အမေရိကန်စစ်သားတဦး မြောက်ကိုရီးယားနိုင်ငံထဲ ခွင့်ပြုချက်မဲ့၀င်ရောက်လို့ ဖမ်းဆီးခံရပြီးနောက် အဆက်အသွယ်ပြတ်တောက်နေ

ပြုံးယမ်း၊ ဇူလိုင်-၁၉-၂၀၂၃
မျိုးဆက်(VOM)

မြောက်ကိုရီးယားနိုင်ငံအတွင်းကို ခွင့်ပြုချက်မရှိဘဲ ဖြတ်ကျော်၀င်ရောက်ခဲ့တဲ့ အမေရိကန်စစ်သားတဦးကို မြောက်ကိုရီးယားက ဖမ်းဆီးထိန်းသိမ်းလိုက်ပါတယ်။

အဲဒီအမေရိကန်စစ်သားဟာ တောင်ကိုရီးယားနဲ့ မြောက်ကိုရီးယားနိုင်ငံအကြား ပိုင်းခြားထားတဲ့ စစ်မဲ့ဇုန်ထဲက ကုလသမဂ္ဂရဲ့ကြီးကြပ်မှုနဲ့ ဖွင့်လှစ်ထားသည့်နေရာတခုကို လေ့လာရေးခရီးလိုက်ပါရင်း မြောက်ကိုရီးယားနိုင်ငံအတွင်း ခွင့်ပြုချက်မဲ့ ၀င်ရောက်ခဲ့တာဖြစ်ပါတယ်။

မြောက်ကိုရီးယားနဲ့ အမေရိကန်တို့အကြား တင်းမာမှုတွေမြင့်တက်နေချိန်မှာ အမေရိကန်နိုင်ငံသားတွေ မြောက်ကိုရီးယားကို မသွားဖို့ အမေရိကန်က ညွှန်ကြားထားပြီး ဖမ်းဆီးခံထားရတဲ့ စစ်သားနဲ့ အဆက်အသွယ်ပြတ်နေကြောင်း အမေရိကန်စစ်တပ်တာ၀န်ရှိသူတဦးကပြောပါတယ်။

ဖမ်းဆီးခံရသူဟာ အမေရိကန်စစ်တပ်က ဒုတိယအဆင့်တပ်သား ထရာဗစ်ကင်းဆိုသူဖြစ်ပြီး ဖြစ်စဉ်ကို စုံစမ်းစစ်ဆေးနေကြောင်း အမေရိကန်တာ၀န်ရှိသူတွေကပြောသည်။

သူဟာ မြောက်ကိုရီးယားဘက်ကို ဘက်ပြောင်းခြင်း သို့မဟုတ် ပြန်လာနိုင်ရေးနဲ့ပတ်သက်ပြီး ရှင်းလင်းစွာမသိရသေးပါဘူး။ သူဟာ တောင်ကိုရီးယားမှာ တာ၀န်ကျနေစဉ် စည်းကမ်းဖောက်ဖျက်မှုနဲ့ အရေးယူခံထားရသူဖြစ်ပါတယ်။

အမေရိကန်စစ်သားကို ဖမ်းဆီးထိန်းသိမ်းလိုက်ပြီးနောက် နာရီအနည်းငယ်အကြာမှာ မြောက်ကိုရီးယားဟာ ပဲ့ထိန်းဒုံးကျည်နှစ်စင်းကို ဇူလိုင် ၁၉ ရက်က ဂျပန်ပင်လယ်ထဲကို ပစ်ခတ်ခဲ့ကြောင်း တောင်ကိုရီးယားစစ်တပ်က ဇူလိုင် ၁၉ ရက်မှာ ထုတ်ပြန်ထားပါတယ်။

Ref:BBC
Photo:AFP
#voiceofmyanmar #VOM #ပြုံးယမ်း

Related posts

Leave a Comment

VOM News

FREE
VIEW