စက်တင်ဘာ ၁၄ – ၂၀၂၃
SN (VOM)
ပြည်တွင်းမှာ အိမ်ခြံမြေ အကျိုးဆောင်လုပ်နေတဲ့သူတွေ လိုင်စင်မရှိပါက အရေးယူနိုင်ဖို့အတွက် ဆောင်ရွက်သွားမယ်လို့ မြန်မာနိုင်ငံ အိမ်ခြံမြေဝန်ဆောင်မှုအသင်း(ဗဟို) MRESA ဥက္ကဋ္ဌ ဒေါ်မို့မို့အောင်က ပြောပါတယ်။
စက်တင်ဘာ ၁၂ ရက်က ရန်ကုန်မြို့၊ အေးရှားပလာဇာဟိုတယ်မှာ ပြုလုပ်ခဲ့တဲ့ မြန်မာနိုင်ငံအိမ်ခြံမြေ ဝန်ဆောင်မှုအသင်း(ဗဟို) နှစ်ပတ်လည်အထွေထွေအစည်းအဝေးမှာ ပြောကြားခဲ့တာဖြစ်ပြီး လက်ရှိ အိမ်ခြံမြေလောကမှာ အကျိုးဆောင်လိုင်စင်မရှိဘဲ လိမ်လည်ရောင်းချတာတွေ ရှိနေတဲ့အတွက် အရေးယူနိုင်ဖို့ လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
“အခုက ပါးစပ်ပါရင် ပွဲစားဖြစ်တယ်ဆိုပြီး ဖြစ်သလိုလုပ်နေကြတာရှိတယ်။ အိမ်ခြံမြေအကျိုးဆောင် လုပ်ကိုင်သူတယောက်အနေနဲ့ MRESA အသင်းဝင်ထားတဲ့အခါ အကျိုးဆောင်ခကို လိမ်လည်ရယူပြီး ရှောင်တိမ်းတာမျိုးတွေ ပြုလုပ်လို့မရသလို လိမ်လည်ခံရတဲ့သူတွေအနေနဲ့လည်း အသင်းကိုဆက်သွယ်တိုင်ကြားနိုင်တယ်” လို့ MRESA ဥက္ကဋ္ဌ ဒေါ်မို့မို့အောင်က ပြောပါတယ်။
အကျိုးဆောင်လိုင်စင် လျှောက်ထားဖို့အတွက် MRESA အသင်းဝင် ကတ်ပြားကို ဦးစွာရယူရမှာဖြစ်ပြီး ထုတ်ပေးတဲ့ အသင်းဝင်ကတ်ပြားနဲ့အတူ အကျိုးဆောင်လိုင်စင် လျှောက်ထားရမှာဖြစ်တယ်လို့ သူက ပြောပါတယ်။
မြန်မာနိုင်ငံအိမ်ခြံမြေဝန်ဆောင်မှုအသင်း (ဗဟို) ကို ကုမ္ပဏီများ ဆိုင်ရာညွှန်ကြားမှုဦးစီးဌာနမှာ တရားဝင်မှတ်ပုံတင်ထားပြီး တိုင်းနဲ့ပြည်အသီးသီးမှာ မြို့နယ်အလိုက် အသင်းတွေထူထောင်ထားကာ အသင်းဝင် ၉၀၀၀ ခန့် ရှိတယ်လို့ သိရပါတယ်။
#voiceofmyanmar #VOM #အိမ်ခြံမြေ #လ်ုင်မရှိသူတွေ #အရေးယူဖို့ဆောင်ရွယ်မယ်