ခြောက်နှစ်ကျော်ကြာ ဖုန်းလိုင်းတွေ ပြတ်တောက်နေတဲ့ ကသာမှာ တယ်လီနောဖုန်းလိုင်း ပြန်ရပြီ

မေ ၁၈ – ၂၀၂၆
SS (VOM)
ဖုန်းလိုင်းတွေ ပြတ်တောက်နေတာ ခြောက်နှစ်ကျော် ကြာမြင့်နေပြီဖြစ်တဲ့ စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်မှာ ဒီကနေ့ မေ ၁၈ ရက်၊ နေ့လယ် ၂ နာရီ ၁၀ မိနစ်ဝန်းကျင်စပြီး တယ်လီနောဖုန်းလိုင်း ပြန်လည် ရရှိပြီဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
“ကသာမှာ အရင်က တယ်လီနော၊ အူရီဒူး၊ MPT နဲ့ Mytel ဖုန်းလိုင်းတွေ၊ အင်တာနက်လိုင်းတွေ မရဘူး။ တိုက်ပွဲတွေဖြစ်ကတည်းက ဆက်သွယ်ရေးလိုင်းတွေ ပြတ်တောက်နေတာ။ MEC ကတ်နဲ့ပဲ သုံးလို့ရတာ။ MEC တောင် လိုင်းမိတဲ့နေရာ၊ မမိတဲ့နေရာ ရှိတယ်။ အခုတော့ တယ်လီနောနဲ့ ဖုန်းဆက်လို့ရပြီ။ အင်တာနက်လိုင်းကတော့ စမ်းကြည့်တာ မရသေးဘူး။ နေ့လယ် ၂ နာရီ ၁၀ မိနစ်မှ တယ်လီနောဖုန်းလိုင်း ပွင့်တာဆိုတော့ အင်တာနက်ကတော့ လုပ်တုန်းနေမယ်။ မကြာခင် အင်တာနက်လည်း ရလာမယ်လို့ မျှော်လင့်ရပါတယ်။ တယ်လီနောပွင့်ပြီဆိုတော့ လူတွေ တော်တော်များများ ပျော်ကြမှာ၊ ဖုန်းတွေလည်း အများကြီး ဆက်ကြတော့မှာ” လို့ ဒေသခံတယောက်က ပြောပါတယ်။
ကသာမြို့ကို အစိုးရတပ်က ပြီးခဲ့တဲ့ မတ်လ ၃၀ ရက်နေ့က အပြည့်အဝ ပြန်လည် ထိန်းချုပ်ခဲ့တာဖြစ်ပြီး အဲဒီနောက် အုပ်ချုပ်ရေးယန္တရားတွေ ပြန်လည် လည်ပတ်နိုင်ဖို့ ကြိုးပမ်းနေတာမှာ မေ ၁၁ ရက်နေ့က အစိုးရဝန်ထမ်းတွေနဲ့ ဒေသခံ စစ်ရှောင်အများအပြား ပြန်လည် ဝင်ရောက်လာပြီးဖြစ်သလို ဒီကနေ့မှာတော့ တယ်လီနော ဖုန်းဆက်သွယ်ရေးလိုင်း ပြန်လည် ရရှိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
“တယ်လီနောက ကသာမှာ တိုင် လေးတိုင်ရှိတယ်။ ဒီအတွက် ဆီက တရက်ခြား တပီပါကုန်တော့ လတ်တလော အင်တာနက်ဆက်ကြောင်း မရသေးဘူး။ ဖုန်းပြောဖို့သာ ဖွင့်ပေးထားတာ။ အင်းတော်က ဆက်ကြောင်းပြင်ပြီးမှ အင်တာနက်ရမယ်” လို့ တယ်လီနောနဲ့ နီးစပ်သူက ပြောပါတယ်။
လက်ရှိမှာ အစိုးရတပ်တွေဟာ ကသာမြို့နယ်အပြင် ၎င်းတို့ ထိန်းချုပ်ထားပြီးဖြစ်တဲ့ ထီးချိုင့်၊ အင်းတော်နဲ့ မော်လူးမြို့နယ်တွေမှာလည်း အုပ်ချုပ်ရေးယန္တရားတွေ လည်ပတ်နိုင်ဖို့ ကြိုးပမ်းနေတာဖြစ်ပြီး အဲဒီ ဒေသတွေမှာ လျှပ်စစ်မီး ပြန်လည်ရရှိဖို့၊ ဆက်သွယ်ရေးလိုင်းတွေ ကောင်းမွန်ဖို့ ပြင်ဆင်ဆောင်ရွက်နေတာ ဖြစ်တယ်လို့ သိရပါတယ်။
ဒါအပြင် အဲဒီ မြို့နယ်တွေအတွင်း ပြန်လည်ဝင်ရောက် နေထိုင်နေကြတဲ့ ဒေသခံတွေဟာ လက်ရှိမှာ နေထိုင် စားသောက်ရေးအခက်အခဲ၊ လုံခြုံရေး အခြေအနေအရ လမ်းခရီးသွားလာရေး အခက်အခဲတွေလည်း ရှိနေတာဖြစ်တယ်လို့ သိရပါတယ်။
လက်ရှိ ဒေသခံတွေရဲ့ အခက်အခဲတွေနဲ့ ပတ်သက်လို့ လာမယ့် ဇွန်လအတွင်း ကျင်းပမယ့် လွှတ်တော် အစည်းအဝေးမှာ လိုအပ်ချက်တွေကို တင်ပြပြီး ဆွေးနွေးသွားဖို့ရှိကြောင်း တာဝန်ရှိသူတွေဆီက ကြားသိရတယ်လို့ ဒေသခံ တယောက်က ပြောပါတယ်။
လက်ရှိမှာ အစိုးရတပ်တွေဟာ ကသာ၊ ထီးချိုင့်၊ အင်းတော်နဲ့ မော်လူးဒေသတွေကို ထိန်းချုပ်ထားပေမယ့် မြို့အနီးဝန်းကျင်နဲ့ ကျေးရွာတွေမှာ ဒေသတွင်း လက်နက်ကိုင်တပ်တွေရဲ့ လှုပ်ရှားမှုတွေ ရှိနေသေးတာကြောင့် စစ်ရေးအခြေအနေ တင်းမာနေဆဲဖြစ်တယ်လို့ သိရပါတယ်။
Photo – CJ

Related posts

Leave a Comment

VOM News

FREE
VIEW