ဆူးငှက်
တက္ကသိုလ်၏ ရွက်ကြွေလွင့်စ နေ့လယ်ခင်းများ
—————————————————-
ကတ္တရာလမ်းပေါ်သို့ ရွက်ဝါရော်တွေက ပျင်းတိပျင်းတွဲ လျှောဆင်းနေကြသည်။ တစ်ခါတစ်ရံ လေအဝှေ့မှာ ခိုစီး လိုက်ပါလာသေး၏။ တယ်ရွက်တွေ…ကုက္ကိုရွက်တွေ ကြွေနေတဲ့ မင်္ဂလာလမ်းပေါ်က ရေနီမြောင်းလေး အကျော်မှာ ‘စံပယ်တခက်’ အဆောင်ဆီက ကျောင်းသူလေး တစ်ဦးဦး၏ စာကြည့်စားပွဲပေါ်ရှိ ပင်နာဆိုနစ် ကက်ဆက်လေးက သီချင်းသံလေးလည်း လမ်းပေါ်သို့ သစ်ရွက်ကြွေများနှင့် အတူ လွင့်ကျလာသည်။
သည်လို နေ့ခင်းတချို့မှာ နေ့လယ်ပိုင်း စာသင်ချိန် တော်တော်များများ မရှိလေတော့ (အကယ်၍ ရှိလျှင်လည်း အတန်းမတက်ဖြစ်ဘဲ) အတန်းဖော် ကျောင်းသူအချို့နှင့် ကျွန်တော်တို့တစ်တွေ မဟာမုနိဘုရားကြီးသို့ အမြဲလိုလို သွားဖြစ်ကြသည်။ ကျောင်းတောင်ဘက် အပေါက်က ထွက်၊ စိုက်ပျိုးရေး လယ်ကန်သင်းပေါ်က မြေလမ်းအတိုင်း အနောက်ဘက် ဆင်ဖြူကန် သုသာန်ကတစ်ဆင့် ရန်ကုန်-မန္တလေး လမ်းမကြီးမှသည် ရှမ်းစု ဘူတာရုံလေးကို ဖြတ်ကာ ဘုရားကြီးသို့ သွားကြသည်။
သို့မဟုတ်က အဲလို လမ်းကြားတွေကို ရှောင်ပြီး ကျောင်းမြောက်ဘက် ပင်မအပေါက်ကနေ မင်္ဂလာလမ်းမှ တဆင့် မြို့ထဲကနေ ဘုရားကြီးကို သွားတာမျိုးလည်း ရှိသည်။ အတူသွားဖော် ကျောင်းသူတွေက အားလုံးလိုသည် ဗောဓိကုန်းရပ်ထဲရှိ အပြင်ကျောင်းဆောင်တွေမှာ နေကြတဲ့ အဝေးနယ်က ကျောင်းသူတွေချည်း ဖြစ်၏။သူတို့က မန္တလေးမှာ ကျောင်းလာနေစဉ် မဟာမုနိဘုရားကြီးသို့ အခုလို သွားရတာမျိုးကို ပျော်ရွှင် ဝမ်းမြောက်ကြသည်။ ကျွန်တော်တို့ကတော့ မြို့ခံများမို့ စက်ဘီးကိုယ်စီနှင့် သူတို့ကို တင်ဆောင်လိုက်ပို့ကာ အဖော်လိုက်ရသည်။ မဟာမုနိ ဘုရားကြီးသို့ မည်သည့်လမ်းက သွားသည် ဖြစ်စေ ကျွန်တော်တို့တစ်တွေက အရှေ့ ၄၅ တာကပဲ ဝင်ကြသည်။ အရှေ့ ၄၅ တာ အရှေ့ဘက်ခြမ်းမှာ ဘောလုံးကွင်း တစ်ကွင်း ရှိသည်။ ဘောလုံးကွင်း တောင်ဘက်မှာ အများသုံး ရေအိမ်၊ ရေကန်နှင့် အိုးစည်တန်း ဆိုင်စု…။
ဘုရားကြီး အရှေ့၄၅တာမှာ
———————————
ပြီးတော့ ရေညှိတွေ အမြဲတက်နေသည့် လိပ်ကန်..။ ထိုနေရာများ ကြားမှာတော့ အမှိုက်ပုံက ဟိုတစ်စု သည်တစ်စု။ ဘောလုံးကွင်း အနောက်ဘက်မှာ ဇရပ်တချို့ ရှိသည်။ ထို့နောက် ၄၅တာ ဝင်လမ်း။ ဝင်လမ်း အနောက်ဘက်မှာ ဇရပ်တချို့နှင့်အတူ အလွန်မြင့်မားလှသော တံခွန်တိုင်ကြီး ရှိ၏။ တံခွန်တိုင်ကြီး အောက်တွင် အမှတ်၆ ဘတ်စ်ကား ချက်ပလက် ခေါင်းတို လေးငါးစီးက အဆင်ပြေသလို ရပ်ကာ ကားပေါ်မှာ စပယ်ယာနှင့် ဒရိုင်ဘာများ ပုဆိုးလေးတွေ ခင်းပြီး အိပ်နေတတ်၏။ အရှေ့ စောင်းတန်း ခါးပြတ်မှ ဆင်းလာကာ ဘတ်စ်ကားဂိတ် ဘက်သို့ ဘုရားဖူး တစ်စု၏ ဆူညံသော စကားသံကြားပါမှ အလှည့်ကျ ဘတ်စ်ကားပေါ်မှ အိပ်နေသော စပယ်ယာက ခေါင်းထောင်ပြီး ”ဈေးချို လား….ဈေးချု.ိ..” ဟု အော်တတ်သည်။
ဘုရားဖူးများသည် သူ့လမ်းသူ သွားတော့ စပယ်ယာက ပြန်အိပ်သည်။ များသောအားဖြင့် ဂိတ်မှူးသည် တံခွန်တိုင်ကြီးအောက် ဇရပ်အိုလေးထဲက ယိုင်နဲ့နဲ့ စားပွဲလေးပေါ်စုံထောက်ဝတ္ထုတစ်အုပ်ဖတ်လျက်ဖြစ်စေ သို့မဟုတ် အဖော်တစ်ယောက်နှင့် ကျားထိုးလျှက်ဖြစ်စေ သို့မဟုတ် အနားက အုတ်ပလ္လင်ပေါ် လှဲလျက်ဖြစ်စေ ရှိနေတတ်၏။ သေချာသည်မှာ သည်ရာသီဥတု သည်လေရူးမှာ အုံ့မှိုင်း မန်ကျည်းပင်၊ ကုက္ကိုပင်ကြီးတွေ အောက်က ဇရပ်ထဲမှာ လူသူကင်းရှင်း တိတ်ဆိတ်လှသည့် အနေအထားမို့ တက်ကြွမနေဘဲ လေးလံ နေတတ်သည်။ သို့သော် နာရီဝက် တစ်ခါတော့ အသံစူးစူး ခရာမှုတ်ပြီး အလှည့်ကျ ကားကို ထွက်စေတတ်၏။ ထိုခရာသံကြားမှ အိပ်ပျော်နေသော ဒရိုင်ဘာလည်း ဂီယာကို တုတ်ထိုးသည်။ စပယ်ယာက ဂေါက်တံ လှည့်သည်။ စက်ကလည်း တော်တော်နှင့်မနိုး။ နိုးပြန်တော့လည်း တဂီးဂီး အသံပေးကာ အင်ဂျင်ကဆန့်ငင် ဆန့်ငင် ခုတ်မောင်းနေသည်။ အတောြ်ကာမှ နေသားတကျ ဘတ်စ်ကားက တလိမ့်ချင်း ထွက်၏။ များသောအားဖြင့် ၄၅ တာဂိတ်စမှာ ပါစင်ဂျာ မပါတာက များသည်။ လမ်းရောက်မှ လူပြည့်၏။
ကျွန်တော်တို့သည် တစ်ခါတစ်ရံ ဘုရားကြီးကို ဖူးပြီးနောက် စက်ဘီးအပ်ဆိုင်မှ စက်ဘီးကို မရွေးသေးဘဲ အမှတ်(၆) ဘတ်စ်ကားကြီးကို ကျောင်းသူ အဖော်တစ်စုနှင့် တက်စီးပြီး ဦးတည်ရာမဲ့စွာ လိုက်သွားတတ်သေး၏။ များသောအားဖြင့် ဈေးချိုကို ဝင်၍ ရုံကြီးတွေထဲ ဟိုဆိုင် သည်ဆိုင် ဝင်ငေးကာ အလယ်ပေါက်မှ ရွှေရင်အေးသောက်ပြီး ကြုံသည့် ဘတ်စ်ကား သို့မဟုတ် မြင်းလှည်းဖြင့်ဘုရားကြီးသို့ ပြန်လာကြသည်။ ထို့နောက် စက်ဘီးရွေးပြီး ကျောင်းဘက် ဗောဓိကုန်း အဆောင်တွေဆီ ပြန်ကြသည်။ အဆောင်ရောက်တော့ သူငယ်ချင်း ကျောင်းသူလေးတွေက အဆောင်ထဲဝင် အဝတ်အစားလဲနေစဉ် အဆောင်ရှေ့ လက်ဖက်သုတ်ဆိုင်မှာ ထိုင်ဖြစ်ကြသည်။ ခဏနေတော့ သူတို့က ပြန်ထွက်လာပြီး စကားဝိုင်းဖွဲ့ဖြစ်ကြသည်။
တစ်ခါကတော့ ကျွန်တော်တို့တစ်တွေ ဘုရားကြီးမှာမိုးလင်းဖူးပါ၏။ ထိုနေ့က ကျွန်တော်တို့သည် ကျောင်းမတက်ဖြစ်ဘဲ မနက်ကတည်းက ဗောဓိကုန်း မြတ်မွန် အဆောင်ရှေ့ ရောက်နေကြ၏။ မြတ်မွန်ဆောင် ရှေ့က ဆိုင်လေးမှာ လက်ဖက်ရည်မှာ သောက်ရင်း အဆောင်ထဲက ထွက်လာမည့် သူငယ်ချင်း ကျောင်းသူတွေကို စောင့်နေဖြစ်သည်။ ခဏနေတော့ ကျွန်တော်တို့ကို မြင်၍ မတ္တရာမြင့်မြင့်သန်းက ထွက်လာသည်။ ကျောင်းသွားမည့် ပုံစံမဟုတ်၊ ရွာဘုရားပွဲမို့ ဝတ်စား ပြင်ဆင်ထားပုံမျိုး။
သူက “အတော်ပဲ..၊ နင်တို့ကို မနေ့က မမှာလိုက်ရဘူး၊ ဒီနေ့ မုံရွာတင့်တင့် မွေးနေ့ဟ၊ ငါတို့ ကျောင်းမတက်တော့ဘူး၊ ဘုရားကြီးသွားမလို့ နင်တို့ လိုက်ခဲ့” တဲ့။ ကျွန်တော်တို့ကလည်း နှစ်ခါ ခေါ်စရာမလို။ ကျောင်းမတက်ရရင် ပြီးရော..၊ ရောယု၀ ရောက်ရောက် ဆိုသည့် လူစားမျိုးတွေ မဟုတ်လား။ မကြာခင် စောစောက ပြောသလို ကွမ်းတောင်ကိုင် ပန်းတောင်ကိုင် ပုံစံနှင့် မုံရွာတင့်တင့်၊ မုံရွာအေးအေး၊ ပျော်ဘွယ်မဖြူတို့ အဆောင်က ထွက်လာပြီး ကျွန်တော်တို့ စက်ဘီးတွေနှင့် ဘုရားကြီး သွားကြသည်။
၄၅တာမှသည် မာယာထောင်ချောက်သို့
———————————————
ဖြစ်ချင်တော့ ဘုရားကြီးအရှေ့၄၅တာကွင်းကြီးမှာ ဘုန်းကြီးပျံပွဲနှင့် တိုးနေ၏။ ဒါပေမယ့် သူတို့ အစီအစဉ်က ဘုရားကြီးကနေ နေ့လယ်၁၂နာရီပွဲ မြို့ဂုဏ်ရောင်မှာ ရုပ်ရှင် ကြည့်ကြဦးမှာတဲ့။ မာယာထောင်ချောက်တဲ့။ ကျွန်တော်တို့က ဘုန်းကြီးပျံကွင်းထဲ မော့ချင်သေး၏။ ဆိုင်းသံ ဗုံသံက တညံညံ..။ လူတွေကတိုးမပေါက်။ ဖျော်ရည်သည်များ၏ ရေပုံးကို သံခွက်နှင့်ခေါက်..၊ ကြံရည်သည်များက ကြံကြိတ် ဝိတ်ဘီးကြီးကို လှည့်လိုက်တိုင်း ခြူသံက တလွင်လွင်၊ အချဉ်ပေါင်းသည်က တစာစာ..။ အထူးသဖြင့် ကျွန်တော်တို့ကို ဆွဲဆောင်ထားသည်က ကွင်းကြီးအပေါ် မိုးထားသလို ကြီးမား မြင့်မားလှသည့် ကျားရုပ်ကြီး…။
သည်ကျားရုပ်ကြီးက ဘုန်းကြီးပျံ ခေါင်းကြီးကို ပါးစပ်နဲ့ ကိုက်ပြီးကစားမှာတဲ့…။ ကျားကြီးဗိုက်အောက်က စင်မှာ ဘုန်းကြီး တစ်ပါးနှင့်အတူ လူလေးငါးခြောက်ယောက်က ကြိုးတွေ ပြင်ဆင်နေကြတော့ ကျားကြီး ခြေလှုပ်၊ လက်လှုပ်၊ ပါးစပ်လှုပ်…။ “ရုပ်ရှင် မကြည့်ပါနဲ့ဟာ..၊ ဘုန်းကြီးပျံ အငြိမ့် ကြည့်ရအောင်..” ဟု ကျောင်းသူတွေကို အဖော်စပ်ရသည်။ သူတို့က ရုပ်ရှင်လည်း ကြည့်ချင်နေကြသည်။ ဘုန်းကြီးပျံ အငြိမ့်လည်း အာရုံမပြတ်..။ နောက်ဆုံးတော့ ကျွန်တော်တို့ စက်ဘီးတွေ ယူသွားပြီး သူတို့ ရုပ်ရှင်သွားမည်။ ရုပ်ရှင်အပြီး သုံးနာရီမှာ ဘုန်းကြီးပျံဆီ ပြန်လာပြီး ကျွန်တော်တို့နှင့် ပြန်ဆုံမည်။ သည်လိုနှင့် ကျွန်တော်တို့ဆီက စက်ဘီးသော့တွေ ယူကာထွက်သွားကြသည်။
သူတို့သွားမှ ကျွန်တော်တို့ လွတ်လွတ်လပ်လပ် ဘုန်းကြီးပျံကွင်းထဲ ဝင်ကြ၏။ ကွင်းထဲမှာ လူအပြည့်အပြင် မြောက်ဘက် ဗိုလ်ဗထူးလမ်းပေါ်အထိ မြင်းလှည်းတွေ၊ ဆိုက်ကားတွေ၊ စက်ဘီးတွေ၊ အပြည့်အကျပ်။ ဘတ်စ်ကားတွေက ကွင်းထဲထိ မဝင်နိုင်လို့ ရှမ်းပွဲမှာပဲ ဂိတ်ထိုးထားရ၏။ အနီးဆုံး မဏ္ဍပ်ထဲ တိုးဝှေ့ဝင်ကြည့်တော့ အငြိမ့်ထွက်နေသည်။ လူကြားတိုးပြီး ဝင်ကြည့်ရင်း ဖျပ်ခနဲ သတိရလာ၏။ ထိုအခါမှ အနားက အဖော်တွေကို လက်ကုတ်ပြီး ”နေပါဦး …သူတို့က ဒီကိုပြန်လာမှာ ဆိုတော့ ငါတို့နဲ့ ဘယ်မှာ ဘယ်လို ဆုံမှာတုံး…။ ဘာမှလည်း မချိန်းလိုက်ရဘူး”ဟု ပြောမိ၏။ ဟုတ်တယ်၊ ဒီလောက် လူများတဲ့ ကွင်းကြီးထဲ ဘယ်လို ရှာဖွေကြမှာလဲ။ ဒုက္ခပဲ၊ စက်ဘီးတွေက သူတို့ ယူသွားကြပြီ။ နောက်ဆုံးတော့ ကမ္မသကာပဲ သဘောထားကာ အငြိမ့်တွေကိုပဲ ပျော်ပျော်ကြီး ကြည့်ဖြစ်တော့၏။
ငွေမင် ပြေလွင် ဝေဟင်ယံ ထက်နန်းထက်နန်း
—————————————————–
ဗဟိုဧည့်ခံ မဏ္ဍပ်ကြီးမှာက မန္တလေးမြို့၏ နာမည်ကျော် သစ်လွင်အငြိမ့် ကပြနေသည်။ ဗဟိုဧည့်ခံ မဏ္ဍပ်ကြီးရဲ့ မြောက်ဘက် မန္တလေးတပည့် သံဃာများရဲ့မဏ္ဍပ်မှာက ရွာစားရွှေဒေါင်းမြိုင် ဆိုင်းအဖွဲ့နှင့် ”လူထုချစ်ခင် မာယာတင်”က ဧယင်ကျူးမည်။ ကျွန်တော်တို့ တစ်တွေသည် မဏ္ဍပ်နှစ်လုံးဆီက ခွာလို့ ရတော့မှာမဟုတ်။ ဗဟိုဧည့်ခံ မဏ္ဍပ်ကြီးက ရှေ့ထွက်မင်းသမီးဖြင့် အငြိမ့်ခန်းထွက်နေစဉ် မန္တလေးမဏ္ဍပ်က မာယာတင်ဧယင်ကျူးဖို့ အိုင်ကျင်း ဖွဲ့နေပြီ။ ကျွန်တော်တို့ မန္တလေးမဏ္ဍပ်မှာ လူကြားထဲ ဇွတ်တိုးပြီး အဘွားကြီးတွေကြား တိုးဝှေ့ကာ ဖိနပ်ဖင်ခုထိုင်၍ နေရာယူ လိုက်ကြသည်။ ထိုစဉ်ကမာယာတင် ဧယင်ကျူးသွားသော ငိုချင်းလေးကိုတော့ အခုထိ မှတ်မိနေသေး၏။ ဆံပင်ကို ဖားလျားချကာ ဧယင်ပုခက်ကို လွှဲကာလွှဲကာနှင့် ”ကြော့ပါပေဘုရာ့၊ ကန်တော့ကာလေ ပဏာမရယ်နဲ့ ဈာပနတော် စီမံပုံ ကောင်းလိုက်တာက… ပြည်တန်တဲ့ အလောင်း….အလောင်း…..” တဲ့…။
ကျွန်တော်တို့မှာ မာယာတင်ပြီးတော့ ဗဟိုဧည့်ခံ မဏ္ဍပ်က သစ်လွင်အငြိမ့်ဆီ ကူးကြပြန်၏။ ကျွန်တော်တို့မှာ သစ်လွင်အငြိမ့်က ဧယဉ်ကျူးမင်းသမီး ရွှေမန်းသူ မြင့်မြင့်သန်းနှင့် ဗုံထောက်မှာ ပျော်လိုက် ၊ ကျောင်းပေါက်အရောက် အပြေးအလွှားဝင်တော့ ရင်ဖိုလိုက်၊ ဘုန်းကြီးအလောင်းတွေ့၍ ပစ်လှဲကာ ငိုချင်းချတော့ ဝမ်းနည်းလိုက်..။ ”ငွေမင် ပြေလွင် ဝေဟင်ယံ ထက်နန်းထက်နန်း၊ မြတ်ဒေဝီ နတ်ပြည်ဆီ မှတ်ရွှေရည် ဘုန်းဘာကြောင့်မြန်း” ဟူသော ကောင်းကင်ကြိုး တွင်လည်း လွင့်မျောပါလိုက်နှင့် ဗဟိုဧည့်ခံမဏ္ဍပ်မှာ ဧယင်ကျူးပြီးတော့ ညနေ ၃ နာရီကျော်ပြီ…။
မဏ္ဍပ်ထဲက ထွက်လာမှ ဆာတာ သတိရ၊ ရုပ်ရှင်သွားကြည့်ကြတဲ့ ဟိုမမတွေကို သတိရတော့သည်။ အဝင်ဝနှင့် နီးသော အိုးကြီး မုန့်ဟင်းခါးဆိုင်မှာ ဝင်ကာ မုန့်ဟင်းခါး တစ်ပွဲစီမှာပြီး ၄၅ တာ အဝင်လမ်းကို မကြာခဏ မျှော်ကြည့်မိ၏။ ၄၅ တာ ကွင်းကြီးထဲမှာတော့ ဖုန်လုံးတွေ ဝေ့တက်နေတာ တစ်ကွင်းလုံး။ ဗိန်းမောင်းသံနှင့် ကျားရုပ်ကြီးက ခေါင်း မော့ကာ ခြေလှုပ်လက်လှုပ် အမြီးတရမ်းရမ်း..၊ စားနေတဲ့ မုန့်ဟင်းခါးထဲမှာ သဲက တကျိကျိ။
သည်လိုနှင့် စက်ဘီးယူကာ ရုပ်ရှင်သွားကြည့်ကြသည့် သူငယ်ချင်း ကျောင်းသူတစ်စုနှင့် တစ်ညလုံး မတွေ့ရတော့။ ကျွန်တော်တို့လည်း စက်ဘီးမပါဘဲ အိမ်မပြန်ဝံ့သည်နှင့်အတူ ဘုန်းကြီးပျံကွင်းမှာ ဟိုမဏ္ဍပ် ဝင်ငေးလိုက်၊ ပြာသာဒ် ကစားသည့်နောက် ပြေးကြည့်လိုက်၊ ကျားရုပ်ကြီး မော့လိုက်၊ ညမှာ မြို့မတူရိယာနှင့် အငြိမ့်ခန်း ဝင်ထိုင်လိုက်နှင့် နံနက် ၄ နာရီထိုးတော့ တစ်ပါတည်း ဘုရားကြီး မျက်နှာသစ်တော်အမီ ဝင်ကန်တော့ ပူဇော်ကြရင်း မိုးစင်စင် လင်းတော့သည်။ အိမ်ကို စက်ဘီးမပါဘဲ ဝင်ကာ ရေမိုးချိုး၊ နံနက်စာ စားပြီး။ စာတွေ ကျက်နေရလို့ သူငယ်ချင်းအိမ် စက်ဘီးထားခဲ့ရသလိုမျိုး ထိုးဇာတ်ခင်းကာ ကျောင်းသို့ ဘတ်စ်ကားနှင့် ပြန်ပြေးရ၏။ မြတ်မွန်ဆောင် ရောက်တော့ ကိုယ်တော်မတွေက တဟားဟား။ သူတို့က ရုပ်ရှင်ကြည့်ပြီး ဘုရားကြီးပြန်မလာဘဲ အဆောင် တန်းပြန်ကြတာတဲ့.။ တင့်တင့်စီးသွားသော ကျွန်တော့် စက်ဘီးမှာ ထိုင်ခုံအစွပ်အသစ်ကို ဘလိတ်ဓားနှင့် ခွဲထားတာ ခံရသေးသည်။ ကဲ… လုပ်ပုံ။
ဆူးငှက်
