ဒီဇင်ဘာ ၊ ၁၃ ၊ ၂၀၂၃
SP ( VOM)
ရခိုင်ပြည်နယ်နဲ့ ထိစပ်နေတဲ့ ချင်းပြည်နယ် တောင်ပိုင်းက ပလက်ဝမြို့ဟာ ဒီရက်ပိုင်းအတွင်း မြို့ပေါ်ကနေ လက်နက်ကြီးကျည်တွေ ဖြတ်သန်း ပစ်ခတ်နေတာကြောင့် မြို့ခံ အရပ်သားတွေဟာ မနေရဲတော့ပဲ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ပလက်ဝမြို့ခံတွေဆီက သိရပါတယ်။
” ပြီးခဲ့တဲ့ ဒီဇင်ဘာ ၅ ရက်ကစလို့ ဒီကနေ့အထိ မြို့ပေါ်ကနေ လက်နက်ကြီးကျည်တွေ ဖြတ်သန်း ပစ်ခတ်နေတယ် ၊ လက်နက်ငယ်(သေနတ်)တွေနဲ့လည်း ပစ်ခတ်တာတွေရှိတယ် ၊ အဲ့ဒီလို မြို့ကိုဖြတ်ပြီး ပစ်ခတ်နေတာကြောင့် ပြီးခဲ့တဲ့ ဒီဇင်ဘာ ၈ ရက်က ပလက်ဝမြို့နယ် ပြည်သူ့ဆေးရုံကို လက်နက်ကြီး ထိမှန်လို့ လူနာတချို့ ထိခိုက်ဒဏ်ရာတွေရတယ် ၊ နောက်ပြီး ဆေးရုံက ခြောက်ခန်းတွဲ လိုင်းခန်း အဆောက်ဦး ထိမှန်ပျက်စီးတယ် ၊ မြို့ကိုဖြတ်ပြီး ပစ်ခတ်နေတာမို့ အချိန်မရွေး မြို့ပေါ်ကို လက်နက်ကြီးတွေကျလာနိုင်တယ် ၊ အဲ့ဒီ အခြေအနေမှာ မြို့ခံ ပြည်သူတွေက မနေရဲတော့ဘူး ၊ အဲဒါကြောင့် ဒီဇင်ဘာ ၅ ရက်ကစလို့ မြို့ကိုစွန့်ခွာပြီး တိမ်းရှောင်နေကြတယ် ၊ အခုဆို ပလက်ဝမြို့ရဲ့ မြို့နေ လူဦးရေ ၈၀ ရာခိုင်နူန်းဟာ ထွက်ပြေးသွားကြတယ် ၊ မြို့ပေါ်မှာ ၂၀ ရာခိုင်နူန်းလောက်ပဲကျန်တော့တယ် ၊ နောက်ပြီး ပလက်ဝမြို့မှာ AA နဲ့ ချင်း ဒေသတွင်း လက်နက်ကိုင်အဖွဲ့တွေက ပဋိပက္ခဖြစ်နေတယ် ၊ AA နဲ့ နစက စစ်တပ်က ထိတွေ့မှုတွေ ပြင်းထန်နေတယ် ၊ အဲ့ဒါကြောင့် ပလက်ဝမှာ သုံးဖွဲ့ဆိုင် ပြဿနာတွေဖြစ်နေတယ် ” လို့ ပလက်ဝမြို့ခံ တယောက်က ပြောပါတယ်။
ဒါ့အပြင် ပလက်ဝမြို့ခံ ကုန်သည်တယောက်က
” ပလက်ဝမြို့ကို ကုန်ကားတွေ မဝင်နိုင်တာ ပြီးခဲ့မိုးတွင်းကာလကစလို့ ဖြစ်တယ် ၊ ရေကြောင်းလမ်းကလည်း ပိတ်ထားတော့ ပလက်ဝကို ကုန်တွေ မဝင်တော့ဘူး ၊ ရှိတဲ့ ကုန်စည်နဲ့ စားသုံးသူ အရေအတွက်က မမျှတော့ စားဝတ်နေရေး ခက်ခဲကြတယ် ၊ အခု မြို့ကိုစွန့်ခွာကြတဲ့ အချက်အလက်တွေထဲမှာ စားသောက်ကုန်တွေ ခက်ခဲတာကြောင့်လည်း ပါတယ်၊ နောက်ပြီး မြို့ပေါ်မှာ စစ်ရေးတင်းမာမှုတွေကြောင့် မြို့ခံတွေ ပြောင်းရွှေ့သွားတာလည်း ပါတယ် ” လို့ ပြောပါတယ်။
ပလက်ဝမြို့ခံ ခရစ်ယာန် သင်းအုပ်ဆရာတော် တပါးက ” ရခိုင်နဲ့ ချင်းပြည်နယ်ဘက်က ဒေသတွင်း လက်နက်ကိုင်အဖွဲ့တွေက ပလက်ဝမြို့ပေါ်ကို လူသစ်စုဆောင်းတယ် ၊ ပြီးခဲ့တဲ့ ဇူလိုင် ၃ ရက်ကစလို့ ပလက်ဝမြို့နယ် ၊ မြောက်ပိုင်းမှာရှိတဲ့ ဟာလဝ၊ ကန့်လာဝ၊ တွီကင်းဝ၊ တွီကင်းအလောင်း၊ ဒလက်စာဝနဲ့ ဥရင်ဝ စတဲ့ရွာတွေမှာ ကျောင်းသား ၃၀ ကျော်ကို စာသင်ကျောင်းထဲကနေ ဒေသတွင်း လက်နက်ကိုင်အဖွဲ့တွေက ဖမ်းခေါ်သွားတယ် ၊ အခုထိ ဖမ်းခေါ်ခံရသူတွေဟာ မိသားစုနဲ့ အဆက်သွယ် မရသေးဘူး ၊ အဲ့ဒီလို ဖမ်းဆီးခံရတဲ့ ကျောင်းသားတွေကတော့ ဟာလဝရွာမှာ ကျောင်းသား ၅ ဦး၊ ကျောင်းသူ ၂ ဦး၊ ကန့်လာဝရွာမှာ ကျောင်းသား ၄ ဦး၊ ကျောင်းသူ ၂ ဦး၊ တွီကင်းဝရွာမှာ ကျောင်းသား ၁ဝ ဦး၊ ကျောင်းသူ ၃ ဦး၊ တွီကင်းအလောင်းရွာမှာ ကျောင်းသား ၂ ဦး၊ ကျောင်းသူ ၁ ဦး၊ ဒလက်စာဝရွာမှာ ကျောင်းသူ ၁ ဦးနဲ့ ဥရင်ဝရွာမှာ ကျောင်းသူ ၁ ဦး စုစုပေါင်းကျေးရွာ ၆ ရွာမှ ကျောင်းသား ၂၁ ဦးနဲ့ ကျောင်းသူ ၁ဝ ဦး စုစုပေါင်း ၃၁ ဦး ဖမ်းဆီးခံထားရတာဖြစ်တယ် ၊ အဲ့ဒါကြောင့် ပလက်ဝနယ်မှာ လူငယ်တွေ အများစုက နေရပ်စွန့်ခွာ တိမ်းရှောင်နေကြတယ် ” လို့ ပြောပါတယ်။
အဲ့ဒီ ဖြစ်စဥ်တွေနဲ့ ပတ်သက်လို့ ချင်းပြည်နယ် အစိုးရရုံးအဖွဲ့နဲ့ နီးစပ်သူတယောက်က ” ဒီရက်ပိုင်းမှာ ပလက်ဝနယ်ဘက်မှာ ထိတွေ့မှုတွေ ဖြစ်တယ် ၊ ယာယီတိုက်ပွဲရှောင်တွေများလာတယ် ၊ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၁ ရက်က ပလက်ဝနယ် မြိတ်ဝကျေးရွာဘက်မှာရှိတဲ့ ယာယီတိုက်ပွဲရှောင် အိမ်ထောင်မိသားစု ၁၁၀ ကျော်ကို ပြည်နယ် အစိုးရအဖွဲ့အနေနဲ့ ဆန်(၁၅၀)အိတ်၊ စားဆီ(၁၁)ပုံး၊ ဆား(၄)အိတ်နဲ့ခြင်ထောင် (၁၁၀)လုံး၊ ကာလတန်ဖိုး ၁၅၉ သိန်းကျော် ထောက်ပံ့ပေးခဲ့တယ် ” လို့ ပြောပါတယ်။
ဒါ့အပြင် နစက သတင်းမှန် ပြန်ကြားရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်းက ” ရခိုင်ပြည်နယ် မြောက်ပိုင်းဘက်မှာ ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားတာရှိတယ် ” လို့ဘဲ ရုပ်သံ သတင်းမှာ ပြောကြားခဲ့ပြီး အသေးစိတ်တော့ ပြောမသွားပါဘူး။