သွေး (စစ်ကိုင်း)
ရာသီဥတု ပြောင်းလဲမှုကြောင့် ဖြစ်ပေါ်လာရတဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေကို ယခုအခါ တစ်ကမ္ဘာလုံး အတိုင်းအတာအထိ ပိုပြီး ခံစားနေကြရပါပြီ။ ရေကြီးရေလျှံမှု၊ မိုးခေါင်ရေရှားမှု၊ တောမီးလောင်မှု၊
ကမ္ဘာကြီး ပိုမိုပူနွေးလာမှု၊ ရေခဲတောင်တွေ အရည်ပျော်ကျမှုတွေက လူသားတွေရဲ့ ရှင်သန်, ရပ်တည်မှုကိုပါ ခြိမ်းခြောက်လာနေတာလည်း ဖြစ်ပါတယ်။ ဒါကြောင့် ရာသီဥတု ပြောင်းလဲမှုကို တားဆီးနိုင်ဖို့ နည်းလမ်းတွေကို ကမ္ဘာတဝှမ်းက အလေးအနက်ထား စဉ်းစားလာကြရပါပြီ။
မကြာသေးခင်က ကျင်းပပြီးစီးသွားခဲ့တဲ့ COP 26 ကုသလမဂ္ဂ ရာသီဥတုဆိုင်ရာညီလာခံမှာ နိုင်ငံပေါင်း ၂၀၀ ကျော်က သဘောတူညီချက်အသစ် ချမှတ်နိုင်ခဲ့ကြပါတယ်။
၁၉၉၂ ခုနှစ်က ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေရိုးမြို့မှာ ကျင်းပခဲ့တဲ့ မြေကမ္ဘာ့ထိပ်သီးဆွေးနွေးပွဲကနေ UNFCCC လို့ ခေါ်တဲ့ United Nations Framework Convention on Climate Change (ရာသီတု
ပြောင်းလဲမှုဆိုင်ရာ ကုသလမဂ္ဂမူဘောင်သဘောတူညီချက်) ကို အစပြုခဲ့ပါတယ်။
UNFCCC မှာ သဘောတူညီ ပါဝင်ထားတဲ့ နိုင်ငံပေါင်း ၂၀၀ ကျော်ရှိပြီး အဲဒီနိုင်ငံတွေက ခေါင်းဆောင်တွေတက်ရောက်တဲ့ ညီလာခံကို COP လို့ ခေါ်ဝေါ်တာပါ။ COP 26 ဆိုတာက Conference of the Parties ရဲ့ ၂၆ ကြိမ်မြောက် ညီလာခံဖြစ်ပြီး UK နိုင်ငံ စကော့တလန်နယ်၊ ဂလတ်စဂိုမြို့မှာ အောက်တိုဘာ ၃၁ ကနေ နိုဝင်ဘာ ၁၃ ရက်နေ့ အထိ ကျင်းပခဲ့တာပဲ ဖြစ်ပါတယ်။
အဲ့ဒီညီလာခံအတွင်း သဘောတူညီခဲ့တဲ့ အရေးကြီးတဲ့ အချက် ၂ ချက်ကတော့ ကမ္ဘာ့အပူချိန် မြင့်တက်မှုကို ၁ ဒသမ ၅ ဒီဂရီ စင်တီဂရိတ် မကျော်ဘဲ ဆက်ထိန်းထားဖို့နဲ့ ကျောက်မီးသွေး အသုံးပြုပြီး စွမ်းအင်ထုတ်လုပ်မှု လျှော့ချသွားဖို့ ဆိုတဲ့ အချက်တွေ ဖြစ်ပါတယ်။
ကမ္ဘာပေါ်မှာ ဖန်လုံအိမ်ဓာတ်ငွေ့ အများအပြား ထုတ်လွှတ်တဲ့ နိုင်ငံတွေထဲမှာ စက်မှုအင်အားကြီး နိုင်ငံတွေ ပါဝင်နေပါတယ်။ တရုတ်၊
အမေရိကန် စတဲ့ နိုင်ငံကြီးတွေက ကာဗွန်ထုတ်လွှင့်မှု မြင့်မားတဲ့ နိုင်ငံတွေ ဖြစ်သလို အိန္ဒိယနိုင်ငံကတော့ ကျောက်မီးသွေး အသုံးပြုပြီး စွမ်းအင်ထုတ်လုပ်မှုမြင့်မားတဲ့ နိုင်ငံ တစ်နိုင်ငံ ဖြစ်ပါတယ်။
ညီလာခံကို တက်ရောက်လာတဲ့ အထဲက နိုင်ငံပေါင်း ၁၀၀ ကျော်က ခေါင်းဆောင်တွေကတော့ သစ်တောတွေ ပြန်လည် ပြုစု ပျိုးထောင်ရေး အတွက် လုပ်ဆောင်မှုတွေကို ၂၀၃၀ ခုနှစ် မတိုင်မီ စတင်မယ်လို့
ကတိပေး ပြောကြားခဲ့ကြပါတယ်။
ဒီနေရာမှာ Climate Change လို့ ခေါ်တဲ့ ရာသီဥတု ပြောင်းလဲမှုနဲ့ မိုးလေဝသ အခြေအနေ ဆိုးရွားလာမှု ဘယ်လို ဆက်စပ်နေသလဲ ဆိုတာ တင်ပြပေးပါမယ်။ ရာသီဥတု ပြောင်းလဲလာတာနဲ့အမျှ အပူလှိုင်း
ဖြတ်မှုတွေ ပိုဖြစ်လာပြီး ကူဝိတ်လို နိုင်ငံမှာ နေ့အပူချိန်ဟာ ၅၀ ဒီဂရီစင်တီဂရိတ်အထိ မြင့်တက်လာတာ တွေ့ရပါတယ်။
အပူလှိုင်းဖြတ်မှု ပိုများလာခဲ့မယ်ဆိုရင် အချိန်ကြာမြင့်မှုပေါ် မူတည်ပြီး မိုးခေါင်ရေရှားမှုတွေ ပိုဖြစ်လာပါတယ်။ ဒါတင် မကသေးပါဘူး… အပူချိန်တွေ မြင့်တက်လာမှုကြောင့် တောမီးလောင်နိုင်တဲ့ အခြေအနေတွေ ပိုများလာပါတယ်။ တစ်ဖက်ကလည်း မကြုံစဖူး မိုး အကြီးအကျယ် ရွာသွန်းနိုင်မှုနဲ့အတူ ရေကြီး ရေလျှံမှုတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။
ရာသီဥတုပြောင်းလဲမှုနဲ့ ပတ်သက်ပြီး လက်ရှိဖြစ်ပေါ်နေတဲ့ ဥပမာ တစ်ခုကို ပြောရရင် မဒါဂတ်စကာကျွန်းနိုင်ငံမှာ မိုးခေါင်ရေရှားမှုဒဏ်ကို ခံစားနေရတာ ၅ နှစ်ကျော်ခဲ့ပါပြီ။ လူဦးရေ ၅ သန်းကျော် အပေါ်
မိုးခေါင်ရေရှားမှုဒဏ် သက်ရောက်နေတာကြောင့် သူတို့ရဲ့ အသက်ရှင် ရပ်တည်ရေးပါ ခက်ခဲလာနေပါတယ်။ စိတ်မကောင်းစရာ ကောင်းတာက ဒီလို အခြေအနေတွေကနေ တိုးတက်လာအောင် မလုပ်ဆောင်နိုင်ဘူးဆိုရင် ၂၀၂၁ ခုနှစ် နှစ်ကုန်ပိုင်းလောက်မှာ လူဦးရေ ၂ သန်းအထိ ထပ်မံသက်ရောက် ခံစားရစေနိုင်တယ်လို့ ကျွမ်းကျင်သူတွေက ခန့်မှန်းထားကြပါတယ်။
ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ အစီအစဉ် (WFP) က ရာသီဥတု ပြောင်းလဲမှုကြောင့် အငတ်ဘေးကြုံရတဲ့ အဖြစ်အပျက်တွေ ဖြစ်ပျက်လာနိုင်တယ် လို့လည်း သတိပေးထားပါတယ်။
အထူးသဖြင့် မဒါဂတ်စကာတောင်ပိုင်းမှာ နှစ် ၄၀ အတွင်း အဆိုးဝါးဆုံး မိုးခေါင်ရေရှားမှုဒဏ် ကြုံတွေ့နေရတာဖြစ်ပြီး သီးနှံတွေ စိုက်ပျိုးဖြစ်ထွန်းမှုလည်း မရှိတော့တဲ့ အခြေအနေပါ။ ဒေသခံတွေဟာ
စားစရာ မလုံလောက်မှု ဖြစ်လာရသလို သဲမုန်တိုင်းတိုက်ခတ်မှုတွေနဲ့ပါ ကြုံတွေ့နေရတာလည်း ဖြစ်ပါတယ်။ ရာသီဥတု ပြောင်းလဲမှုရဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေကြောင့် သန်းချီတဲ့ လူသားတွေဟာ
သူတို့နေထိုင်ရာ အရပ်ဒေသကို စွန့်ခွာ ထွက်ပြေးမှုတွေလည်း ဖြစ်ပေါ်လာနေတာပါ။
Elemental Water Foundation ရဲ့ ဖော်ပြချက်အရ အာဖရိကတိုက်ရဲ့ တချို့ဒေသတွေမှာ ၂၀၈၀ ခုနှစ်လောက် ရောက်လာရင် အပူချိန်ပိုမိုမြင့်တက်လာနိုင်တယ်လို့ ဆိုပါတယ်။ ရာသီဥတုပြောင်းလဲမှုဟာ
သောက်သုံးရေ ရှားပါးပြတ်လပ်မှု အကျပ်အတည်းကိုပါ ဖြစ်ပေါ်စေနိုင်ပြီး ကမ္ဘာ့လူဦးရေ သန်းပေါင်းများစွာရဲ့ ကျန်းမာရေးနဲ့ လုံခြုံစိတ်ချစွာ အသက်ရှင်သန်နေထိုင်မှုကိုပါ ခြိမ်းခြောက်နေတာပါ။ စားနပ်ရိက္ခာထုတ်လုပ်နိုင်မှု လျော့နည်းလာတာနဲ့အမျှ အစားအသောက်ဈေးနှုန်း ပိုမိုမြင့်တက်လာနိုင်ပြီး အာဟာရချို့တဲ့မှုတွေနဲ့ တွေ့ကြုံလာနေရတာ ဖြစ်ပါတယ်။
အထူးသဖြင့် ထိခိုက်လွယ်တဲ့ အုပ်စုထဲမှာပါဝင်တဲ့ ကလေးငယ်တွေနဲ့ အမျိုးသမီးတွေဟာ အာဟာရ ပြည့်ပြည့်ဝဝ မစားသုံးနိုင် ဖြစ်လာတဲ့
အနေအထားလို့ ဆိုနိုင်ပါတယ်။
ရေခဲတောင်တွေ အရည်ပျော်လာတာနဲ့အမျှ မြစ်တွေရဲ့ ရှင်သန်မှုကိုပါ ဟန့်တားရာ ရောက်သလို ဇီဝမျိုးစုံ, မျိုးကွဲ ကြွယ်ဝမှုကိုပါ ထိခိုက်လာစေတဲ့အပြင် အဆိုပါ မြစ်ချောင်းတွေကို မှီခို, ရှင်သန်, ရပ်တည်နေရတဲ့ လူတွေအတွက်လည်း ကြီးမားတဲ့ အခက်အခဲတွေ ဖြစ်လာစေပါတယ်။
အမေရိကန် ရောဂါကာကွယ်ထိန်းချုပ်ရေး ဗဟို (CDC) ကလည်း ရာသီဥတုပြောင်းလဲမှုဟာ လူသားတွေရဲ့ ကျန်းမာရေးကိုပါ နည်းမျိုးစုံနဲ့ ထိခိုက်လာစေနိုင်တဲ့အကြောင်း သတိပေးထားပါတယ်။ အထင်ရှားဆုံးအချက်က လေထုညစ်ညမ်းမှုတွေ များပြားလာရင် အသက်ရှူကျပ်တဲ့ လူအပါအဝင် တိရစ္ဆာန်တွေအတွက် အသက်ရှူလမ်းကြောင်း ဆိုင်ရာ ရောဂါတွေ ပိုမိုဖြစ်ပွားလာပြီး အရွယ်မတိုင်ခင် သေဆုံးရမှုတွေ များပြားစွာ ဖြစ်ပေါ်လာနိုင်တဲ့ အနေအထားပါ။
ဘီဘီစီ သတင်းတစ်ပုဒ်မှာ ဖော်ပြချက်အရ ရာသီဥတုပြောင်းလဲမှုရဲ့ နောက်ဆက်တွဲဖြစ်တဲ့ အပူချိန်မြင့်မားတာနဲ့အမျှ တိရစ္ဆာန်မျိုးစိတ် တော်တော်များများရဲ့ ခန္ဓာကိုယ်အရွယ်အစားက သေးငယ်လာတယ် လို့ ဆိုပါတယ်။ အပူချိန်မြင့်မားလာတာကြောင့် တိရစ္ဆာန်တွေ အတွက် အစာရေစာ ရှားပါးမှုတွေ ဖြစ်ပေါ်စေပြီး ယင်းရဲ့ ထပ်ဆင့် အကျိုးဆက်အဖြစ် လူသားတွေကိုပါ ထိခိုက်စေနိုင်တဲ့အပြင် စားနပ်ရိက္ခာရှားပါးမှုလည်း ဖြစ်ပေါ်စေနိုင်တယ်လို့ ကျွမ်းကျင်သူတွေက သတိပေးထားပါတယ်။
ရာသီဥတု ပြောင်းလဲမှု ဖြစ်စဉ်ရဲ့ အခြေခံအကြောင်းရင်းတွေထဲမှာ လူသားတွေရဲ့ပယောဂက ကြီးမား,ကျယ်ပြန့်စွာ ပါဝင်နေပြီး စွမ်းအင်ရရှိရေး လောင်စာဆီ အလွန်အကျွံထုတ်လုပ် သုံးစွဲမှု၊ သစ်ပင်,သစ်တောတွေကို အလွန်အကျွံခုတ်ယူနေမှုတွေ ပါဝင်နေပါတယ်။ ဒီအချက်တွေကို လူသားတွေကပဲ အမြန်ဆုံး ပြန်လည်စိုက်ပျိုး, ထူထောင်ရမှာ ဖြစ်ပါတယ်။
အစားအစာတွေကို အလေအလွင့်မရှိအောင် စားသောက်ခြင်း၊ အပင်ကရတဲ့ အစားအစာကို ဦးစားပေး စားသောက်ခြင်း၊ စွမ်းအင်ကို ချွေတာ သုံးစွဲခြင်း၊ ပြန်လည်အသုံးပြုနိုင်တဲ့ ပစ္စည်းတွေကို အသုံးပြုခြင်း
စ,တဲ့ နည်းလမ်းတွေကို အသုံးပြုပြီး ရာသီဥတု ပြောင်းလဲမှုကို ဟန့်တားထိန်းယူနိုင်မှာ ဖြစ်တယ်လို့ ပညာရှင်တွေက အကြံပြုပါတယ်။
ကမ္ဘာ့အပူချိန် မြင့်တက်လာမှုဟာ ပင်လယ်သမုဒ္ဒရာနဲ့ မြစ်ချောင်းတွေထဲက ရေနေသတ္တဝါတွေရဲ့ ရှင်သန်မှုကိုပါ ထိခိုက်စေနိုင်ပြီး တချို့သာ ငါးမျိုးစိတ်တွေဆိုရင် ပျောက်ကွယ်စပြုလာပြီဖြစ်တဲ့အပြင် ငါးသယံဇာတ ရှားပါးမှုဆီကိုပါ ဦးတည်သွားနိုင်ပါတယ်။ အဲဒီလို ငါးသယံဇာတ ရှားပါးမှုက လူသားတွေအတွက်ပါ ကြီးမားတဲ့ သက်ရောက်မှု ဖြစ်လာစေနိုင်တာ သတိပြုရမှာပါ။ ဒါ့အပြင် ကမ်းရိုးတန်း ဒေသတွေမှာ ရေတိုက်စားမှုဒဏ် ပိုခံစားလာရပြီး အရင်ကထက် ပြင်းထန်တဲ့ အပူပိုင်းမုန်တိုင်းတွေ ပိုမိုဖြစ်ပေါ်, တိုက်ခိုက်နိုင်ခြေ ရှိလာပါတယ်။
ကျောက်မီးသွေး အသုံးပြုပြီး စွမ်းအင်ထုတ်လုပ်မှုကြောင့် ကောင်းကျိုးထက် ဆိုးကျိုးပိုများနေတဲ့အတွက် ဂျာမနီအစိုးရက လာမယ့် ၂၀၃၈ ခုနှစ်မှာ ကျောက်မီးသွေး အသုံးပြုမှု ရပ်တန့်ဖို့ ဆုံးဖြတ်ထားပါတယ်။ လျှပ်စစ်ထုတ်လုပ်ဖို့အတွက် ကျောက်မီးသွေးသုံးပြီး လည်ပတ်နေရတာကနေ ပတ်ဝန်းကျင် လေထုထဲကို လူနဲ့သက်ရှိတွေအတွက် အန္တရာယ်ဖြစ်စေတဲ့ ကာဗွန်ဒိုင်အောက်ဆိုက်၊ ဆာလဖာဒိုင်အောက်ဆိုက်၊ ကာဗွန်မိုနောက်ဆိုက်တွေ ထွက်ပေါ်စေလို့ပါပဲ။
ဒီ ဓာတ်ငွေ့တွေကို ရှူရှိုက်မိတာနဲ့အမျှ လူ့ကျန်းမာရေးကို ဆိုးရွားစွာထိခိုက်စေနိုင်တာကြောင့် ကျောက်မီးသွေး အစား ရေအား၊ လေအားနဲ့ နေရောင်ခြည်ကနေ စွမ်းအင်တွေ ထုတ်လုပ်ဖို့လည်း အရေးတကြီး ဖော်ဆောင်လာနေတာ ဖြစ်ပါတယ်။
အရေးကြီးတဲ့ အချက်က COP 26 ညီလာခံက သဘောတူညီချက်အတိုင်း ကမ္ဘာ့နိုင်ငံ အသီးသီးက အကောင်အထည်ဖော်သွားဖို့ပဲ ဖြစ်ပါတယ်။ ကျောက်မီးသွေး အသုံးပြုပြီး စွမ်းအင်ထုတ်လုပ်မှု လျှော့ချရေးကို လက်တွေ့ လုပ်ဆောင်ရမှာ ဖြစ်သလို ကမ္ဘာ့အပူချိန် မြင့်တက်မှုကို လျှော့ချနိုင်ဖို့ သစ်ပင်, သစ်တောတွေ အမြန်ဆုံး ပြန်လည်ထူတောင် စိုက်ပျိုးသွားဖို့ လုပ်ဆောင်ရမှာပါ။
ကျွန်မတို့ တစ်ဦးချင်း တစ်ယောက်ချင်းစီအနေနဲ့ သစ်ပင်တွေ ပိုပြီး စိုက်ပျိုးမယ်၊ တစ်ခါသုံး ပလပ်စတစ် ပစ္စည်းတွေ လျှော့သုံးမယ်၊ ရေအရင်းအမြစ်တွေကို ချွေတာသုံးစွဲမယ်ဆိုရင် ကမ္ဘာလုံးဆိုင်ရာ ရာသီဥတု
ပြောင်းလဲမှု ဟန့်တား တိုက်ဖျက်ရေးမှာ တထောင့်တနေရာက ပါဝင်ရာရောက်ပါကြောင်း တိုက်တွန်း ရေးသားလိုက်ရပါတယ်။…..။
#voiceofmyanmar #VOM #ဆောင်းပါး #သွေး(စစ်ကိုင်း)