ဆူးငှက်
အလှကိုယ်စီ ခြယ်သကြမည်
————————————-
ဆောင်းနှင်းပါးပါးလွင့်စ၊ တောင်လေပြည်ဖြူးဖြူးတွင် ရွက်ဝါတွေ ဖွေ့ဖွေ့ကြွေသည်နှင့် သင်္ကြန်ရနံ့လေးကို လှိုက်ခနဲ သတိရလိုက်ကြသည်။ အခုမှ တပေါင်းလပြည့် ကျော်ကာ ရှိသေးဟု မည်သူက ဆိုစေကာမူ ဆောင်းပုံရိပ်ထူထူတွင် နွေပုံရိပ်ပါးပါးလေး ဝင်လာကတည်းက သင်္ကြန်ရနံ့သည် လူတိုင်းရင်ထဲ တိတ်တခိုး ဝင်လာသည်ချည်းပင်။ လွန်ခဲ့သော နှစ် ၄၀၏ ရှေ့ပိုင်း နှစ်ကာလများမှာကတော့ အခုလို နွေရနံ့လေး ရလာသည်နှင့် နှစ်စဉ်ဆင်နွှဲနေကျ အသင်းကြီးများကလည်း အသင်းတည်ရာ အိမ်၌ ဖြစ်စေ၊ အသင်းတိုက်၌ ဖြစ်စေ၊ လူစုကြပြီး ဘယ်သီချင်းတွေ စပ်ကြမည်။ ဘယ်လို အလိုက်၊ ဘယ်လို အသွား၊ ဘယ်လို စာသားတွေ ရေးဖွဲ့ကြမည်။ အလှပြယာဉ်ကို ဘယ်သို့ဘယ်ပုံ ပြင်ဆင် ခြယ်သကြမည် ဆိုတာ တိုင်ပင်ကြ၏။ နှီးနှောကြ၏။
မကြာမီ မန်္တလေးမြို့၏ ရပ်ကွက်အသီးသီး၊ ဝင်းအသီးသီးမှာ တီးလုံးတိုက်သံတွေ ပျံ့လွင့်လာသည်။ ဝင်းလည်ခေါင် နှီးချောဖျာကြီးတွေ ခင်းပြီး အောက်လင်းဓာတ်မီးတွေ ထွန်းညှိကာ အတီးတိုက်၊ အကတိုက်ကြသည်။ တူရိယာအဖွဲ့ အသင်းတိုက်တွေမှာလည်း နေ့ညမပြတ် သီချင်းသံ၊ ဂီတသံတွေ ဆက်နေသည်။ ထိုစဉ်က မန်္တလေးမှာ အမျိုးသား အလှပြအသင်းနှင့် အမျိုးသမီး ဧည့်ခံရေသဘင် အဖွဲ့တွေကလည်း အသင်းပေါင်း ရာချီရှိကြ၏။ မန်္တလေးမှာက လူတိုင်းလိုလို အနုပညာနှင့် မဝေးကြ။ တီးတတ်၊ မှုတ်တတ်၊ ဆိုတတ်၊ ကတတ်ကြရုံမက သီချင်းဂီတကိုလည်း ရေးတတ်၊ ချွတ်တတ်၊ သံစဉ် တေးသွားများလည်း စပ်တတ်၊ ဟတ်တတ်ကြသည်။ ထို့ပြင် ပန်းချီ၊ ပန်းပု၊ ရုပ်လုံး ရုပ်ကြွ စပ်ပန်းချီ အတတ်များလည်း မျက်စိရေဝကာ ယဉ်ပါးနေသဖြင့် ကိုယ့်ဆိုင်ရာဆိုင်ရာ အလှပြယာဉ်တွေ၊ မဏ္ဍပ်တွေကို လက်စွမ်းပြ ကြသည်။
အမျိုးသား အသင်းဖြစ်စေ၊ အမျိုးသမီး အသင်းဖြစ်စေ၊ အသင်းတစ်သင်းဆီမှာ ထိုသို့သော အနုပညာဝါသနာခံ ရှိသူ ၁၀ဦး ဝန်းကျင်ရှိသည်ထား၊ အသင်းအဖွဲ့ပေါင်း ၁၀၀ တွင် လူတစ်ထောင် ရှိသည်။ အမျိုးသား အသင်းဖြစ်စေ၊ အမျိုးသမီး အသင်းဖြစ်စေ၊ အသင်းတစ်သင်း ဆီမှာအနုပညာနှင့်ပတ်သက်၍ ကျွမ်းကျင်လိမ်္မာသူ ၅ ဦးရှိသည်ထား၊ အသင်း ၁၀၀ တွင် လူ ၅၀၀ ရှိသည်။ အမျိုးသား အသင်းဖြစ်စေ၊ အမျိုးသမီး အသင်းဖြစ်စေ အသင်း တစ်သင်း ဆီမှာ တစ်နှစ်လျှင် သီချင်းပုဒ်ရေ ၅ ပုဒ်ပဲ ပျမ်းမျှရှိသည်ထား၊ အသင်း ၁၀၀ တွင် တစ်နှစ်လျှင် သီချင်းပုဒ်ရေ ၅၀၀ ရှိသည်။ ကိုင်း သင်္ကြန် တစ်နှစ်မှာပင် ရလာလိုက်သည့် အမျိုးသား အမွေအနှစ် အနုပညာပစ်္စည်းတွေက နည်းနည်းနောနော မဟုတ်။ ၁၉၃၀ ဝန်းကျင်မှသည် ၁၉၈၀ ဝန်းကျင် နှစ် ၅၀ အတွင်း မန်္တလေးတစ်မြို့တည်းမှာပင် သင်္ကြန်ကြောင့် ရလာသည့် သီချင်းတွေ၊ ဂီတတွေ၊ သံချပ်တွေ၊ ပန်းချီတွေ စသော အနုပညာ ပစ်္စည်းတွေကို မှန်းဆသာ ကြည့်ပါ လေရော …။
တခြားမကြည့်ပါနှင့်၊ နာမည်ကျော် မြို့မအသင်းတစ်သင်းကိုပဲ ကြည့်ပါဘိ။ တစ်နှစ်လျှင် သီချင်းအသစ် ၅ ပုဒ်ပဲ အနည်းဆုံးထား (တကယ်တော့ ၅ ပုဒ်နှင့် ၁၀ ပုဒ်ကြားရှိပါ၏။) နှစ် ၅၀ အတွင်း သင်္ကြန်သီချင်းပေါင်း ပုဒ်ရေ ၂၅၀ ရှိနေပြီလေ။ လွန်ခဲ့သည့်နှစ်၂၀လောက်ဆီက ရန်ကုန်မှ နာမည်ကျော် တေးစီးရီး ထုတ်လုပ်သူ တစ်ဦးက နှစ်စဉ် ရေပန်းစားနေသော သင်္ကြန်သီချင်းဟောင်းများ ဗီစီဒီ ထုတ်လုပ်နေမှုအပေါ် မီဒီယာက မေးမြန်းရာ “သင်္ကြန်သီချင်း တွေမှာက ထုတ်စရာမရှိတော့ဘူး။ မန်္တလေးကဆရာတွေ မရေးနိုင်တော့ဘူး ထင်တယ်” ဟူသော သဘောမျိုး ဖြေကြားခဲ့သည်။ သူထုတ်တာ အလွန်ဆုံးပုဒ် ၅၀ ရှိဦးမှာပေါ့။ သူမသိသော ဂန်္ထဝင် သင်္ကြန်သီချင်းတွေက အများကြီး ရှိသေးသည်။
သန်းခေါင်ကျော် က အိပ်မက်စေတမန်
———————————————
ပြောစမှတ်လေး တစ်ခုရှိသည်။
သင်္ကြန်နားနီး တစ်ရက်မှာ ဖြစ်မှာပေါ့။ ပိုမို တိတိကျကျဆိုရလျှင် သင်္ကြန်နားနီး တစ်ညသား ဖြစ်မှာပေါ့။ လမ်း ၈၀ နှင့် ၁၅ လမ်း ဝန်းကျင် ကျုံးအတွင်း ရေခပ်ရန် ခင်းထားသော တံတားလေးပေါ် ဖျာကလေးခင်းကာ ခေါင်းအောက် လက်ခု ပက်လက်အိပ်၍ ကောင်းကင်ပေါ်က ကြယ်တွေ ကြည့်ရင်း လူငယ်လေးနှစ်ဦး စကားပြောနေကြသတဲ့။ တစ်ဦးက မန်္တလေး ပန်းချီကျောင်းဆင်း၊ တစ်ဦးက မန်္တလေး စိုက်ပျိုးရေးတက်္ကသိုလ် ကျောင်းသား၊ သန်းခေါင်ကျော် မှောင်ထဲ မြောက်နားဆီက လူတစ်ဦးကလည်း လက်ထဲမှာ ပစ်္စည်းလေးတစ်ခု ကိုင်ပြီး လူသူ တစ်ယောက်တစ်လေကို ရှာဖွေ နေပုံဖြင့် ခပ်သုတ်သုတ် လမ်းလျှောက်လာသည်။ လူငယ်လေးနှစ်ဦး အိပ်ရင်း စကားပြောနေသော တံတားလေးနား အရောက် လမ်းလျှောက် လာသူက “ဟေ့ ဘယ်သူတွေလဲကွ” ဟု အသံပေးရင်း အနားကပ်လာတော့ “ဟာ ဘယ်သူများလဲလို့၊ ပန်းထိမ်ဆရာ ပါလား၊ ဘာလဲဗျ” ဟု ပြန်၍ အသံပေးသည်။ “ဟာ သောင်းသောင်းနဲ့ စိန်မောင်ဝင်းလား အတော်ဘဲ၊ ငါ သီချင်းလေး တစ်ပုဒ် ရလာလို့ မင်းတို့ နားထောင်ကြစမ်းကွာ၊ ငါ နားထောင်မယ့်သူ လိုက်ရှာနေတာ၊ တစ်ယောက်မှ မတွေ့လို့” ဟု လမ်းလျှောက်လာသော ပန်းထိမ်ဆရာဆိုသူက သူတို့ဘေး ဝင်ထိုင်ရင်း ပြောသည်။ သူ့လက်ထဲက ပစ်္စည်းလေးက တယောလေး တစ်လက်။
ထို့နောက် ပန်းထိမ်ဆရာက တယောကြိုးတွေကို ခပ်ကြမ်းကြမ်း ညှိ၏။ အများတကာလို တယောကို မေးဖျားအောက် မညှပ်ဘဲ ဘယ်ဘက် ရင်ညွန့်နေရာ ထောက်သည်။ ဘိုးတံကို တယောကြိုးပေါ် တင်ပြီး ပွတ်အဆွဲ ချွဲနွဲ့နွဲ့ သံစဉ်လေး အိအိညက်ညက် ထွက်ပေါ်လာ၏။ ပြီးတော့ သူ့နှုတ်ဖျားက သီချင်းတစ်ပုဒ် ပွင့်အန်ကျလာသည်။
ဤသို့ဖြင့် ယနေ့တိုင် နာမည်ကျော်ကြားနေသော “အိပ်မက်စေတမန်” သီချင်းလေး သူ့တယောဆီက လှလှပပ လွမ်းလွမ်း ဆွတ်ဆွတ် ထွက်ပေါ်လာသည်။ ထို့အတူ “မြူးမြူးကြွကြွ၊ လန်းလန်းဆန်းဆန်း၊ နှစ်ဦးကြိုလေပြီ၊ အေးမြအတာ၊ မြိုင်ဆိုင်မြိုင်ခိုင်” စသော သင်္ကြန်သီချင်းများနှင့်အတူ နဂါးမယ်ရေသဘင် သီချင်းနှင့် အခြား ပြဇာတ်သီချင်းပေါင်း များစွာသည် ထိုပန်းထိမ်ဆရာ၏ တယောလေးဆီမှ ဖူးပွင့်ဝေဆာ ရနံ့ကြိုင်ခဲ့ပေပြီ။
ပန်းထိမ်ဆရာဆိုတာ ဤသို့သော အနုပညာ အသီးအပွင့်တွေ ဖူးပွင့်စေခဲ့သူ နုယဉ် ဦးသန်းကြွယ်။ ပန်းချီ ကျောင်းဆင်း လူငယ်လေး သောင်းသောင်းဆိုတာ ယနေ့နာမည်ကျော် ဒါရိုက်တာအကယ်ဒမီ မောင်ယဉ်အောင်။ စိုက်ပျိုးရေး တက်္ကသိုလ် ကျောင်းသား စိန်မောင်ဝင်း ဆိုတာ ကွယ်လွန်သူ မြန်မာစာဆရာ၊ ပြဇာတ်ဆရာ၊ စာရေးဆရာ ဝင်းစည်သူ၊ အာဂလူတွေချည်း …။
လူထု နှလုံးသားထဲက အပျော်ဓာတ် ရလာဒ်
———————————————–
မန်္တလေးမှာ တစ်ခေတ်တစ်ခါက အရပ်သားများထဲမှ အနုပညာသမားတွေ ခပ်များများ ထွက်ပေါ်ခဲ့တာ “သင်္ကြန်” ကြောင့် ဖြစ်သည်။ သင်္ကြန်သည် မိမိတို့ ရင်တွင်း ရှိနေသော အနုပညာဗီဇကို နိုးထစေသလို ပျိုးထောင် အညွန့် အညှောက်ထွက် ရှင်သန် ကြီးထွားရာ မြေသြဇာ အပြည့်ရှိသည့် ပျိုးခင်းကြီးနှင့် တူသည်။ လွတ်လွတ်လပ်လပ် အယုတ်အလတ် အမြတ်မရွေး ခံစားရေးဖွဲ့ ကွန့်မြူးနိုင်သည်။ ရှေ့က နောင်တော်၊ အစ်မတော်များ စပ်ဟပ် သီကုံး တီးမှုတ်ကခုန် ရေးဖွဲ့ကြတာ ကြည့်ရင်း အားကျမခံစိတ်ဖြင့် ညီငယ်၊ နှမငယ်များကလည်း အနုပညာ မျိုးဆက်အမွေကို လက်ဆင့်ကမ်း ခံယူခဲ့ကြခြင်း ဖြစ်သည်။ သုခုမ အလုပ်သည် သဘင်သည်၊ ပညာသည် အလုပ်ဟု သီးသန့် ခွဲခြားမထား။ အလွှာပေါင်းစုံ လူတိုင်းစေ့က စိတ်ကြိုက် ခံစား ဖန်တီးနိုင်သည့် ပတ်ဝန်းကျင်ဖြစ်ခဲ့၏။
ထို့ကြောင့် ယနေ့အထိ တင်ကျန်ရစ်သော သင်္ကြန်သီချင်းတွေ၊ တီးလုံး တီးကွက်တွေကို ဖန်ဆင်းခဲ့ကြသူများက မျက်မှန်ကြီး တဝင်းဝင်း၊ ပေကြိုး ပုခုံးတင်ကာ အထည်တွေ ညှပ်ကိုက် ချုပ်သောစက်ချုပ်ဆရာလည်း ဖြစ်သည်။ အားချိန် မယ်ဒလင် တစ်လက်နှင့် ဂီတနှင့် အတူနေသည့် ဆံသဆရာလည်း ဖြစ်သည်။ ခြေနင်းဖားဖိုလေးနှင့် လက်ဝတ်ရတနာ ပစ်္စည်းတွေ ပြုလုပ်နေသည့် ပန်းထိမ်ဆရာလည်း ဖြစ်သည်။ ထို့အတူ ကျောင်းဆရာ၊ ဝန်ထမ်း၊ ဝပ်ရှော့သမား၊ ကျောင်းသား၊ ဆရာဝန်၊ ဈေးသည်၊ ပွဲစား၊ ကျူရှင်ဆရာ၊ ဖိနပ်ထောင်၊ အီးပီစီ လိုင်းမင်း၊ စာတိုက်ဗိုလ်၊ အပျော်ထမ်း မီးသတ်သမား၊ လက်ဖက်ရည်ဆိုင် ပိုင်ရှင် စသည့် အရပ်သားတွေဆီက အဖိုးတန် အနုပညာ ပစ်္စည်းတွေ တွင်တွင် ကျယ်ကျယ်ကြီး ထွက်ပေါ်ခဲ့သည်။
ပုံသဏ္ဌာန်မျိုးစုံ ဖူးပွင့် ဝေဆာခဲ့ကြသည်
————————————————-
ထို့ကြောင့်လည်း မန္တလေးသင်္ကြန်တွင် ပန်းပေါင်းတစ်ရာဖူးပွင့် သကဲ့သို့ သီချင်းကဲ့သို့သော အနုပညာပစ္စည်းက နှစ်စဉ် ရာချီ ဖူးပွင့်ခဲသည်။ သင်္ကြန်သီချင်းဟူသည် တူးပို့တူးပို့ ဒိုးချက်ဖြင့် အမြူးအကြွဟု ပုံသေမှတ်လို့မရ။ နရီစည်းဖြင့် အခံ့အညား သီချင်းတွေလည်းရှိသည်။ ဒီသီချင်းတွေက မဟာဂီတလာ သီချင်းကြီးများအလိုက် ရေးဖွဲ့သည့် မြူမျောင်ဝေကင်း ကဲ့သို့ အေးအေးချမ်းချမ်းကဲ့သို့ သီချင်းမျှသာမဟုတ်၊ အလွမ်းလေးများဖက်သည့် သီချင်းများ၊ အပျော်လေးဖက်သည့် အိုးစည်ဒိုးပတ်သံ သီချင်းများ၊ မောင်နှင့်မယ် အပြန်အလှန် သီကြူးကြသည့် သန္တရသဖွဲ့ သီချင်းများလည်း အများအပြားရှိခဲ့သည်။
၁၉၇၅ ဝန်းကျင်က ၇၈လမ်းပေါ်ရှိ မီးရထားမဏ္ဍပ်ရှေ့တွင် ပြိုင်ပွဲဝင် သံချပ် အသင်းများဖြင့် ပိတ်ဆို့နေ၏။ ထိုစဉ် ၇၈လမ်းအတိုင်း မြောက်မှ တောင်သို့ သွားမည့် မြို့မအလှပြယာဉ်က မီးရထား မဏ္ဍပ်ရှေ့က ဖြတ်ရသည်။ မဏ္ဍပ်ရှေ့မှာ သံချပ်အသင်းများက တန်းစီစောင့်နေသောကြောင့် မြို့မက မီးရထား မဏ္ဍပ်တွင် မဖျော်ဖြေနိုင်။ ဖြတ်ရုံပဲ ဖြတ်ကာ “မီးရထား မောင်မယ် ရေသဘင် အဖွဲ့ကြီး ကျန်းမာပါစေ” ဟုသာ နှုတ်ဆက်ရင်း ရှေ့ခရီးဆက်ရသည်။ ဒါကို ပရိသတ်က မကျေနပ်နိုင်။ ကားရှေ့က ပိတ်ထားကြလို့ တောင်းပန်ကာ တောင်ဘက် မီးရထားစာကြည့်အလွန်တွင်မှ ရပ်ပြီး မဏ္ဍပ်ဖက်လည်း အနှောက်အယှက်မရှိရအောင် အသံချဲ့စက်ကို ချိန်ကာ ပရိသတ်ကို ကျေနပ်အောင် ဖျော်ဖြေရသည်။
ဧကရီအလှ နှင့် ပန်းလက်ဆောင်
—————————————
သည်တွင် မြို့မက သီဆိုတီးမှုတ်သော သီချင်း ၂ပုဒ်ကို သတိရနေ၏။ သီချင်းတွေက အသစ်ဖြစ်လိမ့်မည်။ တစ်ပူဒ်က ဧကရီအလှတဲ့။ ထိပ်တင်ဆန်းက ဆိုသည်။ တစ်ပုဒ်က ပန်းလက်ဆောင် တဲ့၊ ဒီသီချင်းက စုံတွဲ သီချင်း၊ သောင်းတင်လတ် နှင့် ခင်အုန်းမြင့်(မြတ်ဝတ်ရည်) က သီဆိုသည်။ ၂ပုဒ်စလုံးက သင်္ကြန်သီချင်းပေမယ့် တူးပို့တူးပို့ ဒိုးချက်မဟုတ်၊ နရီစည်း ဝါးလတ်စည်းများနှင့် အခံ့အညားဖြစ်သည်။
ဧကရီအလှ သီချင်းက ပလုတ်တုတ်သံဖြင့် စဖွင့်သည်။ “ ဧကရီအလှပန်းများ စုံစွ၊ ငွေငန်းမောင် ရောက်လို့လာပေါ့၊ ဝင်းလို့မြူးရွှင်၊ က အုံး ခင်၊ က အုံး တော့ခင်၊ တံမွှာ ပဉ္စင်၊ ယဉ်ယဉ်၊ မြို့မတေးသံ နွဲ့နွဲ့နှောင်းနှောင်း၊ သံသာရင့်ကျူး မြူးရွှင်” တဲ့။ ပန်းလက်ဆောင် သီချင်းကလည်း “ ပိတောက်ခိုင်ပန်းတွေ၊ ဟိုပင်ယံနန်းမလေ၊ ပန်းလက်ဆောင် မောင်ပေးမယ်ပ၊ သင်းပျံ့အေး ရနံ့မွှေး၊ ပန်းရွှေသွေး နုထွေး၊ ရွေးချယ်ပ ဆံမြညှာကေ၊ ရွှေမန်းသူအလှ ပန်ဆင် သ ဖို့ပင်” တဲ့။ ထိုစဉ်က ပရိသတ်ကြီး ကလည်း ငြိမ်လို့။ မြို့မကလည်း ညက်ညက်ကလေး တီးမှုတ်လို့။ သီဆိုသူတွေကလည်း အပီအပြင်။ ထို့ကြောင့် သင်္ကြန်သီချင်းများတွင် မြန်မာသံ အခံ့အညား သီချင်းတွေ၏ ကဏ္ဍကို သတိပြု ကြိုက်နှစ်သက်ခဲ့တော့သည်။
ကနဦးအစ လူသိများခဲ့ကြသည့် သီချင်းများ
—————————————————-
ဤသို့ဖြင့် မန္တလေးသင်္ကြန် သမိုင်းတလျှောက် သီဆိုခဲ့ကြသည့် သီချင်းများကိုလည်း မှတ်သားမိတော့သည်။ အဆိုပါ သီချင်းအချို့မှာ ၁၃၀၀ ပြည့်သင်္ကြန် (မြို့မငြိမ်း) (၁၉၃၈) ၁၃၀၀ ပြည့်နှစ်အတွက် စပ်ဆိုသည်၊ သင်္ကြန်လုလင် (မြို့မငြိမ်း) ၁၉၄၀ ကျော်ဝန်းကျင်၊ တူးပို့တူးပို့ (မြို့မငြိမ်း) ၁၉၄၀ ကျော်ဝန်းကျင၊် ရွှေမန်းမာလာ (မြို့မငြိမ်း) ၁၉၄၀ ကျော်ဝန်းကျင်၊ ပြည်တော်ဝင် (ဆရာညှာ) ၁၉၄၅ ကျော် ဝန်းကျင၊် ရွှေမန်းတောင်ရိပ်ခို ( မြို့မငြိမ်း) ၁၉၄၇ခု (၁၃၀၉ ခုသင်္ကြန် အတွက် စပ်ဆိုသည်)၊ အေးအေးချမ်းချျမ်း (မြို့မငြိမ်း) ၁၉၄၇ခု၊ မူယာကြော့ (ဦးဘသိန်း) ၁၉၅၀ ဝန်းကျင်၊ အေးတဲ့ရေ (မြူမှောင်ဝေကင်း) (ဦးရင်လေး) ၁၉၅၈ ခု၊ သော့(ကျေးဇူးတင်) (ဦးရင်လေး) ၁၉၅၈ ခု၊ ညှင်းသွဲ့သွဲ့လေပြည် (ဦးဘိုခင)် ၁၉၅၈ ခု၊ မန်းသူနှင့်ငန်းဖြူ (ကိုပေါ) ၁၉၆၀ ဝန်းကျင၊် မြတ်ဆုမွန် (ကိုရွှန်းမြိုင်) ၁၉၆၈ ခု၊ အိပ်မက်စေတမန် (နုယဉ် ကိုသန်းကြွယ်) ၁၉၇၀ ဝန်းကျင်၊ ရွှင်လန်းချမ်းမြေ့ပါစေ (တေးချစ်သူ ကိုခင်မောင်သန်း) ၁၉၇၀ ဝန်းကျင်၊ ချစ်စွာသော သင်္ကြန် (ကိုလှထွန်း) ၁၉၇၀ ဝန်းကျင၊် ရှာပုံတော်မင်းသားကြီး (ကျော်မြင့်သူ) ၁၉၇၀ ဝန်းကျင်၊ ဟောတော့ (ရေနံ့သာစိုးလှိုင်) ၁၉၈၀ ဝန်းကျင်၊ နဂါးမယ် သီချင်းများ (ရွာစား စိန်တင်ဟန်) ၁၉၈၀၀န်းကျင် တို့ ဖြစ်သည်။
ဘယ်သူမှ ကြားဖူးပုံ မပေါ်သည့် သီချင်း
——————————————-
ကျွန်တော်က မန္တလေးသင်္ကြန်တွင် လူတိုင်းစေ့ အနုပညာတောက်စားခဲ့ကြသည်ဟု ဆိုခဲ့တော့ စာဖတ်သူက မေးပါလိမ့်မည်။ မောင်ရင်ကရော ဘာအစွမ်းအစ ရှိခဲ့ပါသနည်း ငါ့ရှင် ဟု မေးသော် မီးရထားမဏ္ဍပ် အလွန် ၇၈လမ်းပေါ် မြို့မက သင်္ကြန် သီချင်း၂ပုဒ်ကို သီဆိုတီးမှုတ်သည်ကို အရသာရှိစွာ နားဆင်မိပြီး အိမ်ရောက်တာနှင့် သင်္ကြန်သီချင်း ရေးချင်သော ဆန္ဒက ပြင်းပျလှတော့ တတ်သလောက်မှတ်သလောက် ရေးကြည့်သည်။ ကိုယ့်ဟာကိုယ်တော့ မဆိုးလှဟု ထင်ခဲ့၏။ ထို့ကြောင့် မနက်လင်းတော့ နုယဉ်အလှပြယာဉ်နှင့် လိုက်ပါတီးမှုတ်သော ယောက်ဖ ကိုသိန်းမောင်ကို ကြကြည့်သည်။ သူက သဘောကျပြီး ချက်ချင်းနုတ်စ်ထုတ်သည်။
ထို့နောက် အကြတ်နေ့ ဖြစ်သော ထိုနေ့ညတွင် အသင်းကားပေါ်က စတင်သီဆိုတီးမှုတ်မည်ဟု ဆိုသည်။ သင်္ကြန်ပြီးလို့ မေးကြည့်တော့ အတော်များများ မဏ္ဍပ်တွေမှာ သီဆိုခဲ့သည်ဟု ဆိုသည်။ ကျွန်တော်ကဖြင့် အခုထိ ကိုယ့်သီချင်းကိုယ် မကြးဖူးခဲ့ပါ။ အခုလို ရှေ့က ဆရာကြီးများ၏ မြင်းမိုရ်တောင် အကြောင်းအရာများကို ပြောရင်း ကျွန်တော်၏ ဆီးစေ့ ပမာဏ အရေးမပါ အကြောင်းလေး ပြောရတာကိုတော့ ခွင့်လွှတ်ကြဖို့ တောင်းပန်ချင်ပါ၏။
ဆူးငှက်
