ဇူလိုင် ၂၄၊ ၂၀၂၄
Shy V (VOM)
လားရှိုး ထောင်ပွင့်သွားတယ်ဆိုတဲ့ သတင်း ကောလဟလသာဖြစ်ပြီး ဒီနေ့ ဇူလိုင်လ ၂၄ ရက်မှာလည်း တိုက်ပွဲ ဖြစ်ပွားနေဆဲဖြစ်ကြောင်း ဒေသခံတွေဆီက သိရပါတယ်။
“ပစ်လိုက် မပစ်လိုက်ပဲ။ လားရှိုး ထောင် ပွင့်တယ်ဆိုတာ မဟုတ်ပါဘူး။ စစ်တပ်ဘက်က အမြဲ လက်နက်ကြီး ပစ်နေတာ။ လေယာဉ်တွေနဲ့ကော ပစ် ဆိုတော့ လွယ်လွယ်နဲ့တော့ ဝင်လို့ မရပါဘူး။” လို့ လားရှိုး ဒေသခံ အမျိုးသား တစ်ဦးက ပြောပါတယ်။
နစက တပ်ဖွဲ့တွေကတော့ မြို့ထဲ နေရာ အနှံ့ နေရာယူထားကြကာ လက်နက်ကြီး ပစ်ကူတာတွေ လေယာဉ်နဲ့ ကင်းလှည့်နေတာတွေ တချိန်လုံး ရှိနေတယ်လို့ သူက ပြောပါတယ်။
တိုက်ပွဲက ငြိမ်နေတယ် ဆိုပေမယ့် ပုံသေတွက်လို့ မရပဲ ဖြစ်ချင်တဲ့ အချိန် ထဖြစ်တယ်လို့ သူက ပြောပါတယ်။
“၆၈ နဲ့ ၄၁ မကျပါဘူး။ တပ်စခန်းတွေတော့ မကျပါဘူး။ သတင်းတွေတော့ စခန်းကျပြီလို့ ထွက်နေတာပဲ။ ကာကင်း ဖြစ်မယ်။ ထွက်တဲ့သူတွေလည်း ထွက်ကုန် ဆိုတော့။” လို့ သူက ရှင်းပြပါတယ်။
ဒီနေ့တော့ လေယာဉ်ကွင်း မီးပွိုင်ဘက်နား နည်းနည်း အခြေအနေ ဆိုးနေတယ်လို့ ဒေသခံ အမျိုးသမီး တယောက်က ပြောပါတယ်။
စခန်းတွေ ကျခဲ့ ရင်တော့ လက်နက်ကြီးနဲ့ လေကြောင်းနဲ့ ပစ်နေတာကြောင့် စခန်းချ နေထိုင်ဖို့ မဖြစ်နိုင်းဘူးလို့ နောက်ထပ် ဒေသခံ တယောက်က ပြောပါတယ်။
၆၈ တပ်စခန်းကြီး ကျသွားတာ မဟုတ်ပဲ ၆၈ နားဘက်က မိုင်းတင် စခန်းကျတာဖြစ်ကာ ၄၁ တပ်ဘက်ကလည်း ကာကင်းစခန်း တစ်ခု ကျတယ်လို့ သိရတယ် လို့ ဆိုပါတယ်။
ခလရ – ၄၁ စစ်ကြောရေး မှာ ပို့ဆောင်ခံထားရတဲ့ နိုင်ငံရေး အကျဉ်းသားတွေ လွတ် မြောက်လာ တယ်လို့ သတင်းတွေ ထွက်ပေါ်နေပေမယ့် အသေးစိတ်တော့ မသိရဘူးလို့ ဒေသခံတွေက ပြောပါတယ်။
MNDAA သိမ်းပိုက် ထိန်းချုပ်ထားတဲ့ လောက်ကိုင်မြို့ဘက်တော့ ဒီရက်ပိုင်းအတွင်း ရက်ဆက် လေကြောင်း ကြဲခံရတာရှိပြီး ဒေသခံတွေအများစုက နယ်စပ်ဘက်နဲ့ ဝ ပြည်ဘက် စစ်ရှောင် သွားကြတယ်လို့ ဆိုပါတယ်။
ဇူလိုင်လ ၃ ရက်နေ့ကစ လားရှိုး နဲဘ အနီးဝန်းကျင် ပတ်ပတ်လည်ကို MNDAA နဲ့ ပူးပေါင်း တပ်ဖွဲ့ တွေက ထိုးစစ်ဆင် တိုက်ခိုက်နေတာ ဖြစ်ပါတယ်။
Photo Crd# ဒေသခံ
#voiceofmyanmar#VOM#လားရှိုး ထောင်ပွင့်သွားတယ်ဆိုတဲ့ သတင်း ကောလဟလသာဖြစ်ပြီး တိုက်ပွဲ ဖြစ်ပွားနေဆဲ#