စက်တင်ဘာ ၁၆ ၊ ၂၀၂၆
GG (VOM)
ရန်ကုန် – မန္တလေး အမြန်လမ်း ၁၄၄ မိုင်အနောက်ဘက် ၊ ပဲခူးတိုင်း ၊ အုတ်တွင်းမြို့နယ်ထဲက ကျေးရွာတချို့မှာ တိုက်ပွဲဖြစ်ပွားနေပြီး သေဆုံးသူတွေရှိနေသလို ရွာလုံးကျွတ်လည်း စစ်ဘေးရှောင်နေရတယ်လို့ သိရပါတယ်။
” မနေ့က သေတဲ့အထဲမှာ ကျွန်တော့သားလေးပါသွားတယ်။ အသက် ၂နှစ်နဲ့ ၁၇ ရက်ပဲရှိသေးတယ်။ ” လို့ ဖခင်ဖြစ်သူ ရွှေလောင်းရွာသားက ပြောပါတယ်။
အမြန်လမ်း ၁၄၄ မိုင်အနောက်ဘက်ရှိ ရွှေလောင်းကျေးရွာ ၊ ဘိုကုန်းရွာ ၊အင်းဝိုင်း ၊ ကရင်ရွာကြီး ဘက်တွေမှာ မနေ့က စက်တင်ဘာ ၁၅ ရက်နေ့ နေ့လယ်ပိုင်းလောက်ကစတဲ့ တိုက်ပွဲကြောင့် ကလေးငယ်အပါအဝင် လူခြောက်ယောက်လောက်သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူတွေရှိတယ်လို့ သိရပါတယ်။
” ဒရုန်းနဲ့ကြဲတာ မိသားစုသုံးယောက်သေတယ်။ နောက်ထပ် အဘိုးအိုတယောက် ၊ အမျိုးသမီး တယောက် ၊အမျိုးသားတယောက်လောက်သေတယ်။.ထိခိုက်ဒဏ်ရာ ရသူတွေလည်းရှိပေမယ့် ဒီဘက်ရောက်မလာဘူး။ တောထဲပဲ နေနေကြတယ်။သေတာက ဘိုကုန်းရွာကလည်းပါတယ်သိရတယ်။ အခုကတော့ တိုက်ပွဲဖြစ်တဲ့ရွာဘက်ကို သွားလို့ မရတော့ဘူး။
တောထဲရှောင်ကြသူရှိသလို ရွာကထွက်လာတဲ့သူတွေကို သူတို့မိတ်ဆွေတွေ ၊မိသားစုတွေရှိတဲ့ဆီကို သွားကြတယ်။ ” လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
လက်ရှိမှာ တိုက်ပွဲဖြစ်ပွားနေတဲ့ ကျေးရွာဒေသခံတွေမှာ ရွာလုံးကျွတ် စစ်ရှောင်နေကြရပြီး အစိုးရတပ်ဖွဲ့ဝင်တွေက တိုက်ပွဲဖြစ်တဲ့ ရွှေလောင်းရွာဘက်ကို သွားလာခွင့်ပိတ်ထားပြီး စစ်ရှောင်တွေကိုတော့ ထွက်ခွာခွင့်ပြုထားတယ်လို့ သိရပါတယ်။
ဒါကြောင့် စစ်ရှောင်မယ့်သူတွေကို ကူညီပေးနေတဲ့ လူမှုကူညီရေး အဖွဲ့တွေအနေနဲ့ ၁၄၁ မိုင်နဲ့ ၁၄၃ မိုင် နားမှာရှိတဲ့ ဇီးပင်သာရွာနဲ့ ပိတောက်ခင်ဘုန်းကြီးကျောင်းမှာ စုရပ်ထားပြီး စစ်ရှောင်တွေကို စောင့်ကာခေါ်ထုတ်ပေးနေတယ်လို့ သိရပါတယ်။
ဓာတ်ပုံ – CJ(စစ်ရှောင်တွေ ကူညီပေးနေပုံ)
