ဘင်္ဂလားဒေ့ရှ်မှာ မိုးသည်းထန်စွာရွာသွန်းပြီး မြစ်ရေကြီးမြင့်မှုတွေကြောင့် လူနှစ်သန်းကျော် ရေဘေးသင့်

 

ဒါကာ၊ ဇူလိုင်-၈-၂၀၂၄
မျိုးဆက်(VOM)

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ယခုသီတင်းပတ်အတွင်းဖြစ်ပွားခဲ့တဲ့ ရေကြီးရေလျှံမှုတွေကြောင့် သေဆုံးသူ ရှစ်ယောက်ထိ မြင့်တက်လာပြီး မြစ်တွေရေကြီးမှုကြောင့်လည်း လူနှစ်သန်းကျော် ရေဘေးသင့်နေတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

သေဆုံးသူတွေထဲမှာ ဘေးလွတ်ရာရှောင်တိမ်းရင်း ရေနစ်သေဆုံးသူတွေနဲ့ ဓါတ်လိုက်သေသူတွေ ပါဝင်တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ လက်ရှိမှာတော့ ရေဘေးသင့်သူတွေအတွက် ကယ်ဆယ်ရေးစခန်းရာချီဖွင့်လှစ်ထားပြီး နိုင်ငံမြောက်ပိုင်း ရေဘေးဆိုးရွားစွာသင့်ခဲ့တဲ့နေရာတွေကို စားနပ်ရိက္ခာနဲ့ ကယ်ဆယ်ရေးတွေ စေလွှတ်ထားတယ်လို့ ဆိုပါတယ်။

ရေကြီးမှုကြောင့် လူနှစ်သန်းထိခိုက်ခဲ့ပါတယ်။ နိုင်ငံရဲ့ ခရိုင် ၆၄ ခုမှာ ၁၇ ခုက ရေဘေးသင့်ခဲ့ပါတယ်လို့ ဘင်္ဂလားဒေ့ရှ် သဘာ၀ဘေး စီမံခန့်ခွဲမှုဝန်ကြီးဌာန တာဝန်ရှိသူကပြောပါတယ်။ အဆိုးရွားဆုံးထိခိုက်ခဲ့တဲ့ ကူရီဂရမ် ခရိုင်မှာတော့ နယ်မြို့ကိုးမြို့အနက် ရှစ်မြို့ ရေမြုပ်ခဲ့တယ်လို့ ဆိုပါတယ်။

ဒေသမှာရှိတဲ့ နေအိမ် ၈၀ ရာခိုင်နှုန်း ရေနစ်မြုပ်ခဲ့တယ်လို့ သူကပြောပါတယ်။ လူဦးရေ သန်း ၁၇၀ ကျော်ရှိပြီး တောင်အာရှဒေသမှာရှိတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ မကြာသေးမီဆယ်စုနှစ်တွေအတွင်း ဆိုးရွားတဲ့ ရေကြီးရေလျှံမှုတွေနဲ့ မကြာခဏဆိုသလို ကြုံတွေ့နေရပါတယ်။

ရာသီဥတုဖောက်ပြန်မှု၊ ဟိမ၀န္တာတောင်တန်းတွေပေါ်က ရေခဲမြစ်တွေအရည်ပျော်မှုနဲ့ မိုးရွားသွန်းမှုတွေကြောင့် ရေကြီးရေလျှံ ပိုမိုဆိုးရွားစွာရင်ဆိုင်နေရပြီး နှစ်စဉ် ရေဘေးနဲ့ မြေပြိုမှုတွေကြောင့် သေဆုံးမှုတွေ နှစ်စဉ် ဖြစ်ပေါ်လေ့ရှိပါတယ်။

Ref: AFP
Photo:AFP

#Voiceofmyanmar #VOM #ဘင်္ဂလားဒေ့ရှ် #ရေဘေး #နှစ်သန်းကျော် #ရွှေ့ပြောင်း

Related posts

Leave a Comment

VOM News

FREE
VIEW