တိုင်းနဲ့ ပြည်နယ်တချို့မှာ လက်နက်ကြီးကြောင့် ၁၁ ရက်အတွင်း ဒေသခံ အယောက် ၂၀ ခန့် သေဆုံးပြီး ၂၂ ယောက်ခန့် ဒဏ်ရာရ



ဩဂုတ် ၂၇ – ၂၀၂၄
SS (VOM)

မြန်မာနိုင်ငံက တိုင်းနဲ့ ပြည်နယ်တချို့မှာ လက်နက်ကြီးကြောင့် ငါးရက်အတွင်း ဒေသခံ အယောက် ၂၀ ခန့် သေဆုံးပြီး ၂၂ ယောက်ခန့် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံတွေနဲ့ လူမှုကူညီရေး အသင်းတွေဆီက သိရပါတယ်။

ခင်ဦး၊ နွားထိုးကြီး၊ အင်းတော်၊ လောင်းလုံး၊ ယင်းမာပင်၊ ကသာ၊ မုံရွာ၊ ရေစကြို၊ ဆားလင်းကြီး၊ သီပေါ စတဲ့ မြို့နယ်တွေမှာ လက်နက်ကြီး ကျရောက်မှုတွေ ဖြစ်ပွားခဲ့တာ ဖြစ်ပြီး ဒေသခံပြည်သူတွေ ထိခိုက် သေဆုံးခဲ့ရတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ် ၁၆ ရက်က စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်၊ နဘားရွာမှာ တိုက်ပွဲ ဖြစ်ပွားစဉ်အတွင်း လက်နက်ကြီး ကျရောက်မှုကြောင့် အသက် ၁‌၃ နှစ်အရွယ် အမျိုးသမီးငယ်တယောက် သေဆုံးပြီး သုံးယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့သလို အင်းတော်မြို့မှာလည်း အမျိုးသားနှစ်ယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

သြဂုတ်လ ၁၈ ရက်နေ့ကလည်း ရှမ်းပြည်နယ်၊ သီပေါမြို့၊ နားမုံရပ်ကွက်အတွင်း လက်နက်ကြီး ကျရောက်ပေါက်ကွဲကာ အမျိုးသား နှစ်ယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ဩဂုတ် ၁၉ ရက်ကလည်း စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ် အနောက်ခြမ်း၊ ဗအိုးရွာကို လက်နက်ကြီး ကျရောက်မှုကြောင့် ပြည်သူတယောက် သေဆုံးပြီး နှစ်ယောက် ပြင်းထန်ဒဏ်ရာ ရရှိတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

“တိုက်ပွဲမရှိဘဲ လက်နက်ကြီး ကျလာတာ။ ရွာထဲနဲ့ လယ်ကွင်းတွေထဲကျတယ်။ ရွာထဲကျတာကတော့ တယောက်သေသလို လူနေအိမ် ၁၀ လုံးလောက်လည်း ပျက်စီးသွားတယ်။ ဒဏ်ရာ ရတဲ့သူနှစ်ယောက်မှာ တယောက်က အသက် ၁၂ အရွယ် ကလေးတယောက်ပါတယ်” လို့ ဒေသခံတယောက်က ပြောပါတယ်။

အလားတူ မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်မှာလည်း ဩဂုတ် ၂၀ ရက်က အဲဒီမြို့ရဲ့ အနောက်တောင်ဘက် ၁၆ မိုင်ကျော်အကွာရှိ ကွမ်းအုံကျေးရွာမှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီး ကျရောက်မှုကြောင့် ဒေသခံ နှစ်ယောက် သေဆုံးပြီး ရဟန်းတပါး အပါအဝင် လေးယောက် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

အဲဒီ ဩဂုတ် ၂၀ ရက်နေ့မှာပဲ မကွေးတိုင်း၊ ရေစကြိုမြို့၊ အမှတ် (၈) စိတ္တသုခ (တောင်ပိုင်း) ရပ်ကွက်မှာ လက်နက်ကြီးကျရောက်ပြီး ဆွမ်းလောင်းနေတဲ့ အသက် ၆၀ အရွယ် အမျိုးသမီးတယောက်နဲ့ ဆွမ်းခံ ကိုရင်တပါး သေဆုံးခဲ့သလို အဲဒီရပ်ကွက်က ဝေဠုဝန် ကျောင်းတိုက်ထဲကိုလည်း လက်နက်ကြီး ထပ်မံ ကျရောက်ခဲ့တာကြောင့် ဆွမ်းခံကနေ ပြန်ကြွလာတဲ့ ဦးပဉ္ဇင်းတပါး ပျံလွန်တော်မူခဲ့တယ်လို့ သိရပါတယ်။

သြဂုတ် ၂၂ ရက်ကလည်း တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ ထိန်တွင်းရွာကို လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့ပြီး အသက် ၈၀ ကျော်အရွယ် အဘွားတယောက် သေဆုံးခဲ့တယ်လို့ ဒေသခံတယောက်က ပြောပါတယ်။

အဲဒီ သြဂုတ် ၂၂ ရက်နေ့မှာပဲ စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ပေကုန်းရွာထဲ လက်နက်ကြီး ကျရောက်ခဲ့တာကြောင့် လယ်ယာလုပ်ငန်းခွင်ဝင်နေတဲ့ အမျိုးသားတယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ထပ်မံပြီး အဲဒီ ဩဂုတ်လ ၂၂ ရက်နေ့၊ တရက်တည်းမှာပဲ စစ်ကိုင်းတိုင်း၊ ကသာမြို့ရှိ ပတ္တမြားရပ်ကွက်က သံလမ်းဘေးကို လက်နက်ကြီး ကျရောက် ပေါက်ကွဲခဲ့တာကြောင့် ဦးပဥ္ဇင်း သုံးပါးနဲ့ အမျိုးသား နှစ်ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။

ဩဂုတ် ၂၃ ရက်နေ့ကလည်း စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ဖောင်းကတာရွာထဲ လက်နက်ကြီး ကျရောက်ပေါက်ကွဲပြီး အသက် ၁၃ နှစ်အရွယ် မိန်းကလေးတယောက်နဲ့ အမျိုးသမီးတယောက် ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဩဂုတ် ၂၄ ရက်မှာလည်း ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ သီပေါမြို့၊ ဘုရားကြီးကုန်းပေါ်ကို လက်နက်ကြီး ကျရောက် ပေါက်ကွဲမှုကြောင့် ဒေသခံပြည်သူတယောက် သေဆုံးပြီး နှစ်ယောက် ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။

သီပေါမြို့မှာပဲ ဩဂုတ်လ ၂၄ ရက်နေ့ကလည်း လက်နက်ကြီးကျလို့ အရပ်သားနှစ်ယောက် သေဆုံးပြီး တယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့သလို ဩဂုတ် ၂၅ ရက်ကလည်း သီပေါမြို့၊ အနောက်ရပ်ကွက်၊ လှိုင်းတက် လမ်းကြားမှာ လက်နက်ကြီးကျပြီး ဒေသခံတယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ဒါအပြင် ဩဂုတ် ၂၆ ရက်ကလည်း မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ ကျွဲတလင်းရွာထဲ လက်နက်ကြီး ကျရောက်မှုကြောင့် ပြည်သူ တယောက် သေဆုံးခဲ့ကာ သုံးယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။

ဒီကနေ့ ဩဂုတ် ၂၇ ရက်မှာလည်း ရှမ်းပြည်နယ် (မြောက်ပိုင်း) သီပေါမြို့မှာ လက်နက်ကြီးတွေ ကျရောက်ခဲ့မှုကြောင့် ဒေသခံ နှစ်ယောက် သေဆုံးသွားတယ်လို့ တအာင်းတပ်မတော် (TNLA) က သတင်း ထုတ်ပြန်ပါတယ်။

အခု ဖော်ပြခဲ့တဲ့ ဖြစ်စဉ်တွေဟာ VOM က လက်လှမ်းမီသမျှ စုစည်းထားတဲ့ သတင်းအချက်အလက်တွေဖြစ်ပြီး လက်နက်ကြီးကြောင့် တခြား ထိုခိုက် သေဆုံးမှု ဖြစ်စဉ်တချို့လည်း ရှိနေနိုင်ပါသေးတယ်။

Photo:CJ

Related posts

Leave a Comment

VOM News

FREE
VIEW