မေ ၁၈ – ၂၀၂၆
SN (VOM)
ရှမ်းပြည်နယ်၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်မှာ မနေ့ မေ ၁၇ ရက်၊ မနက်ပိုင်းက ကျောက်သဲကျင်း ပြိုကျမှုကြောင့် နှစ်ယောက် သေဆုံးပြီး တယောက် ဒဏ်ရာ ရရှိခဲ့တယ်လို့ ရွာငံမြို့နယ် မီးသတ်ဦးစီးအရာရှိ ဦးသိန်းဇော်ဦးက ပြောပါတယ်။
မနေ့ မနက် ၁၁ နာရီခွဲဝန်းကျင်က ရွာငံမြို့နယ်၊ ယကြီးကျေးရွာအုပ်စု၊ ယကြီးကျေးရွာတောင်ဘက်၊ ယကြီး – ပွေးပြတ်ကျေးရွာ ကုန်ထုတ်လမ်းဘေးရှိ ကျောက်သဲကျင်းမှာ အမျိုးသား သုံးယောက် ကျောက်သဲတူးနေရာမှ သဲကျင်းပြိုကျပြီး ပိမိမှု ဖြစ်ပွားခဲ့တာလို့ ဦးသိန်းဇော်ဦးက ပြောပါတယ်။
“သူတို့ သဲတူးတဲ့နေရာကလည်း လမ်းကြောင်းကျဉ်းတာကိုး။ သူတို့မှာ သဲတူးပြီးရင်တင်ဖို့ ထော်လာဂျီလည်း ပါတယ်။ သေဆုံး နှစ်ယောက်က ထော်လာဂျီရဲ့ အနောက်၊ အတွင်းဘက်မှာ။ ဒါကြောင့် သဲပြိုကျတဲ့အချိန် မပြေးနိုင်တော့ဘဲ တခါတည်းပိပြီး မြုပ်သွားတာပေါ့။ ဒဏ်ရာရတဲ့ တယောက်ကတော့ ထော်လာဂျီရဲ့ အရှေ့ဘက်၊ အဝင်လမ်းမှာဆိုတော့ သူက လွတ်သွားတယ်။ ပြိုကျတဲ့ သဲအရှိန်နဲ့ ပိမိတာပဲရှိတယ်။ အဲဒါကို အနီးအနားက ခြံလုပ်တဲ့သူတွေကမြင်တော့ ရွာက ဘုန်းကြီးကျောင်းကားနဲ့ ပင်းတယဆေးရုံကို ပို့လိုက်တယ်။ ပင်းတယဆေးရုံက မနိုင်လို့ဆိုပြီး တောင်ကြီးဆေးရုံကို ပြန်လွှဲလိုက်တယ်။ သူက ဆီးအိမ် နည်းနည်း ထိထားတယ်ထင်တယ်။ ဆီးလမ်းကြောင်း သွေးထွက်တာတွေရှိတော့ တောင်ကြီးဆေးရုံကို လွှဲလိုက်တာ။ ဒီမနက်ကျတော့ လူနာအခြေအနေ စိုးရိမ်စရာမရှိတော့ဘူးလို့ သိရပါတယ်” လို့ သူက ပြောပါတယ်။
အဲဒီ သဲကျင်းပြိုကျမှု ဖြစ်စဉ်ကို ရွာငံမြို့နယ်မီးသတ်စခန်းက နေ့လယ် ၁၂ နာရီ ၁၂ မိနစ်ဝန်းကျင်မှာ ဖုန်းသတင်း ရရှိခဲ့တဲ့အတွက် ကယ်ဆယ်ရေး ထွက်ခွာခဲ့ရာ နေ့လယ် ၁၂ နာရီ၊ မိနစ် ၅၀ ဝန်းကျင်မှာ အခင်းဖြစ်နေရာကို ရောက်ရှိခဲ့တယ်လို့ သိရပါတယ်။
ကျန်ရှိနေတဲ့ ပိတ်မိနေသူနှစ်ယောက်ကို ရှာဖွေကယ်ဆယ်ရေး ဆောင်ရွက်ခဲ့တာမှာ ရုပ်အလောင်းတွေကို မွန်းလွဲ ၃ နာရီ ၄၂ မိနစ်ဝန်းကျင်မှာ ရှာဖွေတွေ့ရှိခဲ့တဲ့အတွက် မွန်းလွဲ ၃ နာရီ ၅၅ မိနစ်ဝန်းကျင်မှာ မြန်မာနိုင်ငံလူမှု ကယ်ဆယ်ရေးအဖွဲ့ယာဉ်နဲ့ မြိုင်ကျေးရွာ၊ မြိုင်တိုက်နယ်ဆေးရုံကို ကူညီပို့ဆောင်ပေးခဲ့တယ်လို့ ဦးသိန်းဇော်ဦးက ပြောပါတယ်။
“ကျန်တဲ့ နှစ်ယောက်က ထော်လာဂျီရောအကုန် သဲပိသွားတော့ လူအင်အားနဲ့ မလုပ်နိုင်တော့ ကျွန်တော်တို့ ဘက်ဖိုး (မြေတူးစက်) ငှားပြီးတော့ သဲတွေ ကလော်ထုတ်ရတယ်။
ဘက်ဖိုး ဝင်လို့မရတဲ့ အပိုင်းတွေကျတော့ ကယ်ဆယ်ရေးအဖွဲ့နဲ့ ပရဟိတအဖွဲ့ ပေါင်းပြီးတော့မှ သဲတွေထုတ်ပြီး အလောင်းတွေ ထုတ်ခဲ့ရတယ်။ သဲက တအားများတော့ ထုတ်ရတာ နည်းနည်း ကြာသွားတယ်” လို့ သူက ပြောပါတယ်။
ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်ခဲ့ရာမှာ မွန်းလွဲ ၃ နာရီ ၁၉ မိနစ်ဝန်းကျင်မှာ အသက် (၄၃) နှစ်အရွယ် ဦးဆန်းလှိုင်၊ မွန်းလွဲ ၃ နာရီ ၄၂ မိနစ်ဝန်းကျင်မှာ အသက် (၅၂) နှစ်အရွယ် ဦးဇွန်မျိုးတို့ကို သေဆုံးလျက် ရှာဖွေတွေ့ရှိခဲ့တယ်လို့ သိရပြီး ဒီဖြစ်စဉ်မှာ ဒဏ်ရာရရှိသူကတော့ အသက် (၂၅) အရွယ် မောင်ဟန်လင်းသူ ဖြစ်တယ်လို့ သူက ပြောပါတယ်။
“အခုလိုမျိုး ဖြစ်စဉ်တွေက အရင်ကလည်း မကြာခဏ ရှိခဲ့ဖူးတယ်။ ဒါတွေမဖြစ်အောင် ကျွန်တော်တို့အနေနဲ့ သက်ဆိုင်ရာဌာနတွေနဲ့ ပူးပေါင်းပြီး ဆွေးနွေးတယ်၊ လူထုကို အသိပညာပေး ပြောပြတာတွေ ရှိပါတယ်။ ဒါပေမယ့် တချို့နေရာတွေကျတော့လည်း အလှမ်းဝေးတယ်။ ရွာငံဘက်က လုံခြုံရေးအခြေအနေအရလည်း ဝေးတဲ့နေရာတွေကိုသွားပြီး အသိပညာပေး မလုပ်နိုင်ဘူးပေါ့။ ဒါကြောင့် မီဒီယာကတဆင့် ပြောချင်တာက မိုးရာသီကာလလည်း ရောက်ပြီဆိုတော့ မိုးများတဲ့အချိန်တွေဆို သဲပြိုကျနိုင်ခြေ ရာခိုင်နှုန်းက များတယ်၊ အဲဒီတော့ ဒီ သဲတူးတဲ့အလုပ်ကို ရှောင်တာ အကောင်းဆုံးပါပဲ။ မဖြစ်မနေ လုပ်ရမယ်ဆိုရင်လည်း သဲကျင်းရဲ့ လုပ်ငန်းခွင် အခြေအနေကို ဘေးအန္တရာယ် ရှိ၊ မရှိ လေ့လာပြီးတော့မှ အန္တရာယ်ကင်းတဲ့နေရာတွေကိုပဲ ရွေးချယ်လုပ်ဖို့ တိုက်တွန်းချင်ပါတယ်” လို့ သူက ပြောပါတယ်။
မိုးရာသီကာလအတွင်း မိုးဆက်တိုက် ရွာသွန်းမှုကြောင့် မြေသားများစိုစွတ်ပြီး ပျော့လာတတ်တဲ့အတွက် သဲကျင်းပြိုကျနိုင်ခြေ အလွန်များပြီး မိုးရေတွေ အဆက်မပြတ် စိမ့်ဝင်လာတဲ့အခါ သဲအမှုန်တွေကြားရှိ ဆုပ်ကိုင်အား (Cohesion) ကျဆင်းသွားကာ သဲကျင်းနံရံတွေ ပြိုကျလာတတ်တယ်လို့ သိရပါတယ်။
သဲကျင်းတူးရာမှာ ဘေးဘောင်တွေကို စောက်ထိုး (ဒါမှမဟုတ်) လျှိုတူးဖော်ထားခြင်းတွေက ပြိုကျမှုကို ပိုမိုလွယ်ကူစေသလို သဲကျင်းအနီး ကားကြီးတွေ (ဒါမှမဟုတ်) တူးဖော်ရေးစက်တွေ အသုံးပြုပါကလည်း အဲဒီ စက်ယန္တရားတွေရဲ့ တုန်ခါမှုကြောင့် မြေသားပြိုကျနိုင်ခြေ ပိုများတယ်လို့ သိရပါတယ်။
ဒါကြောင့် မိုးရာသီကာလအတွင်း သဲကျင်းတွေအနီးကို သွားလာခြင်း၊ သဲတူးဖော်ခြင်း လုပ်ငန်းတွေ လုပ်ကိုင်ရာမှာ အထူးသတိပြုဖို့နဲ့ ကြိုတင်ကာကွယ်မှုတွေ ပြုလုပ်ဖို့ လိုအပ်ပြီး သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ သတိပေးချက်တွေအတွက် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ ထုတ်ပြန်ချက်တွေကို အမြဲစောင့်ကြည့်ဖို့ လိုအပ်တယ်လို့ သက်ဆိုင်ရာတာဝန်ရှိသူတွေက တိုက်တွန်း နှိုးဆော်ထားပါတယ်။
ဓာတ်ပုံ – ရွာငံမြို့နယ်မီးသတ်စခန်း
