မေ ၁၉ – ၂၀၂၆
SN (VOM)
ချင်းပြည်နယ်အတွင်းက မြို့နယ်တချို့မှာ စစ်ရေးအခြေအနေ အလွန်တင်းမာနေပြီး အစိုးရတပ်က မြေပြင်ထိုးစစ်အပြင် လေကြောင်း တိုက်ခိုက်မှုတွေပါ ပြုလုပ်နေတဲ့အတွက် တိုင်းရင်းသား လက်နက်ကိုင်တပ်တွေနဲ့ တိုက်ပွဲ ဖြစ်ပွားနေတယ်လို့ သိရပါတယ်။
လက်ရှိ တွန်းဇံမြို့မှာ အစိုးရတပ်နဲ့ ဇိုမီးတပ်မတော် (ZRA) ပူးပေါင်းတပ်တွေက မြို့ကို သိမ်းပိုက်နိုင်ဖို့ မေ ၁၁ ရက်မှစတင်ကာ အင်အားအများအပြားနဲ့ စစ်ကြောင်း သုံးကြောင်းခွဲပြီး ထိုးစစ်ဆင်လာတဲ့အတွက် မြေပြင်တိုက်ပွဲ ပြင်းထန်နေသလို မေ ၁၇ ရက်၊ နေ့လယ် ၁ နာရီကျော်ဝန်းကျင်ကလည်း အဲဒီမြို့ပေါ်ကို လေကြောင်း တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
“လေကြောင်း တိုက်ခိုက်ခံရတာက လူအထိအခိုက်တော့ မရှိဘူး။ အိမ်တွေပျက်စီးတာပဲ ရှိတယ်။ လက်ရှိ တိုက်ပွဲအခြေအနေက အစိုးရ ပူးပေါင်းတပ်က တွန်းဇံကို ညှပ်ပိတ်ပြီး တိုက်မယ့်သဘော၊ လေကြောင်း ပစ်ကူတွေနဲ့ စစ်ကြောင်းတွေခွဲလာတာ။ ရွာချင်းဆက် လမ်းတွေကတဆင့်လာတဲ့ စစ်ကြောင်းတကြောင်းရှိမယ်။ ပြီးတော့ တီးတိန် – တွန်းဇံလမ်းအတိုင်းလာတာ တကြောင်း၊ နောက် ကျီခါး – တွန်းဇံလမ်းအတိုင်းလာတဲ့ စစ်ကြောင်းတကြောင်း ရှိမယ်။ အဲဒီစစ်ကြောင်းတွေကို ချင်းလက်နက်ကိုင်တပ်တွေက ကြားဖြတ်တိုက်နေတယ်” လို့ စစ်ရေး သတင်းရင်းမြစ်တယောက်က ပြောပါတယ်။
လက်ရှိ တိုက်ပွဲဖြစ်ပွားနေတဲ့ နေရာတွေကတော့ တွန်းဇံမြို့ရဲ့ အရှေ့တောင်ဘက် ၁၁ မိုင်ဝန်းကျင်အကွာရှိ ကယ်လ်ဇန်ကျေးရွာနဲ့ လွမ့်ဇန်ကျေးရွာကြားက လောရ်ဇန်တောင်ကုန်းမှာလို့ သိရပြီး ပြီးခဲ့တဲ့ မေ ၁၅ ရက်နေ့ကလည်း မြို့ရဲ့ အနောက်တောင်ဘက် ၇ မိုင်ခန့်အကွာက ဗျာလ်ကျင်းကျေးရွာမှာ တိုက်ပွဲ ပြင်းထန်ခဲ့တယ်လို့ သူက ပြောပါတယ်။
လတ်တလော စစ်ရေး အခြေအနေတွေကြောင့် တီးတိန် – တွန်းဇံလမ်းပိုင်းအတွင်း အများပြည်သူ ဖြတ်သန်းသွားလာခွင့်ကို ဒေသတွင်း လက်နက်ကိုင်တပ်တွေက ပြီးခဲ့တဲ့ မေ ၁၁ ရက်နေ့မှစတင်ကာ ရက်အကန့်အသတ်မရှိ ယာယီ ပိတ်ပင်ထားတယ်လို့ သိရပါတယ်။
ဒါအပြင် မင်းတပ်မြို့၊ အနောက်ရပ်ကွက်မှာလည်း မနေ့ မေ ၁၈ ရက်၊ မွန်းလွဲ ၃ နာရီခွဲဝန်းကျင်က လေကြောင်းတိုက်ခိုက်မှု ဖြစ်ပွားခဲ့တာကြောင့် လူထိခိုက်မှုနဲ့ နေအိမ်ပျက်စီးမှုတွေ ရှိခဲ့တယ်လို့ သိရပြီး VOM အနေနဲ့ အသေးစိတ်အခြေအနေကို သိရဖို့ ဆက်လက် စုံစမ်းနေဆဲဖြစ်ပါတယ်။
ပြီးခဲ့တဲ့ မေ ၁၁ ရက်နဲ့ ၁၂ ရက်နေ့ကလည်း မင်းတပ်မြို့ပေါ်နဲ့ မြို့အနီးမှာ နှစ်ရက်ဆက်တိုက် လေကြောင်းတိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီး သေဆုံးသူ လေးယောက်ရှိခဲ့ကာ နေအိမ် ၁၅ လုံးနဲ့ ဌာနဆိုင်ကာ အဆောက်အအုံတွေလည်း ပျက်စီးခဲ့တယ်လို့ ဒေသတွင်း လက်နက်ကိုင်တပ်တွေက မေ ၁၂ ရက်မှာ သတင်းထုတ်ပြန်ထားပါတယ်။
ဒါအပြင် မကွေးတိုင်း၊ ဆောမြို့နယ်နဲ့ ချင်းပြည်နယ်အစပ် ဒေသတွေမှာလည်း အစိုးရတပ်ရဲ့ စစ်ကြောင်းလှုပ်ရှားမှုတွေ ရှိနေတဲ့အတွက် ဒေသတွင်း လက်နက်ကိုင်တပ်တွေနဲ့ စစ်ရေးတင်းမာမှုတွေ မြင့်တက်နေတယ်လို့ သိရပါတယ်။
လက်ရှိမှာ မကွေးတိုင်း၊ ဆောမြို့နယ်ကနေ ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်ဘက်ကို အစိုးရတပ်စစ်ကြောင်း ဦးတည်ထွက်ခွာလာနေသလို လောင်းရှည် – ဆော – ကျောက်ထု လမ်းပိုင်းတွေမှာလည်း စစ်ရေးလှုပ်ရှားမှုတွေ ရှိနေတယ်လို့ သိရပါတယ်။
ဒါကြောင့် ဒေသခံတွေအနေနဲ့ ကျန်းမာရေးဆိုင်ရာ အရေးပေါ်ကိစ္စရပ်တွေမှအပ အဲဒီလမ်းပိုင်းကို ဖြတ်သန်းသွားလာခြင်း မပြုလုပ်ကြဖို့ ဆောမြို့နယ်ရှိ လက်နက်ကိုင်တပ်တွေက ပြီးခဲ့တဲ့ မေ ၁၇ ရက်မှာ အသိပေး ထုတ်ပြန်ထားပြီး မလွဲသာမရှောင်သာဘဲ အဲဒီလမ်းပိုင်းတွေကို ဖြတ်သန်းသွားလာရမယ့် အခြေအနေရှိလာပါက သက်ဆိုင်ရာ တပ်ဖွဲ့တွေထံ မဖြစ်မနေ ကြိုတင်ချိတ်ဆက်ပြီးမှသာ သွားလာကြဖို့ အထူး မေတ္တာရပ်ခံထားပါတယ်။
“ကန်ပက်လက်မှာလည်း မနေ့ မနက်ပိုင်းလောက်ကစပြီး တိုက်ပွဲနေပြီပြောရမယ်။ အစိုးရတပ်က ဆောမှာ အင်အားဖြည့်ပြီး ကန်ပက်လက်ဘက်ကို ဆော၊ ကျောက်ထုဘက်ကနေဝင်ဖို့ ကြိုးစားနေတာ။ တဆက်တည်း မင်းတပ်ကိုပါ ထိုးစစ်ဆင်ဖို့ ပြင်ဆင်ထားပုံရတယ်။ ကန်ပက်လက်ကိုဝင်ဖို့ အဲဒီမြို့ အနီးတဝိုက်နဲ့ မင်းတပ်မြို့ဘက်ကို လေကြောင်း တိုက်ခိုက်မှုတွေလည်း လုပ်နေတယ်” လို့ ဒေသခံတယောက်က ပြောပါတယ်။
ဒါကြောင့် တပြင်းကျေးရွာအပါအဝင် ကျောက်ထု၊ ဆော၊ ကန်ပက်လက်နဲ့ မင်းတပ်မြို့နယ်တို့က ဒေသခံတွေ၊ အထူးသဖြင့် စစ်ကြောင်း ဝင်ရောက်လာနိုင်တဲ့ လမ်းကြောင်းတလျှောက် နေထိုင်သူတွေအနေနဲ့ ဘေးလွတ်ရာ နေရာတွေကို ကြိုတင် ရှောင်ရှားကြဖို့ ဒေသတွင်း လက်နက်ကိုင်တပ်တွေက တိုက်တွန်း နှိုးဆော်မှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။
ဒါအပြင် အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်နဲ့ နယ်စပ်ချင်းဆက်နွယ်နေတဲ့ ချင်းပြည်နယ်၊ ရိဒ်ခေါဒါရ်မြို့ကို အစိုးရတပ်က ပြန်လည်သိမ်းယူနိုင်ဖို့ ရက်ပိုင်းအတွင်း နယ်မြေရှင်းလင်းရေး လုပ်ဆောင်မယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေတာကြောင့် ဒေသခံ ၈၀၀ ကျော်ဟာ လက်ရှိမှာ မီဇိုရမ်ပြည်နယ်ဘက်ကို ထပ်မံ စစ်ဘေး တိမ်းရှောင်နေကြတယ်လို့ သိရပါတယ်။
အိန္ဒိယ – မြန်မာ နယ်စပ်ကုန်သွယ်ရေး အမှတ် (၂) စခန်း တည်ရှိရာ၊ နှစ်နိုင်ငံကုန်သွယ်ရေးအတွက် အချက်အချာကျတဲ့ ရိဒ်ခေါဒါရ်မြို့ကို ဒေသတွင်း လက်နက်ကိုင်တပ်ဖွဲ့တွေက လွန်ခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၄ ရက်နေ့မှာ ထိန်းချုပ်ထားတာဖြစ်တယ်လို့ သိရပါတယ်။
အစိုးရတပ်ဟာ ချင်းပြည်နယ်၊ ဖလမ်းမြို့ကို ပြီးခဲ့တဲ့ ဧပြီလ ၁၂ ရက်နေ့မှာ ပြန်လည် သိမ်းပိုက်ခဲ့ပြီးနောက် လက်ရှိမှာ ဖလမ်း – ဟားခါးလမ်းပိုင်းကို ဆက်လက် ထိန်းချုပ်နိုင်ဖို့ ကြိုးစားနေသလို တဖက်မှာလည်း ချင်းပြည်တောင်ပိုင်းက မြို့နယ်တွေကို မကွေးတိုင်းကတဆင့် ထိုးဖောက်ဝင်ရောက်နိုင်ဖို့ ကြိုးပမ်းလျက်ရှိတယ်လို့ သိရပါတယ်။
Photo – CJ
