ဂျေရုဆလင်၊ ဇူလိုင်-၂၅-၂၀၂၃
မျိုးဆက်(VOM)
အစ္စရေးနိုင်ငံမှာ တရားရုံးချုပ်ရဲ့ လုပ်ပိုင်ခွင့်အာဏာကို ကန့်သတ်ဖို့ အငြင်းပွားဖွယ်ဥပဒေတရပ်ကို ပါလီမန်က အတည်ပြုလိုက်ပြီးနောက် ဆန္ဒပြသူတွေနဲ့ရဲတပ်ဖွဲ့တို့အကြား ဇူလိုင် ၂၄ ရက်ညမှာ အဓိကရုဏ်းတွေ ဖြစ်ပွားခဲ့ပါတယ်။
အဲဒီလိုဥပဒေပြင်ဆင်ပြောင်းလဲမှုတွေကြောင့် ကျိုးကြောင်းဆီလျော်မှုမရှိဘူးလို့ ယူဆရတဲ့ အစိုးရရဲ့လုပ်ဆောင်ချက်တွေအပေါ် တရားရုံးချုပ်က ၀င်ရောက်စွက်ဖက်မှုကို အစ္စရေးအစိုးရက တားဆီးနိုင်မှာဖြစ်ပါတယ်။
အဲဒီလိုပြုပြင်ပြောင်းလဲမှုဟာ အစ္စရေးဒီမိုကရေစီကို ခြိမ်းခြောက်နေတယ်လို့ ဝေဖန်သူတွေက ပြောပါတယ်။
ဇူလိုင် ၂၄ ရက် ညပိုင်းမှာ ဂျေရုဆလင်နဲ့ တဲလ်အဗစ်တို့မှာ ရဲတွေက အဝေးပြေးလမ်းတွေကို ပိတ်ဆို့ထားကာ ဆန္ဒပြသူတွေကို လူစုခွဲဖို့ မီးသတ်ပိုက်တွေ အသုံးပြုခဲ့ကြပါတယ်။
တရားစီရင်ရေးစနစ်ပြုပြင်ပြောင်းလဲဖို့ စီစဉ်နေခြင်းနဲ့ပတ်သက်ပြီး လွန်ခဲ့တဲ့ လပေါင်းများစွာကတည်းက လမ်းပေါ်ထွက်ဆန္ဒပြမှုတွေ ဖြစ်ပွားခဲ့ပြီး ဇူလိုင် ၂၄ ရက်မှာ ပါလီမန်ကအတည်ပြုမှုဟာ ၀န်ကြီးချုပ် နေတန်ယာဟုအတွက် အရေးပါတဲ့ အောင်မြင်မှုတရပ်ဖြစ်ပါတယ်။
နိုင်ငံရေးလေ့လာစောင့်ကြည့်အဖွဲ့တဖွဲ့နဲ့ အစ္စရေးအတိုက်အခံခေါင်းဆောင် ယာလာပစ်တို့က တရားစီရင်ရေးစနစ် ပြုပြင်ပြောင်းလဲတဲ့ဥပဒေကို ဖျက်သိမ်းရေးအတွက် ဥပဒေကြောင်းအရ ဆက်လက်ကြိုးပမ်းဖို့ လုပ်ဆောင်နေကြပါတယ်။
Ref: BBC
Photo:AFP/ Reuters
#voiceofmyanmar #VOM #ဂျေရုဆလင်