သပိတ်ကျင်းမြို့ကို ဒေသတွင်းလက်နက်ကိုင်တပ်တွေ ထိန်းချုပ်

ဩဂုတ် ၂၆ – ၂၀၂၄
SN (VOM)
မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့ကို မနေ့ ဩဂုတ် ၂၅ ရက်နေ့မှာ ဒေသခံ လက်နက်ကိုင်တပ်တွေ တိုက်ခိုက် ထိန်းချုပ်နိုင်ခဲ့တယ်လို့ သိရပြီး တိုက်ပွဲအတွင်း စစ်ရှောင်နေရတဲ့ ပြည်သူတွေအတွက် စားနပ်ရိက္ခာနဲ့ ဆေးဝါးတွေ လိုအပ်နေတယ်လို့ ဒေသခံနဲ့ စစ်ရှောင်အရေး ဆောင်ရွက်နေသူတွေဆီက သိရပါတယ်။
လက်ရှိမှာ တိုက်ပွဲတွေကြောင့် သပိတ်ကျင်းမြို့နယ်ရှိ ကျေးရွာအများအပြားမှ ဒေသခံထောင်နဲ့ချီ ထွက်ပြေးတိမ်းရှောင်နေရသလို အဲဒီ မြို့နယ်အတွင်းမှာ မိုးကုတ်နဲ့ မိုးမိတ်မြို့နယ်တွေက စစ်ရှောင်တွေလည်း ရှိနေတယ်လို့ သိရပါတယ်။
“အဓိက က ဆန်လိုအပ်တာပါ။ စစ်ရှောင်တွေက များလာတော့ ဆန်က အတော်လေးကို မလောက်မငှ ဖြစ်နေပြီ။ အရေးပေါ်အခြေအနေနဲ့ လိုအပ်တာကတော့ ဆန်၊ စားနပ်ရိက္ခာပေါ့။ ဆေးဝါးတွေလည်း လိုအပ်တယ်။ ဒီဘက်ကလူတွေက စစ်ရှောင်တယ်ဆိုတာကို အတွေ့အကြုံလည်း မရှိကြသေးတော့ အတော်လေးကို ဒုက္ခရောက်ကြတယ်” လို့ စစ်ရှောင်အရေး ကူညီဆောင်ရွက်နေသူက ပြောပါတယ်။
လက်ရှိမှာ စစ်ရှောင်အများစုဟာ မန္တလေးမြို့နဲ့ တိုက်ပွဲဖြစ်ပွားခြင်း မရှိသေးတဲ့ ကျေးရွာတွေမှာ စစ်ရှောင်ကြသလို ဘေးလွတ်ရာ တောတောင်တွေထဲနဲ့ ဒေသတွင်း လက်နက်ကိုင်တပ်တွေ ဖွင့်လှစ်ပေးထားတဲ့ စစ်ရှောင်စခန်းတွေမှာလည်း ခိုလှုံနေကြတယ်လို့ သိရပါတယ်။
သပိတ်ကျင်း တိုက်ပွဲအတွင်း လက်နက်ကြီးကြောင့် ခုနစ်မိုင်၊ ကိုးမိုင်၊ ဝါးဖြူတောင်၊ တွင်းငယ်၊ ချောင်းကြီးရွာအပြင် သပိတ်ကျင်းမြို့ပေါ်က နေအိမ်တွေနဲ့ သာသနိကအဆောက်အအုံတချို့ မီးလောင်ခဲ့ပြီး သပိတ်ကျင်းမြို့ရဲ့ သုံးပုံတပုံခန့် ပျက်စီးခဲ့ကာ လူအသေအပျောက်ကိုတော့ မသိရှိရသေးဘူးလို့ စစ်ရှောင်အရေး ဆောင်ရွက်နေသူတွေက ပြောပါတယ်။
လက်ရှိမှာ ဒေသတွင်းလက်နက်ကိုင်တပ်တွေ ထိန်းချုပ်ထားတဲ့ သပိတ်ကျင်းမြို့နယ်ဟာ မန္တလေးတိုင်း၊စစ်ကိုင်းတိုင်းနဲ့ ကချင်ပြည်နယ်တို့ကို ချိတ်ဆက်နိုင်တာကြောင့် စစ်ရေးအရသာမက လမ်းပန်းဆက်သွယ်ရေးအရပါ အရေးပါတဲ့ ဒေသဖြစ်ပြီး ရွှေထွက်ရှိရာ ဒေသလည်းဖြစ်ကာ ရွှေလုပ်ကွက်များစွာရှိတယ်လို့ သိရပါတယ်။
ဒေသတွင်း လက်နက်ကိုင်တပ်တွေဟာ ပြီးခဲ့တဲ့ ဇူလိုင်လအတွင်းက စဉ့်ကူးမြို့အပါအဝင် စဉ့်ကူးနယ် ထိန်းချုပ်နိုင်ခဲ့တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။
လက်ရှိမှာတော့ ပင်လယ်ဘူး၊ ထီးချိုင့်၊ အင်းတော်မြို့တွေက နစကတပ်စခန်းတွေကိုလည်း ဆက်လက် ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိကာ နစကစခန်းအများအပြားကို သိမ်းပိုက်ထားပြီးဖြစ်တယ်လို့ သိရပါတယ်။
နစကဘက်ကတော့ သပိတ်ကျင်းကို ဒေသတွင်းလက်နက်ကိုင်အဖွဲ့တွေ ထိန်းချုပ်လိုက်တယ်ဆိုတဲ့သတင်းနဲ့ပတ်သက်ပြီး တစုံတရာ ထုတ်ပြန်တာမျိုး မရှိသေးပါဘူး။
Photo:CJ

Related posts

Leave a Comment

VOM News

FREE
VIEW