၂၀၂၀ ခုနှစ်မှာ ထောင်ချခံရတဲ့ သတင်းသမားအရေအတွက် စံချိန်တင်

နယူးယောက်၊ ဒီဇင်ဘာ-၂၀၂၀
မျိုးဆက် (VOM)

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုအပေါ် အစိုးရတွေရဲ့ တုံ့ပြန်မှုတွေနဲ့ လူထုအုံကြွမှုတွေမှာ သတင်းထောက်တွေရဲ့ သတင်းရယူတာတွေအပေါ် သက်ဆိုင်ရာအစိုးရတွေရဲ့ ဖိနှိပ်မှုတွေကြောင့် ၂၀၂၀ ခုနှစ်အတွင်းမှာ ထောင်ချခံခဲ့ရတဲ့ သတင်းထောက်အရေအတွက် စံချိန်တင်ခဲ့တယ်လို့ သတင်းသမားကာကွယ်ရေးကော်မတီက ဒီဇင်ဘာ ၁၅ ရက်မှာ ပြောပါတယ်။

ကမ္ဘာတစ်ဝန်းမှာ ဒီဇင်ဘာ ၁ ရက်နေ့အထိ ထောင်ကျနေတဲ့ သတင်းသမားဦးရေဟာ ၂၇၄ ဦးထက်မနည်းရှိနေပြီး ယမန်နှစ်က ၂၅၀ ဦးသာရှိခဲ့ပါတယ်။

ဒီအရေအတွက်ဟာ နယူးယောက်အခြေစိုက် ဂျာနယ်လစ်ကာကွယ်ရေးကော်မတီက ၁၉၉၀ပြည့်နှစ် အစောပိုင်းကာလတွေမှာ အချက်အလက်တွေစတင် ပြုစုကတည်းက စံချိန်တင်အရေအတွက်ဖြစ်ပါတယ်။

သတင်းသမားတွေဖမ်းဆီးခံရတဲ့ ဖြစ်ရပ်အများစုကတော့ ဆန္ဒပြမှုတွေနဲ့ နိုင်ငံရေးတင်းမာမှုတွေကြောင့်ဖြစ်ပြီး တရုတ်၊ တူရကီ၊ အီဂျစ်၊ ဆော်ဒီအာရေဗျတို့မှာ ဖမ်းဆီးမှုတွေ အများဆုံးဖြစ်ပွားခဲ့ပါတယ်။

ကိုဗစ်-၁၉ ကပ်ရောဂါကာလမှာလည်း အာဏာရှင်ခေါင်းဆောင်တွေဟာ သတင်းသမားတွေကို ဖမ်းဆီးခြင်းအားဖြင့် သတင်းတွေကိုထိန်းချုပ်ဖို့ ကြိုးစားခဲ့ကြပါတယ်။

အကျဉ်းထောင်ထဲမှ ရောဂါကူးစက်မှုကြောင့် သတင်းသမားနှစ်ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ သတင်းသမားကာကွယ်ရေး ကော်မတီရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ကမ္ဘာ့ကပ်ရောဂါကာလအတွင်းမှာ ထောင်ကျနေတဲ့ သတင်းသမားအရေအတွက် စံချိန်တင်နေတာကို တွေ့မြင်ရတာဟာ တုန်လှုပ်ခြောက်ခြားဖွယ်ဖြစ်တယ်လို့ ကော်မတီရဲ့အမှုဆောင်ညွှန်ကြားရေးမှူး ဂျိုးဆိုင်မွန်က ပြောပါတယ်။

Ref : Reuters
Photo: Reuters
#voiceofmynmar #VOM #နယူးယောက်

Related posts

Leave a Comment

VOM News

FREE
VIEW