မြင်းခြံဓာတ်အားပေးစက်ရုံ ပြန်လည် လည်ပတ်‌နေပြီလို့ စင်ကာပူအခြေစိုက် ကုမ္ပဏီပြော



ဩဂုတ် ၂၄ – ၂၀၂၄
SN (VOM)

တိုက်ပွဲတွေကြောင့် ရပ်ဆိုင်းခဲ့ရတဲ့ မန္တလေးတိုင်း၊ မြင်းခြံမြို့က ဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံတွေ ပြန်လည် လည်ပတ်နေပြီလို့ စင်ကာပူအခြေစိုက် Sembcorp Industries (Sembcorp) က မနေ့ ဩဂုတ် ၂၃ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

Sembcorp Industries ကုမ္ပဏီအနေနဲ့ မြင်းခြံမြို့အတွင်းက တိုက်ပွဲ အခြေအနေတွေကြောင့် သူတို့ရဲ့ ဓာတ်အား ပေးစက်ရုံကို ယာယီ ရပ်ဆိုင်းလိုက်တယ်လို့ ဩဂုတ် ၁၂ ရက်မှာ အသိပေး ကြေညာခဲ့တာ ဖြစ်ပါတယ်။

ကုမ္ပဏီက “စက်ရုံအနီးဝန်းကျင်တဝိုက်မှာ ပဋိပက္ခအခြေအနေတွေ လျော့ပါးသွားပြီး ကုမ္ပဏီဝန်ထမ်းတွေအတွက် အန္တရာယ်မရှိတော့တာကြောင့် စက်ရုံ ပြန်လည်ပတ်တာဖြစ်ပါတယ်။ စက်ရုံမှာ လုပ်ကိုင်နေတဲ့ ဝန်ထမ်းတွေ လျှပ်စစ်ဓာတ်အားပေး စက်ရုံကို ပြန်လာဖို့ ဘေးကင်းမှု ရှိ၊ မရှိ ဆိုတာကိုလည်း အကဲဖြတ်သွားမှာ ဖြစ်ပါတယ်” လို့ အသိပေး ပြောကြားထားပါတယ်။

လက်ရှိမှာ စက်ရုံတွေကို မြန်မာအစိုးရပိုင် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးအဖွဲ့ရဲ့ သတ်မှတ်စည်းကမ်းတွေအတိုင်း ပြန်လည် လုပ်ကိုင်နေတာဖြစ်ပြီး အဲဒီ ဓာတ်အားပေးစက်ရုံမှာ တာဝန်ထမ်းဆောင်နေတဲ့ ဝန်ထမ်းတွေရဲ့ ဘေးကင်းလုံခြုံရေးက အဓိက အရေးကြီးဆုံးဖြစ်တာကြောင့် အခြေအနေကို အနီးကပ် စောင့်ကြည့်လျက်ရှိတယ်လို့ Sembcorp Industries ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဓာတ်အားပေးစက်ရုံ ယာယီ ရပ်နားခဲ့ရစဉ်က မဟာဓာတ်အားလိုင်းသို့ လျှပ်စစ်ဓာတ်အားပို့လွှတ်မှု လျော့ကျခဲ့ရတဲ့အတွက် ရန်ကုန်တိုင်း၊ မြို့နယ်တချို့နဲ့ စက်မှုဇုန်တွေမှာ ဓာတ်အားပြတ်တောက်မှုတွေ ဖြစ်ပေါ်ခဲ့ပါသေးတယ်။

လျှပ်စစ်ဓာတ်အား ၂၂၅ မီဂါဝပ် ထုတ်လုပ်ပြီး အမေရိကန်ဒေါ်လာ သန်း ၃၀၀ ရင်းနှီးမြှုပ်နှံထားတဲ့ Sembcorp စက်ရုံဟာ မြင်းခြံမြို့အနီးက အမှတ် (၁) သံမဏိစက်ရုံအနီးမှာ တည်ရှိပြီး ၂၀၁၉ ခုနှစ်ကတည်းက စတင်လည်ပတ်ခဲ့တာဖြစ်ပါတယ်။

ဒါအပြင် အမှတ် (၁) သံမဏိစက်ရုံ (မြင်းခြံ) ဟာလည်း ဩဂုတ် ၁၆ ရက်၊ ညပိုင်းက လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ တိုက်ခိုက်မှုကြောင့် စက်ရုံလည်ပတ်မှု ရပ်ဆိုင်းလျက်ရှိတယ်လို့ သိရပါတယ်။

မြင်းခြံခရိုင်မှာ သြဂုတ် ၁၀ ရက် မနက်အစောပိုင်းမှ စတင်ကာ ဒေသတွင်း လက်နက်ကိုင်တပ်ဖွဲ့တွေက အထူးစစ်ဆင်ရေးအနေနဲ့ မြင်းခြံ၊ နွားထိုးကြီး၊ တောင်သာ မြို့နယ်တွေက နစကတပ်စခန်းတွေနဲ့ တပ်စွဲရာနေရာတွေကို တချိန်တည်း ထိုးစစ်ဆင်တိုက်ခိုက်နေတာ ဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိအချိန်အထိ စစ်ရေးတင်းမာနေဆဲဖြစ်ပြီး သြဂုတ် ၂၃ ရက်နေ့၊ မနက်ပိုင်းကလည်း မြင်းခြံမြို့ပေါ်ရှိ EPC ရုံး မိုင်းခွဲတိုက်ခိုက်ခံခဲ့ရမှု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒါအပြင် မြင်းခြံ – တောင်သာနဲ့ မြင်းခြံ – နွားထိုးကြီးလမ်းပိုင်းမှာ တိုက်ပွဲတွေ အချိန်မရွေး ဖြစ်ပေါ်လာနိုင်တာကြောင့် ခရီးသွားပြည်သူတွေအနေနဲ့ အထူးဂရုပြုသွားလာကြဖို့ Freedom Fighter Guerrilla Force (FFGF) မြင်းခြံက သြဂုတ် ၁၉ ရက်နေ့မှာ အသိပေး ထုတ်ပြန်ထားပါတယ်။

Photo:CJ

Related posts

Leave a Comment

VOM News

FREE
VIEW