင်း ပြောကြပြီဆိုလျှင် မင်းတုန်းမင်း၊ အုတ်ကျစ်ကျော်ဧ မန္တလေး၊ တံခါးကြီး၁၂ရပ်၊ ၄၈ရပ်ပြာသာဒ်၊ မြို့တည်နန်းတည် ၇ဌာန၊ မဟာဂီတ၊ ပါတော်မူ၊ စိန်ဗေဒါ၊ မြို့မငြိမ်း၊ ဓားတန်ဦးသန့်၊ မြို့မတူရိယာအသင်း၊ မန်းရာပြည့်၊ အငြိမ့်၊ ဇာတ်နှင့် သဘင့်တက္ကသိုလ်၊ မန္တလေးရုပ်ရှင်နှင့် ဘဝသံသရာ၊ ယဉ်ကျေးမှုသင်္ကြန်နှင့် ရွှေမန်းတောင်ရိပ်ခို၊ ဦးကျားကြီးဝင်းမီးဘေးနှင့် ဝသုန္ဓရေလက်ရေး၊ ဒါတွေက မန္တလေး၏ မှတ်တိုင်များအဖြစ် အကြိမ်ကြိမ် ဆေးသုတ် ပြင်ဆင်ခြယ်မှုန်း ပြသ ခဲ့ကြသည်။ ထိုအချက်အလက်များပဲ ထုပ်ပိုးပြင်ဆင် အမည်ကပ် လက်ဆင့်ကမ်းခဲ့ကြသည်။ မန္တလေးမှာ အထင်က ရရှိခဲ့၊ ဖြစ်ပျက်ခဲ့၊ ထင်ရှားခဲ့သော်လည်း ခေတ်အဆက်ဆက် မေ့ခဲ့၊ မေ့ဟန်ဆောင်ခဲ့၊ ဥပက္ခာပြုခဲ့၊ မျက်နှာလွှဲခဲ့၊ အနှိမ်ခံခဲ့၊ နှိပ်ကွပ်ခဲ့၊ အနိုင်ကျင့်ခဲ့၊ သမိုင်းဖျောက်ခဲ့သည့် နေရာ လူစု အခွင့်အရေး ဝန်းကျင် တစ်ခုရှိခဲ့ဖူးသည်ကို မေ့လျော့ခဲ့ကြသည်။ မေ့တဲ့အထဲမှာ ကျွန်တော် ထိပ်ဆုံးကပါသည်။
ဒီနေရာမှာ ကျွန်တော့်ကို ကျွန်တော် ဘာလို့ တရေးတယူ ပြောရသလဲ ဆိုလျှင် လက်ရှိ တမန္တလေးတည်း မန္တလေး တစာစာ ရေးသူထဲတွင် ကျွန်တော်လည်း အများဆုံးထဲက တစ်ယောက် ဖြစ်နေလို့ပါပဲ။ ဒီအကြောင်းကို ကြားဖူးသည်။ အထူးသဖြင့် ဒေါ်ဒေါ်(လူထုဒေါ်အမာ) က ပြောပြဖူးသည်။ စာရွက်စာတမ်းတွေလည်း ထုတ်ပြဖူးသည်။ ဒေါ်ဒေါ်က သူ့အစ်မ နဂါးဒေါ်ဦးနှင့် ပတ်သက်ပြီး ရေးသားသောအခါ ဒီအကြောင်းတွေ ပါသည်။ ကျွန်တော်ကတော့ ဒီ ကိစ္စများနှင့် နဂါးဒေါ်ဦး ပတ်သက်နေတာ စိတ်ဝင်တစားနှင့် အံ့သြမိသည်။ ၃၅ အေလမ်း၊ ဝါခင်းကုန်း၊ ပြင်သစ်ရုံ၊ မနော်ယမ္မံ ဥယျာန်တန်း၊ အကောက်တဲ၊ ဝက်စလီ ရွာသာယာ နှင့် နဂါးရပ်ကွက်၊ ဦကောသုသာန် အဝင် လမ်းဘေးက ဇရပ်ကြီးများ…။
“ အေလမ်းနှင့် ဦးကောသုသာန် အဝင်ကြားမှာ အသားဇရပ်ကြီးများ ရှိဖူးသည်။ ထိုဇရပ်ကြီးများတွင် “အနာဂတ် လွတ်မြောက်ရေး ပြည်သူ့ စာကြည့် တိုက်” ဆိုတာ ရှိခဲ့သည်။ အထူးကိုယ်ရေရောဂါသည်များ အစည်းအရုံး (အ-က-ရ-စ)ဆိုတာလည်း ရှိခဲ့သည်။ ““အေ””လမ်း၏ တောင်ဘက်မှာ မနော်ရမ္မံဥယျာဉ်ရှိသည်။ ခရစ်သက္ကရာဇ် ၁၈၉၀ ပြည့်နှစ်၌ ဘုန်းတော်ကြီး ဂျွန်ဝေဟင်ဂါး (John Wehinger) သည် ထိုစဉ်အခါက မင်းကြီးဖြစ်ခဲ့ဖူးသည့် ဆာ ချားလ် ခရော့စ်သာဝိတ် အား အနာကြီးရောဂါသည်များအတွက် ဆေးရုံတစ်ရုံ ဆောက်လိုကြောင်း တင်ပြ၍ ၁၈၉၁ခု၊ ဇန်နဝါရီလတွင် မနော်ရမ္မံဥယျာဉ်တော်တွင် ဆေးရုံအဆောက်အုံ ပထမဆုံး ဆောက်ကာ လူနာများကို ကုသခဲ့သည်။ ခရစ်ယာန် သာသနာပြုများ ဦးစီး တည်ထောင်ခဲ့သော အနာကြီးစခန်းများ၊ ဆေးရုံများကို ၁၉၆၆ ခု ဇူလိုင်လ (၂၂)ရက်တွင် နိုင်ငံတော်အစိုးရက လွှဲပြောင်း တာဝန်ယူခဲ့သည်။

 

 

အေလမ်း မြောက်ဘက်မှာ ရှိခဲ့ဖူးသော အသားဇရပ်ကြီးတွေက စာကြည့်တိုက်သည်လည်းကောင်း၊ အစည်းအရုံးသည်လည်းကောင်း၊ အနာကြီး ရောဂါသည်များ ဇွဲမာန်အပြည့်ဖြင့် ထူထောင်ထားခဲ့သော လုပ်ငန်းများ ဖြစ်သည်။ ယခုစာကြည့်တိုက် ဆိုင်းဘုတ်ကလေး မတ္တရာမြို့နယ် ရေနံ့သာစခန်းအရှေ့ဘက်ရှိ တောင်ခြေ ဘုန်းကြီး ကျောင်းဝင်းထဲက ဇရပ်တစ်ဆောင်မှာ ရောက်နေသည်။”

 

ကျွန်တော့ မှတ်စုမှာက ဒါပဲရှိသည် ..။ ဒီထက်ပိုမသိ၊ သိဖို့လည်း အားမထုတ်ခဲ့။

 

 

 

မနော်ယမ္မံမှသည် နံ့သာမြိုင်သို့
———————————
ထိုမျှလောက်သာ သိသည်သာမက သူတို့နှင့် ပတ်သက်၍ ၁၉၉၆ခုနှစ် ဖေဖော်ဝါရီ ၃ ရက်နေ့က ရေနံ့သာ နံ့သာမြိုင် ကျေးရွာသစ်ကို မန္တလေးက စာရေးဆရာတွေ သွားရောက်ကြရာတွင် ကျွန်တော်က ရွာလယ်ဓမ္မာရုံပေါ်မှာ ခေါက်ရိုးကျိုး ကျေးဇူးတင်စကားတွေ ပဋိသန္တာရ စကားတွေ ထုံးစံအတိုင်းပြောကြရင်း ဇီးသီးဖွံ့ဖွံ့စိမ်းဝါဝါတွေကို ကိုယ့်လက်ကိုင်ပုဝါနှင့် (မနော်ယမ္မံဥယျာဉ်တန်းဇာတိ ရေနံ့သာ နံ့သာမြိုင်ရောက် ဘကြီးမြိုင်တို့ မရိပ်မိအောင်) ဖိပွတ်သုတ်ရင်း တဂျွန်းဂျွန်း ဝါးစားသည်။ သူတို့တိုက်သော ရေလည်း (ရေငတ်သော်လည်း) မသောက်နိုင်ခဲ့။

 

 

ကိုင်း ထိုသို့ အသိတိမ် အတွေးတိမ်လှသော ကျွန်တော်က နောက် ၂နှစ်ခန့်အကြာတွင် အဓမ္မဖယ်ရှာခံရ၍ အစဉ်အဆက်နေထိုင်ခဲ့ကြသော မနော်ယမ္မံ ဥယျာဉ်တန်းက အိမ်တွေဝင်းတွေကို ရသည့်ဈေးနှင့် ဝယ်ယူနိုင်ရန် မိတ်ဆွေက တကူးတကန့် ခေါ်ပြသော်လည်း ထိုနေရာသည် နောင်အခါတွင် အေလမ်းပေါ်က ငှက်ဖျားရုံးကို ဖြတ်ပြီး ၆၆လမ်းနှင့် တဆက်တည်း ဖောက်မှာပါဟု မည်သို့ပင် ပြောဆိုသော်ငြား အင်္ဂလိပ်လက်ထက်ကတည်းက သူတို့အတွက် သီးခြားနေထိုင်ရန် ဖွဲ့စည်း ပေးခဲ့သည့် ထိုရပ်ကွက်လေးကို ခေတ်အဆက်ဆက် အစိုးရတိုင်းက ဥပက္ခာပြု ပစ်ပယ်ထားသည်။ ထို့ကြောင့် မပြုမပြင်ရှိနေသည့် မည်ကာမတ္တလမ်းကိုပင် တစ်မြို့လုံးက အမှိုက်တွေ ပို့ကာ စုပုံထားလို့ တမျှော်တခေါ် တောင်လို ပုံနေသည်။

 

 

ရေမစီးတော့သည့် ဥယျာဉ်တန်းမြောင်းက ရေဆိုးတွေ၊ မိုးရွာထားလို့ ၁၂ရာသီ အိုင်ထွန်းနေသည့် ရေပုပ်တွေက အမှိုက်ပုံကြီးတွေအောက် ခိုအောင်းနေလို့ ထိုရေများက အိမ်ဝင်းတွေထဲထိ ရောက်ကာ ခြင်တသောသော ယင်တလောင်းလောင်း ဖြစ်နေသည်ကို အကြောင်းပြ၍ ကျွန်တော်က ငြင်းခဲ့ခြင်းဖြစ်သည်။ ခင်သော်ဇင် က ကျွန်တော့်ထက် ပိုဆိုးတာပေါ့။ ဝင်းကျယ်ကျယ်မှာ အဆောက်အဦးတွေ ဘယ်လိုကောင်းငြား အမှိုက်ပုံကြီးနှင့် ရေဆိုးတွေ အိုင်ထွန်းနေတာ မြင်ကတည်းက ကျွန်တော့်ကို လက်ကုပ်နေပါပြီ၊ ပြန်စို့တဲ့။ တကယ်တော့ ကိုယ့်မှာ အဆင်သင့် နေစရာလည်းရှိ ပိုက်ဆံလည်း ပိုလျှင်တော့ ပစ်ခတ်ကာ ဝယ်ထားသင့်တာပေါ့။ အခုတော့ ထိုနေရာက တကယ့် စားသောက်ဆိုင်တန်း စီးပွားရေးလမ်းမကြီး ဖြစ်သွားပါပြီ။ ကျွန်တော်ကြည့်ခဲ့သော နေရာတွေက သိန်းပေါင်း သိန်းချီ တန်နေပေါ့။ မတတ်နိုင်။

 

 

ကျွန်တော်နှင့် ကိုသန်းဦးတို့ မနက်တိုင်း ဒိတ်မှာဆုံပြီး မြေရှာခဲ့ကြတာ ထောင့်စေ့နေပြီ။ ထိုနေ့က ဒိတ်ကဖေး မှာ ဆုံကြပြီလက်ဖက်ရည် သောက်နေကြစဉ် မြစ်ကြီးနားမြို့ ဥတ္တရလမင်း စာအုပ်ထုတ်ဝေရေးက ဦးသန်းဆွေနှင့် ဆုံသောအခါ မန္တလေးစာရေးဆရာများကို ဖိတ်ကြားထားသဖြင့် မနော်ယမ္မံ က ပြောင်းရွှေ့ခံလိုက်ရသည့် အမေ့ခံ အပြစ်ပယ်ခံသူတို့ လတ်တလောနေထိုင်ရာ မတ္တရာ ရေနံ့သာ နံ့သာမြိုင်ရွာသို့ သွားကြရာတွင် ကျွန်တော်မလိုက်နိုင်သည့် အကြောင်းကိစ္စ ပြောပြဖြစ်သည်။

 

ကန်တော်ကြီးအရှေ့ခြမ်းက တိုက်ခန်းတွေ
————————————————
ထိုနေ့က တမ္ပဝတီဘက် ကန်တော်ကြီးအရှေ့ခြမ်း တိုက်ခန်းများကို သွားကြည့်ပြီး အိမ်ပြန်ရောက်တော့ အတော်မှောင်နေပြီ။ ထိုတိုက်ခန်းတွေက အဝေးကကြည့်သောအခါ ကန်တော်ကြီးဟု အမည်ပြောင်းထားသည့် တက်သိမ်းအင်းစပ်မှာ အတော်ပနံရလှသည်။ သည်လိုနှင့် တိုက်ခန်းအထိ သွားကြည့်တော့ ဘယ်လိုမှ အဆင်မပြေ။ တဲပေါ်မှ တိုက်ပေါ် စီမံချက်အရ ပေးသည့် တိုက်ခန်းများမို့ မူလပိုင်ရှင် လယ်သမား ကိုင်းသမားတွေက မြေညီထပ်တွင် သူတို့နွားတွေကို နွားစားကျင်းနှင့်အတူ တိုက်အောက်ထပ်သွင်းထားရသည်။ အပြင်မှာ နေရာမရှိ။ မြေညီထပ်ကလည်း မိုးရွာလို့ အင်းရေတက်လာလျှင် ခုတင်ပေါ် ထမင်းချက်ရသတဲ့။ ထိုတိုက်ခန်းများနှင့် တစ်ဆက်တည်း ကပ်ကျော်ဘုရားအနီးက စည်ပင်တိုက်ခန်းတွေကိုလည်း ကြည့်ကြတော့ အောက်ခြေဝန်ထမ်းတွေ ပေးတာတဲ့။ အပိုင်ရောင်းတာမဟုတ်။ အဆင်မပြေ၊ ထို့ကြောင့် မောမောပန်းပန်းနှင့် ပြန်ခဲ့ကြရသည်။

 

တိုက်ခန်းရောက်တော့ ခင်သော်ဇင်က ဆီးပြောသည်။ “နေ့လယ်က ကားအကောင်းစားနှင့် အန်ကယ်ကြီး တစ်ယောက် ကားနဲ့ လာသွားတယ်၊ ကိုဆူးငှက် အခန်းလားလို့မေးပြီး၊ ကျွန်တော့်ကိုလည်း ကိုဆူးဇနီး ထင်တယ်၊ ကိုဆူး မြေနေရာရှာနေတယ်ကြားလို့ပါ။ ဒါက သူ့ကို ကူညီတာပါ၊ ချေးတာလည်း မဟုတ်ပါဘူး၊ မြေနေရာလေးအတွက် တစ်တပ်တအား ကူညီတာပါ။ ပြန်ပေးစရာမလိုပါဘူး၊ မနက်ကလည်း ကိုဆူးကိုတွေ့ပါတယ်။ သူ့လက်ထဲထည့်ရင် အားနာနေမှာစိုးလို့ အခု လာပေးတာပါ ဆိုပြီး စာအိတ်လေး ပေးသွားတယ်၊ မြစ်ကြီးနားက ဦးသန်းဆွေ လာပေးတာလို့ ပြောလိုက်ပါတဲ့” ဟု ခင်သော်ဇင်က ပြောပြီး ကျွန်တော့်လက်ထဲ စာအိတ်လေး တစ်အိတ်ပေးသည်။ ဖွင့်ကြည့် လိုက်တော့ ပိုက်ဆံ တစ်သိန်းလေ၊ ကျွန်တော် မျက်ရည်လည်သွားသည်။ တစ်ဆက်တည်းပင် စိတ်ထဲမှ ကိုယ့်ကို ကူညီကြသူများ အမည်နှင့် ငွေကြေးကို တွက်ချက်ကြည့်မိသည်။

 

ဆူးငှက်

Related posts

Leave a Comment

VOM News

FREE
VIEW