မင်းလှ၊ ဇွန် ၂၃ – ၂၀၁၉
မိုးယံ(VOM)
နိုင်ငံသားမဟုတ်၊ တိုင်းရင်းသား မဟုတ်တဲ့ ကလေးသူငယ်တွေကို တရားဝင်မွေးစားခွင့်ရရှိစေမယ့် ဥပဒေကို ကန့်ကွက်ကြောင်း လူဦးရေ ခြောက်ရာလောက်ဟာ ပဲခူးတိုင်း သာယာဝတီခရိုင် မင်းလှမြို့နယ်မှာ ဒီနေ့ မနက် ၈ နာရီလောက်က ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။
“အခုလုပ်တဲ့ပွဲကတော့ အမျိုးသားရေးပွဲဖြစ်တယ်။ ကျနော်တို့ နိုင်ငံမှာရှိတဲ့ ပရဟိတကလေးတွေ၊ ကျောင်းသားတွေ၊ မိဘမဲ့ကလေးတွေ၊ မိဘမဲ့ တိုင်းရင်းသားကလေးတွေ အများကြီး ရှိတယ်။ ဒါကိုအဓိက မလုပ်ဘဲ နိုင်ငံခြားသား ကလေး တစ်ဦးနှစ်ဦးကို မွေးစားမယ်ဆိုတဲ့အတွက် ကျနော်တို့ရဲ့အမျိုးသားနိုင်ငံရေးကို ထိခိုက်မှာစိုးတဲ့အတွက် ဒီဆန္ဒထုတ်ဖော်ပွဲကို ပြုလုပ်ရခြင်းဖြစ်တယ်။” လို့ ဦးဆောင်သူ မင်းလှမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဌ ဦးမင်းလှိုင်က ပြောပါတယ်။
လူမျိုးခြား ကလေးမွေးစားခြင်း ဥပဒေ အလိုမရှိ၊ နိုင်ငံသား မဟုတ်သူများ လွှမ်းမိုးမည့်အကြံ ဒို့လက်မခံ၊ နိုင်ငံသား မဟုတ်သည့်ကလေးသူငယ် မွေးစားခွင့်အား ကန့်ကွက်ရေး ဒို့အရေး အပါအဝင် တောင်းဆိုချက်ဆယ်ချက် ပါတဲ့စာသားပါ ဗီနိုင်းတွေကိုင်ဆောင်ပြီး ကြွေးကြော်သံတွေနဲ့ ဆန္ဒထုတ်ဖော်ခဲ့ကြတာပါ။
အဲဒီ ဆန္ဒထုတ်ဖော်ပွဲကို ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ(USDP)က ဦးဆောင်ပြီး ဆန္ဒထုတ်ဖော်ပွဲပါဝင်သူတွေဟာ USDP ရုံးရှေ့ကနေ ဗိုလ်ရုံတန်း လမ်းတစ်လျှောက် လမ်းလျှောက်ပြီး ဗိုလ်ချုပ်အောင်ဆန်းပန်းခြံအထိ ချီတတ်ခဲ့ကြတာ ဖြစ်ပါတယ်။ အဲဒီနောက် ဗိုလ်ချုပ်အောင်ဆန်းပန်းခြံမှာ စီတန်းလှည့်လည်ခြင်းပြီးဆုံးပြီး ရှေ့နေ ဦးဝင်းကိုကိုလတ်နဲ့ ရှေ့နေ ဦးအေးပိုင်တို့က အမျိုးသားလုံခြုံရေးအတွက် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေမူကြမ်းကို ကန့်ကွက် ရှုတ်ချကြောင်း ဟောပြောခဲ့ကြပါတယ်။
“ကလေးသူငယ်မွေးစားတဲ့ ဥပဒေဆိုတာ တိုင်းရင်းသား အခွင့်အရေး၊ နိုင်ငံသားအခွင့်အရေးထက် နိုင်ငံအကျိုးပြုတဲ့ အကြောင်းအရာ တစုံတရာမပါဝင်ပါဘဲ နိုင်ငံခြားသားတွေကို အခွင့်အရေးပေးတဲ့ ဥပဒေဖြစ်နေလို့ ကျနော်တို့ ကန့်ကွက်ရခြင်းဖြစ်တယ်။” လို့ ဆန္ဒထုတ်ဖော်ပွဲမှာ ပါဝင်တဲ့ ကိုဝေယံဝင်းအောင်က ပြောဆိုပါတယ်။
ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေကြမ်းနဲ့ပတ်သက်ပြီး ဇွန် ၇ ရက်က ပြည်ထောင်စုလွှတ်တော်မှာ မဲခွဲအတည်ပြုခဲ့တာ ဖြစ်ပါတယ်။ ၁၉၈၂ နိုင်ငံသား ဥပဒေ ပုဒ်မ ၇၃ မှာ နိုင်ငံခြားသားတစ်ဦးကို မွေးစားခြင်းဖြင့် နိုင်ငံသားမဖြစ်ဟု ပြဌာန်းထားပြီး ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၃၄၅/၃၄၆ တို့မှာ နိုင်ငံသား ဖြစ်ခြင်း၊ နိုင်ငံသား ပြုခြင်း၊ နိုင်ငံသားအဖြစ်ရပ်ဆဲခြင်းတို့သည် ဥပဒေ ပြဌာန်းသည့် အတိုင်းဖြစ်စေရမည်ဟု ပြဌာန်ထားထားသည်။
#voiceofmyanmar # တိုင်းရင်းသားမဟုတ်၊နိုင်ငံသားမဟုတ်တဲ့ကလေးသူငယ် တရားဝင်မွေးစားခွင့်ရရှိစေမယ့် ဥပဒေကိုကန့်ကွက် # ပြည်ခိုင်ဖြိုးပါတီ #ပဲခူး #မင်းလှ