ရှင်မာလဲပွဲတော်

 

 

ဆူးငှက်

 

 

မန္တလေးသည် သက်တမ်း ၁၅ဝ အတွင်း ”စစ်ကိုလည်း ကြုံ၊ ခြအုံလည်းဖြစ် ဓားထစ်လည်းခံ” ဟူသော ပျဉ်းမငုတ်တိုကဗျာပါစာသားကဲ့သို့ ရောဂါကပ်ဘေး ကြီးများကျရောက်ခြင်း၊ သဘာဝဘေးအန္တရာယ်များကျရောက်ခြင်း၊ နယ်ချဲ့စစ်၊ပြည်တွင်းစစ်ကဲ့သို့ စစ်မီးစစ်လျှံအောက် ကျရောက်ခြင်းစသည့် ဘေးအန္တရာယ် များကျရောက်တိုင်း ဧရာဝတီမြစ်အနောက်ဘက်ကမ်းရှိ စစ်ကိုင်းမင်းဝံတောင်ရိုးသို့ ပြေးဝင်ခိုလှုံခဲ့ကြရသည် ချည်းဖြစ်သည်။ စစ်ကိုင်း မင်းဝံတောင်ရိုးက ”တောင်ခြေစိမ်းစမ်းချောင်တွေ သိန်းသန်း” ဟုဆိုရမလိုတောတောင်သဘာဝရေမြေနှင့် သာသနိက အဆောက်အဦတွေ ပေါများသည်။ ထိုနေရာများမှာ မန္တလေးမြို့သူမြို့သားသောင်းချီသိန်းချီ၍ လွတ်လပ်ချောင်ချိ အေးချမ်းစွာခိုကိုးနိုင်သည်။ ခိုလည်းခိုကိုးခဲ့ကြသည်။ အကြိမ် မရေတွက်နိုင်တော့ ။ စစ်ကိုင်းမင်းဝံတောင်ရိုး၏ ကျေးဇူးက မန္တလေးမြို့ပေါ်မှာတိုးလို့၊ တိုးလို့ နေတော့သည်။

 

ထိုထုထည်ကြီးမားသော ကျေးဇူးကိုကထိန် ရာသီတွင် မန္တလေးက စစ်ကိုင်းမင်းဝံတောင်ရိုးနေရဟန်းတော်များကိုကထိန်သင်္ကန်းဆက်ကပ်လှူဒါန်း ခြင်းဖြင့် ကျေးဇူးဆပ်ခဲ့ကြသည့် အစဉ်အလာရှိသည်။

 

ရတနာပုံမ်မန္တလေး ခေတ်ကတည်းက ၁၂လရာသီ ပွဲတော်များအနက် ကထိန်ပွဲတော်ကို အထူးတလည် ကျင်းပခဲ့ကြပုံကိုလည်း ကုန်းဘောင်ဆက် မဟာရာဇဝင်တော်ကြီးတွင် ဖော်ပြပါရှိခဲ့၏။ ကောဇာသက္ကရာဇ် ၁၂၄၅ ခုနှစ် တန်ဆောင်မုန်းလဆန်း ၁၁ ရက်နေ့တွင် နှစ်စဉ်သွင်းမြဲ ကထိန်အလှူတော်ကို သွင်းကြရာတောင်စမုတ် ပွဲကြည့်ဆောင်တော်သို့ သီပေါဘုရင်နှင့်စုဖုရားလတ်မိဖုရားတို့ကိုယ်တိုင် ထွက်တော်မူ၍ ရေစက်သွန်းချ လှူဒါန်းသည်ဟု ဆို၏။ ထူးခြားမှုတစ်ခုမှာ ကထိန်ပွဲတော်လာပရိသတ်ဦးရေ (၉၂၇၂)ယောက်ကို ခရီးဝေးတစ်ကျပ်၊ ခရီးလတ်ငါးမူးနှင့် ခရီးနီး နှစ်မူးပဲကျဖြင့် ငွေတော်လေးထောင် သနားတော်မူသည်ဟုဆိုသည်။

 

ရွှေမြို့တော်နှင့် အမရပူရပါ ကျောင်းတိုက် ၂၁၇တိုက်၊ ကျောင်းဦးရေ ၁၅ဝဝ ကျော်ကိုတစ်ကျောင်းလျှင် သင်္ကန်းလျာအိုးအင်ကိရိယာတစ်စုံစီ လှူဒါန်းခဲ့သည်။ တန်ဆောင်မုန်းလဆန်း ၁၄ရက်နေ့တွင် မဟာမုနိုဘုရား ကြီးမှအစ မန္တလေးရတနာပုံမ်မြို့တော် အတွင်းရှိ ဘုရားဆူရေသုံးဆယ့်ကိုးဆူတွင် မသိုးသင်္ကန်းရက်လုပ် လှူဒါန်းတော်မူသည်။ ယင်းသို့ လှူဒါန်းနိုင်ရန်အတွက် ရွှေနန်းတော်အတွင်း အနောက်စမုခ်ဆောင်တော် ရှေ့ ဝဲယာယာတစ်လျှောက် ဆောက်လုပ်အပ်သောရက် ကန်းတဲတန်းများတွင် ကတော်မယားများက ဝါကြိတ် ရစ်မှအစရက်ကန်းစင်ကိရိယာအစုံနှင့် အပြိုင်အဆိုင် ရက်လုပ်ရန် ကြိုတင်ပြင်ဆင်ထားကြပုံများကိုအရှင် နှစ်ပါးကထွက်တော်မူ၍ အားပေးကြည့်ရှုကြသည်။ ညဉ့်နှစ်ချက်တီးတွင် ဝါကောက်သည်မှစ၍ ယှဉ်ပြိုင်ကြ စေရာယှဉ်ပြိုင်ပွဲမစတင်မီပွဲသဘင်အစုံကျင်းပစေသည်ဟုဆိုသည်။

 

 

တန်ဆောင်တိုင်ပွဲတော်

 

သီတင်းကျွတ်လပြည့်ကျော်(၁)ရက်နေ့မှ တန်ဆောင်မုန်းလပြည့်နေ့ အထိခင်းကျင်းအပ်သောကထိန် ပွဲတော်များကား ရတနာပုံမ်ခေတ်ကတည်းက မန္တလေးတွင် ဝှဲချီးကျင်းပသည့် ပွဲတော်များဖြစ်သည်။ ဤကထိန် ပွဲတော်များကား မန္တလေးထုံးတမ်းစဉ်လာအတိုင်းတန်ဆောင်မုန်းလဆန်း ၇ရက်၊ ၈ ရက်မှသည် လဆန်း၁၄ ရက် (လပြည့်အဖိတ်)အထိ အစဉ်အဆက် ကျင်းပကြခြင်းဖြစ်၏။ ထိုကထိန်ပွဲတော်နှင့်အတူ တန်ဆောင်တိုင် ဆီမီး ပူဇော်ကြပုံများကိုလည်း ”မသိုးကထိန် တန်ဆောင်ညီးလို့၊ အာကာသမီးသီးသီးလှူတော်၊ မြေမိုးသိမ့်သိမ့်ကျော်” ဟုစပ်ဆိုကြသည်။

 

 

fထို့ကြောင့် လွန်ခဲ့သော နှစ်ပေါင်း ၂ဝ ဝန်းကျင်အထိ တန်ဆောင်မုန်းလ ကထိန်ရာသီရောက်လေတိုင်း စစ်ကိုင်းတောင်ရိုးသို့သာလျှင် မန္တလေးကထိန်သင်္ကန်းလှူ ဒါန်းကြသည်။ တန်ဆောင်မုန်းလဆန်း ၁၄ ရက်နေ့ ရောက်လျှင် စစ်ကိုင်းတောင်ရိုးသို့ကထိန်ခင်းလှူသည့် ကားတန်းကြီးက မန္တလေးမြို့လယ် ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီး(၈၄လမ်း) မှသည် စစ်ကိုင်းအထိအမျှင်မပြတ်တော့။ နာမည်ကျော် အင်းဝတံတား(စစ်ကိုင်းတံတား) ကြီးထိပ်တွင် ကထိန်ကားတွေ ပုတီးစေသီကဲ့သို့ ရှိသည်။ ညသန်းခေါင်အထိ …။

 

မန္တလေးတစ်မြို့လုံးလည် စစ်ကိုင်းသို့ ပြောင်းရွေ့ သွားလေသလားထင်မှတ်မှားရသည်။ တန်ဆောင်မုန်းလဆန်း ၁၄ရက်နေ့ညမှာဖြင့် တစ်မြို့လုံး တိတ်ဆိတ် ၏။ သို့သော် မန္တလေး၏ အထင်ကရ မဟာမုနိုဘရားကြီးဝင်းအတွင်းမှာတော့ နာမည်ကျော် ရှေးဟောင်းဘုရားတစ်ဆူ၏ ထူးဆန်းသည့် ဗုဒ္ဓပူဇေနိယပွဲတော်ကိုလည်း ကျင်းပလေ့ရှိသည်ကိုလည်း မေ့မရနိုင်ပေ။

ကောဇာသက္ကရာဇ် ၁၁၄၆ ခုနှစ် တပေါင်းလတွင် ရခိုင်မှ ပင့်ဆောင်ခဲ့ပြီး ၁၁၄၇ ကဆုန်လတွင် အမရပူရ နေပြည်တော်သို့ရောက်ရှိခဲ့သောမဟာမုနိရုပ်ရှင်တော် မြတ်ကြီးစံပယ်တော်မူရာ ဂန္ဓကုဋီတိုက်တော်ကြီး၏ အရှေ့မြောက် ယွန်းယွန်းတွင် ‘ရှင်မာလဲ’ ဘွဲ့တော်ဖြင့် စေတီတော်တစ်ဆူရှိသည်။ မဟာမုနိဘုရားကြီး ကြွမလာမီ ကတည်းက ရှင်မာလဲဘုရားတည်ရှိခဲ့ပြီးမင်းရှင်စော၏ ကောင်းမှုဟုအဆိုရှိသည်။ ဘုရားစေတီပုံတော် မှာအဆင့်မြင့် ဗိသုကာ ပုံစံဖြစ်ပြီးနတ်ပြည်မှ စူဠာမုနိဘုရားပုံစံနတ်လမ်းများဖြင့် တည်ဆောက်ထားကာတန်ဆောင်မုန်းလဆန်း ၁၄ ရက်နေ့ ညပိုင်းနှင့်လပြည့် နေ့တို့တွင် ဘုရားပွဲကိုကျင်းပလေ့ရှိ၏။

 

 

”လှိုက်ဆူကျောလဲ၊ ရှင်မာလဲဟု၊ အံ့အဲထင်ပေါ် ထေရ်မြတ်ကျော်” ဟုဦးနိုး၏ ပျို့လာစာသားအတိုင်း ရှင်မလာရဟန္တာမထေရ်မြတ်ကထင်ရှားသည်။ ဈာန် အဘိဉာည်ထူးခြားစွာရရှိ၍ ငရဲပြည်သို့လည်းဆင်းနိုင်သည်။ နတ်ပြည် သို့လည်း ကြွချီနိုင်ပြီး စူဠာမုနိစေတီတော်ကို ဖူးမြော်နိုင်သည်။ စူဠာမုနိစေတီတော်တွင် အရိမေတ္တယျ ဘုရားလောင်း နတ်သားနှင့်လည်းတွေ့ ဆုံခဲ့သည်ဟုအဆိုရှိ၏။ ဘုရားလောင်းနတ်သားက အရိမေတ္တယျဘုရားအဖြစ် ပွင့်တော်မူစဉ်တွင် ကျွတ်တမ်းဝင်လိုသူများအတွက်ကျင့်သုံးလိုက်နာဖွယ်များကို ရဟန္တာရှင်မာလဲအား လျှောက်ထားခဲ့ သည်။

 

ဂါထာတစ်ထောင်ဖြင့် တန်ဆာဆင်အပ်သောဝေဿန္တရာဇာတ်တော်ကို နှစ်စဉ်တန်ဆောင်မုန်းလပြည့် နေ့တိုင်းနာယူကြရန်၊ ရဟန်းပြုခြင်း၊ အဗြဟ္ဗစရိယာသိက္ခာပုဒ်အပါအဝင် သီတင်းသီလများဆောက်တည် ကြရန်။ လှော်ကားသဏ္ဌာန်ကြက်လျှာတံခွန်၊ ကုက္ကား၊ ထီး၊ ထမင်းဆုပ်၊ သစ်သီးမျိုးစုံ၊ ပဒုမ္မကြာ၊ ကြာညို၊ အောင်မဲညိုပန်းတို့ကို တစ်ထောင်စီပူဇော်ပြီးဝေဿန္တရာဇာတ်ကို နာယူရန်စသည့် အချက်များဖြစ်သည်။ ဤသို့ဖြင့် နှစ်စဉ် တန်ဆောင်မုန်းလဆန်း ၁၄ ရက်ညနှင့် လပြည့်တိုင်း ရှင်မာလဲပွဲတော်ကိုပုဂံခေတ် ကတည်းကကျင်းပခဲ့သည်ဆို၏။ ရှင်မာလဲတရားပွဲဟုလည်း ခေါ်ဆိုကြသည် ။လှူဖွယ်တစ်ထောင်စီ ပူဇော်ခြင်းအတွက် ထောင်ပြည့်ပွဲဟုလည်းဆိုကြ၏။

 

ထို့ကြောင့် မဟာမုနိဘုရားကြီးပရဝုဏ်တွင် မင်းရှင်စောတည်ထားခဲ့သည်ဟုအဆိုရှိသောရှင်မာလဲဘုရားသည် တာဝတိံသာမှ စူဠာမုနိစေတီပုံစံဖြစ်သည်။ ကြာမျိုးငါးစုံဖြင့် အမွှန်းဆင်သည်။ ဘုံခုနစ်ဆင့်ဖြင့် ထူးခြားဆန်းကြယ်သည်။ တန်ဆောင်မုန်းလဆန်း ၁၄ရက် ညတွင် ကြာပန်းများဖြင့် ပူဇော်ပြီး နံနက်အရုဏ်တက်တွင် ဂဏှာနို့ဆွမ်းဖြင့် ဆွမ်းလောင်းလှူသည်။ နက္ခတ်စုံလင်သောတန် ဆောင်မုန်းလပြည့်၏ လရောင်အောက်တွင် မီးရောင်စုံ ထွန်းညှိ ပူဇော်မှုများဖြင့် မောင်မယ်နှစ်ဖြာ ကြာပန်းပူဇော်ကြပုံများသည် ကုသိုလ်မှုသာမက သိင်္ဂါရ ရသဖြင့် ပြည့်မွှန်းလျက်ရှိချေ၏။

 

 

ဆူးငှက်

 

#voiceofmyanmar #VOM  #ဆူးငှက် #ရှင်မာလဲပွဲတော်

 

 

Related posts

Leave a Comment

VOM News

FREE
VIEW