မြဝတီနဲ့ ကော့ကရိတ်မှာ တိုက်ပွဲဖြစ်လို့ လူ ၁ ယောက်သေဆုံးကာ ၃ ယောက်ထက်မနည်း ဒဏ်ရာရခဲ့

ဇူလိုင် ၂၅ – ၂၀၂၃
GG (VOM)

မြဝတီမြို့နယ်နဲ့ ကော့ကရိတ်မြို့နယ်တွေမှာ ဒီနေ့ ဇူလိုင် ၂၅ ရက်က နှစ်ဖက်ထိတွေ့တိုက်ပွဲတွေဖြစ်နေပြီး လူသေဆုံးတာ ၊ထိခိုက်ဒဏ်ရာရတာတွေ ​ရှိခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

မြဝတီမြို့နယ်၊ မေတ္တာလင်းမြိုင် ကျေးရွာပေါ်ကို ဒရုန်းဗုံး ကျပြီး အသက် ၄၅ နှစ်အရွယ် ဒေါ်ကေသီခိုင်ဆိုတဲ့ အမျိုးသမီး သေဆုံးခဲ့ပြီး နောက်ထပ် အသက် ၁၅ နှစ်အရွယ် မိန်းကလေးတစ်ဦးလည်းဒဏ်ရာရရှိခဲ့သလို ၊ အမျိုးသားတစ်ဦးလည်း ဗုံးထိမှန်ဒဏ်ရာရရှိခဲ့တာဖြစ်တယ် လို့သိရပါတယ်။

” အခုမနက် မေတ္တာလင်းမြိုင်ရွာထဲကို ဗုံးကျတာမှာ တစ်ယောက်သေတယ်။ ၂ ယောက်ဒဏ်ရာရ တယ်။ စစ်သားတစ်ယောက်လည်း ဒဏ်ရာရတယ်လို့သိရတယ်။ ရွာဒေသခံထဲ ဗုံးထိတဲ့အထဲလည်း စိုးရိမ်ရတဲ့အခြေအနေရှိတယ် ။ အကုန်လုံး ဆေးရုံမှာ ပို့ထားတယ် “လို့ မြဝတီ ဒေသခံတစ်ဦးကပြောပါတယ်။

ဒီနေ့ မနက်အစောပိုင်းလောက်ကတည်းက ထိတွေ့တိုက်ပွဲဖြစ်နေတာဖြစ်ကြောင်း ၊ တိုက်ပွဲအတွင်း လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် လူနေရပ်ကွက်နဲ့ ရွာတွေထဲကို လက်နက်ကြီး ကျရောက်ကာ သေဆုံးသူ နဲ့ဒဏ်ရာရသူတွေရှိခဲ့တယ်လို့သိရပါတယ်။

” မေတ္တာလင်းမြိုင် အနောက်ဖက် ၊ လေးကေ့ကော်ကြားမှာ ဒီမနက် ၆ နာရီလောက် ကတည်းက တပ်နဲ့BGFစစ်ကြောင်းတွေ သုံးဖက်ညှပ်ပြီး ပိတ်ထားတယ်။ တိုက်ပွဲတွေဖြစ်နေတယ်။နှစ်ဖက်အကျဆုံးတွေရှိတယ်လို့ကြားပေမယ့် ကျနော်တို့လည်း သေချာအတည်မပြုနိုင်ပါဘူး။ရွာထဲ လက်နက်ကြီးကျလို့ ဒေသခံတွေ သေတာတော့ဟုတ်ပါတယ် “လို့ မြဝတီဒေသခံတစ်ဦးက ထပ်ပြောပြပါတယ်။

လက်ရှိ ကော့ကရိတ်မြို့ နဲ့ မြဝတီမြို့ရှိ တိုက်ပွဲဖြစ်ရာနေရာက နေထိုင်သူ ဒေသခံတွေဟာ နီးစပ်ရာ ဘုန်းတော်ကြီးကျောင်းတွေကို စစ်ဘေးတိမ်းရှောင်နေကြရတယ်လို့သိရပါတယ်။

ပြီးခဲ့တဲ့ ဇွန်၂၈ ရက်ကလည်း ကရင်ပြည်နယ်၊ကော့ကရိတ်မြို့၊အမှတ်(၂) ရပ်ကွက်၊ ဘိုကုန်းရပ်၊ ဗိုလ်ချုပ်လမ်းနေရာကို လက်နက်ကြီးကျလို့ ၁ ယောက်သေဆုံးပြီး ၃ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ဖြစ်စဥ်ရှိခဲ့တယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #မြဝတီ #ကော့ကရိတ် #တိုက်ပွဲသတင်း

Related posts

Leave a Comment

VOM News

FREE
VIEW