သူတို့အိမ် အခန်း (၁၁၆)

ဆူးငှက်

အလွတ်ကျက် ဖြေဆိုခဲ့ရတဲ့ ပုစ္ဆာတွေ
———————————–

ဘာလိုလိုနှင့် တက္ကသိုလ်၏ ၄နှစ်သက်တမ်းက ကုန်ပါပြီ။ နောက်ဆုံးနှစ်စာမေးပွဲကိုလည်း ခက်ခက်ခဲခဲ ဖြေဆိုလိုက်ရပါ၏။ အတန်းကမမှန် စာက မလိုက်နိုင်တော့ သချာၤကို အလွတ်ကျက် ဖြေခဲ့ရသည်။ လူတွေ့နှုတ်ဖြေမှာလည်း ဘာထူးမှာလဲ။ ပြင်ပစာစစ်အဖြစ် ဆရာဦးဘမင်းနှင့် တွေ့ရသည်။ ဆရာဦးဘမင်းဆိုတာ ထိုစဉ်က မြန်မာနိုင်ငံ၏ ပထမဦးဆုံးသော နက္ခတ္တသင်္ချာပညာရှင်ဖြစ်သည်။ အမေရိကန်က မဟာသိပ္ပံဘွဲ့ရခဲ့သူဖြစ်ပြီး မြန်မာပြည်ပြန်ရောက်ပြီး မကြာမီ အလုပ်မှ နှုတ်ထွက်ကာ “လှိုင်း” အမည်ဖြင့် တေးသံသွင်းဆိုင် ဖွင့်လှစ်ထားသည်။ ဆရာဦးဘမင်းနှင့်အတူ နောက်ထပ်ပညာရှင် တစ်ဦးမှာ မိုးလေဝသပညာရှင် ဆရာကြီးဦးဌေးအောင်ဖြစ်သည်။

ဆရာကြီးဦးဌေးအောင်က ထိုစဉ်ကတည်းက နာမည်ကျော် တရားပြဆရာကြီးဖြစ်နေပါပြီ။ ကျွန်တော့်ကို ဆရာကြီးဦးဌေးအောင်း စာမေးပွဲ ဖြေနိုင်လား ဟု လောက်သာ မေးကာ ဆရာဦးဘမင်းကိုပဲ မေးစေသည်။ ဆရာဦးဘမ်းက သင်္ချာနှင့် ပတ်သက်သော ပုစ္ဆာတစ်ပုဒ်မေး၏။ မဖြေနိုင်၊ ထို့နောက် အာကာသနှင့် စကြဝဠာအကြောင်းမေးသည်။ ကျွန်တော် ဘာတွေဖြေသလဲမသိ၊ မှတ်မိတာကတော့ ကျွန်တော့်အဖြေ လုံးချာပတ်ချာလိုက်နေစဉ် ဆရာဦးဘမင်းက ခေါင်းရမ်းကာ ရယ်ပြီး ရပါပြီ၊ ရပါပြီ သွားပါတော့ဟု လက်စသတ်လိုက်ခြင်း ဖြစ်ပါသည်။

အဖွဲ့ကို အမည်ပေးထားပုံက မစွန်အဖွဲ့တဲ့
———————————————-

မှတ်မှတ်ရရ ထိုနေ့မှာပဲ ကျွန်တော်တို့ အတန်းဖော် အစ်ကိုကြီး ကိုလေးမော် က ရန်ကုန်ထိ တကူးတကန့် သွားရောက် စီစဉ် ထုတ်ဝေသည့် Address Book များကို အပြန်အလှန် လက်မှတ်ထိုးကြသည်။ ထိုကျမှ ဝမ်းနည်းစိတ်က ခေါင်ခိုက်တော့၏။ ဟုတ်တာပဲ၊ ဒို့တစ်တွေရဲ့ တက္ကသိုလ်ကျောင်းသားဘဝက ဒီနေ့ပဲ နိဂုံးကမ္ပတ် အဆုံးသတ်ပြီပဲ။ နက်ဖြန်ခါက စလို့ ကျောင်းသားမဟုတ်တော့၊ ဒီကျောင်းကြီးနှင့်လည်း မဆိုင်တော့။ ထို့ပြင် ၄နှစ်၄မိုး တွေ့ကြဆုံကြရသော ဒီသူငယ်ချင်းတွေနှင့်လည်း မတွေ့ရတော့။ သူတို့လည်း သူတို့ဇာတိ မြို့ရွာတွေ ပြန်ကြတော့မယ်လေ။ ကျွန်တော်က Address Book မှာ အများတကာလို ဓာတ်ပုံမပေးဘဲ ကျွန်တော်ကိုယ်တိုင် ရေးဆွဲခဲ့သည့် ကျုဗစ်ဇင်ပုံတူ ကိုပေးသည်။

ထို့ကြောင့် စာအုပ်ထဲမှာ ထူးထူးခြားခြား ပန်းချီနှင့် ပုံက ကျွန်တော် တစ်ယောက်ပဲ ပါသည်။ ကျွန်တော့ Address Book ထဲမှာ အမှတ်တရ ရေးပေးကြသူတွေထဲမှာ အတန်းဖော် မသင်းသင်းကြိုင်ရေးတာ မှတ်မိနေသည်။ သူက “ကျော်ဆန်း၊ နင်တို့ အဖွဲ့ကို ငါတို့အဖွဲ့က မစွန်အဖွဲ့လို့ ခေါ်တာ။ အဲ့ဒီနာမည်ကြီး ပျောက်အောင် ငါက နင်တို့ထဲက တစ်ယောက်ကို လုပ်ပေးလိုက်ပြီဟ” တဲ့။ မသင်းသင်းကြိုင် ပြောလည်း ပြောလောက်စရာပါပဲ။ ဒီ၉ယောက်က ၄နှစ်လးုံ တတွဲတွဲ၊ တက္ကသိုလ်ရောက်လို့ ဟိုဟိုသည်သည် လိုက်ကြတာတော့ ကိုယ်စီကိုယ်စီရှိတာ အတန်းထဲကလည်း သိသည်။ သို့သော် ၄နှစ်သာပြီးသွားရော တစ်ယောက်မှ အဖြစ်မရှိ၊ လန်ကျကြသူချည်းဖြစ်သည်။ နာမည်ကြီး ထမင်းငတ်ပါလေ။

သမီးရည်းစားလည်းမကျ၊ ဘာမှလည်း မဖြစ်
————————————————

ကျွန်တော်တို့ အချင်းချင်းမှာ ပြောလေ့ရှိသည့် စကားရှိသည်။ ထိုစကားက “သမီးရည်းစားလည်းမကျ၊ ဘာမှလည်း မဖြစ်” တဲ့။ “သမီးရည်းစားလည်းမက၊ လင်မယားလည်းမကျ” ဟူသော စကားကို အမှီပြုခြင်း ဖြစ်သည်။ လိုက်ကြတာက ရပ်ကျော်ရွာကျော်၊ သို့သော် ဘာမှလည်းမဖြစ်။ ထိုအထဲတွင် ကျွန်တော်တို့ နောင်တော်ကြီး ကိုအုန်းမြင့်က ပထမနှစ်ကတည်းက ဣန္ဒြေရရနှင့် တစ်ယောက်ဆိုတစ်ယောက် ပိတောက်ဆိုပိတောက် ပိုးပန်းခဲ့သော အတန်းဖော် မသင်းသင်းကြိုင်က ဖိုင်နယ်နောက်ဆုံးရက်တွေမှာ လက်ခံ အဖြေပေးလိုက်ခြင်းဖြစ်သည်။ ၉ယောက်မှာ သူတစ်ယောက်ပဲ စွန်တာလေ။ တစ်ခုတော့ရှိသည်။ ကိုမြင့်အောင်ကတော့ သူ့ငယ်ချစ်ဦး မကြည်ကြည်ဝင်းနှင့် ပထမနှစ်ကတည်းက နှစ်ပါးဂဟေဆက် လက်ထပ်ထိမ်းမြားထားလို့ ဆရာကြီးပေါ့။ သို့သော် သူကလည်း သူ့အိမ် မြင်းစာရေးကြီးဝင်းက ထွက်လို့ ၂၃လမ်းပေါ်ရောက်တာနှင့် လူပျိုကြီး ဖြစ်သွားတော့သည်။ သူကတော့ ကျောင်းကျရင် စီးကရက်ခဲပြီး လူကြီးပိုးလောက်ပေါ့။ ထားတော့။

ကျောင်းပြီးပြီဆိုတော့ ဘာလုပ်မှာလဲ။ အိမ်အလုပ် ဝင်ရအောင်ကလည်း အိမ်က ဘာလုပ်ငန်းမှ လက်ငုတ်မရှိ။ အဘက တစ်နေ့ ၃ကျပ် ၈၅ပြားစားနှင့် ဆီစက်ဘွိုင်လာမီးထိုး အလုပ်သမား၊ အမေက ဆီစက်က ဆီကို ပိဿာချင်နှင့် ယူကာ ရပ်ကွက်ထဲ လည်ရောင်း၊ ပြန်လာမှ ဆီစက်ကို အရင်းပြန်ပေး။ ဒီမိဘ၂ပါးလုပ်စာမှာ ကျွန်တော်က အခန့်သားနှင့် တက္ကသိုလ် ကျောင်းသားလုပ်ကာ မုန့်ဖိုးလည်း လက်ဖြန့်တောင်းခဲ့သည်။ ထိုမျှမက ခေါက်ထီးလိုချင်တာနှင့်၊ မျက်မှန် လိုချင်တာနှင့် မိဘမျက်ရည်ကို ကျခဲ့စေသေးသည်။ ကျောင်းမသွားရတော့လို့ အိမ်မှာ ထမင်းအိုးလှပ် ဟင်းအိုးလှပ် အခန့်သင့် ခူးခတ်စားနေသော်လည်း အဘရော အမေရော မင်း အလုပ်လေးရှာပါဦးဟု တစ်ခွန်းမဟ၊ သားကို ဘာမှမပြော၊ အိမ်မှာမြင်နေရရင်ပဲ ကျေနပ်နေကြသည်။

သူငယ်ချင်းက အိမ်လာလည်တော့
—————————————-

ကျောင်းပြီးစ ထိုကာလမှာပဲ ၉တန်း ၁၀တန်းကတည်းက အ.ထ.က ၁ မှာ ကျောင်းအတူတက်ခဲ့သူ ကိုလှဘော်က တစ်နေ့သား လမ်း၌ တွေ့စဉ် ကျွန်တော့်ကို မြင်တော့ စက်ဘီးရပ်ကာ အားရဝမ်းသာ နှုတ်ဆက်သည်။ သူက ၁၀တန်းမှာ နှစ်ချင်းပေါက် ဂုဏ်ထူး၄ဘာသာနှင့် အောင်သော်လည်း နိုင်ငံခြားသား မှတ်ပုံတင်မို့ ဓာတုဗေဒဘာသာပဲ မန္တလေးမှာ တက်ခဲ့ရသည်။ တစ်ကျောင်းတည်းမှာ သူက စီနီယာ တစ်နှစ်ပဲ ကြီးသော်လည်း မတွေ့ဖြစ်ကြ။ အခုတွေ့တော့ သူရော ကျွန်တော်ရော ဝမ်းသာကြ၏။ သူက အထက်တန်းမှာကတည်းက စာတော်သည့်အပြင် ကရာတေးလည်းကစား၊ ဂီတမှာလည်း နုတ်စ်နှင့် တီးမှုတ်တတ်သည်။ အထူးသဖြင့် ကျွန်တော့်ကို ညီတစ်ယောက်လို ချစ်သည်။ သူနှင့်တွေ့တော့ ကျွန်တော့်အိမ်ကို သေချာမေးပြီး နက်ဖြန်လာခဲ့မယ်တဲ့။ အားတက်သရောပြောသွား၏။

နောက်ရက်မှာ ချိန်းထားသည့် အချိန်အတိုင်း ကိုလှဘော် ရောက်လာသည်။ လူက အရပ် ထောင်ထောင် မောင်းမောင်း မျက်မှန်က ခပ်ထူထူ၊ သူ့ထုံးစံအတိုင်း ချွေးတွေက အရွှဲသားနှင့် ဖြစ်သည်။ ကျွန်တော်က ဝင်းပေါက်မှာ သူဝင်လာကတည်းက မြင်လို့ ဝင်းပေါက်အထိ ထွက်ကြိုသည်။ သူက ကျွန်တော့် မြင်သည်နှင့် စက်ဘီးပေါ်က ဆင်းကာ တွန်းလာသည်။ ကျွန်တော်ခေါ်သည့်အတိုင်း သူက တစ်ခါမှမရောက်ဖူးသည့် နေရာကို ဟိုသည်ကြည့်ရင်း လိုက်လာသည်။ ဝင်းပေါက်က ဝင်လာပြီး သစ်ချိုပင်ကြီးအကျော် ရေတွင်းရောက်တော့ လမ်းက ဦးလေးသောင်တို့ တိုက်၏ ဆင်ဝင်ဘက်ချိုးသည်။ ကျွန်တော်တို့ အိမ်ဘက်ကို သင်္ဘောဂွေးပင်နဘေးက တည့်တည့်ဝင်သည့် လမ်းကျဉ်းလေးအတိုင်း ဝင်ရသည်။

ကိုလှဘော်က ရေတွင်းလွန်တော့ တိုက်ဆင်ဝင်ဘက် ချိုးသည့် လမ်းကို ကွေ့မည်ပြုစဉ် ကျွန်တော်က သူ့စက်ဘီးလက်ကိုင်ကို ဆွဲကာ တည့်တည့်လမ်းကျဉ်းလေးအတိုင်း ဦးတည်၍ “အိမ်က ဒီဘက်မှာဗျ” ဟု ပြောသည်။ ကျွန်တော်တို့ အိမ်လေးက တောင်ဘက်စွန်းမှာလေ။ မြောက်ဘက်မှာ ကပ်ရက်အိမ်များက ၃လုံးရှိသည်။ ထို့နောက် ထောင့်ချိုးပြီး တောင်ဘက်လှည့် အိမ်လေးတွေကလည်း ၃လုံးရှိသည်။ တောင်ဘက်စွန်က ကျွန်တော့် အိမ်ရှေ့ စက်ဘီးထောက်ထောက်ရပ်ခိုင်းကာ ကိုလှဘော်ကို အိမ်ပေါ်ခေါ်၏။ အိမ်ရှေ့မှာ ထိုင်စရာမှမရှိတာ၊ အမေက အိမ်ရှေ့ခုတင်ပေါ် နှီးယပ်တောင်ကြီး တဘုန်းဘုန်းခတ်ပြီး တုံးလုံးပက်လက်လှဲနေသည်။ ခုတင်ခြေရင်းမှာ မီးဖိုနှင့် ကြောင်အိမ်၊ ကိုလှဘော် အိမ်ပေါ်တက်တော့ သူ့အရပ်နှင့် အိမ်ရှေ့ ဇောင်းက တံစက်မြိတ်နှင့် မလွတ်လို့ ခေါင်းငုံ့ ဝင်ရ၏။ အိမ်ထဲ ကျွန်တော့် အခန်းဝင်ပေါက် ကွပ်ပျစ်ပေါ်မှာလည်း မမခင်မြက ဈေးရောင်းအပြန် လှဲကာ ကလေးနို့တိုက်နေသည်။

ဘာအမှုထမ်းရတာလဲ
—————————-

ကျွန်တော့အခန်းထဲ ရောက်တော့ ခုတင်မှာထိုင်သည်။ ကျွန်တော်က သူ့ကို စက္ကူယပ်တောင် တစ်ချောင်းပေးတော့ သူ ယပ်ခတ်သည်။ ပြီးတော့ ကျွန်တော့်ကို မကြည့်ဘဲ မျက်နှာလွှဲနေ၏။ ခဏနေတော့ သူက ကျွန်တော့်ကို စောင်ငဲ့ကြည့်ပြီး လေသံတိုးတိုးနှင့် “ ကျော်ဆန်း၊ မင်းတို့ က ဒီမှာနေတာကြာပြီလား” ဟု မေးလို့ ကျွန်တော်က ကြာပြီဗျ ဟု ဖြေသည်။ ခဏမျှ အသံတိတ်သွားပြီးမှ သူက “ ကျော်ဆန်း.. မင်းမိဘတွေက ရှေ့က တိုက်ကြီးမှာ ဘာအမှုထမ်းရတာလဲ” ဟု သူ ချိန်ချိန်ဆဆမေးရင်း မျက်နှာပူနေပုံရသည်။ ဟုတ်တာပေါ့။ အ.ထ.က ၁ မှာ ကတည်းက သူကျွန်တော့်ကို ဒီလိုထင်မှာမှ မဟုတ်ဘဲ။ သူမှမဟုတ် ကျွန်တော့်ကို အ.ထ.က မှာ တက္ကသိုလ်မှာ အကြောင်းမသိသေးဘဲ တွေ့သူတိုင်းက အခြေအနေ မှန်အတိုင်း ဘယ်သူမှ မထင်ခဲ့ပေ။ စတွေ့သူတိုင်းက သူဌေးသားပဲ ထင်ကြသည်။ အနည်းဆုံး ပွဲစားကုန်သည် သား၊ စားနိုင်သောက်နိုင် ကြေးရေတက်လူတန်းစားပဲပေါ့။ သို့သော် အခြေအနေမှန်သိကြတော့ အံ့အားသင့်သော်လည်း ပိုမို ခင်မင်သွားကြပါသည်။

အခုလည်း ကိုလှဘော်က ဝင်းထဲ ဝင်တာနှင့် တိုက်ကြီးမြင်သည်။ သူထင်သလို မှန်သည်ဟု ဆုံးဖြတ်မည်။ နောက် မဟုတ်ဘဲ ခေါင်းငုံ့ဝင်ရသည့် တဲသာသာ အိမ်ကလေးဆိုတာ သိတော့ အံ့အားသင့်သွားမည်။ သူသိချင်တာကို မေးတော့လည်း အလွန်ယဉ်ကျေးသိမ်မွေ့ နားဝင်ချိုသော စကားလုံးကို ရွေးသုံးသည်။ အာဂ ပေါက်ဖော်ဟု ပြောရပေမည်။ “ဘာအမှုထမ်းရတာလဲ” တဲ့။ ကျွန်တော်က အမှုထမ်းများမဟုတ်ကြောင်း၊ ကျွန်တော့်အဖေပဲ ဆီစက်မှာ လုပ်ကြောင်း ပြောပြရသည်။ သူက ခဏနေမှ လာရင်းအကြောင်းကို စိတ်ချလက်ချပြောတော့၏။

သင်္ချာ – ဦးကျော်ဆန်း B.Sc (Maths)
————————————————

သည်လိုပါ။ သူက သကျသီဟဘုရားအနီး ဟင်္သပြဒါးဝင်းထဲက သူ့အိမ်မှာ ကျူရှင်ဖွင့်ထားသည်။ အဓိက က ၈တန်း ၉တန်း ၁၀တန်းပေါ့။ သချာၤနှင့် အင်္ဂလိပ်စာ အဓိကထားကာ ဘာသာစုံသင်သည်။ သူ့ကျူရှင်က အောင်မြင်နေသည်။ ထို့ကြောင့် သချာၤနှင့် ကျောင်းပြီးသော ကျွန်တော့်ကို သူ့ကျူရှင်မှာ သင်္ချာဘာသာ လာပြပေးဖို့ ကမ်းလှမ်းခြင်း ဖြစ်သည်။ နဂိုက သူဌေးသားမှတ်နေတော့ ပြောဆို ကမ်းလှမ်းရမှာ ခက်နေပုံပေါ့။ အခုတော့ အခြေအနေမှန်သိသွားသောကြောင့် စိတ်ချလက်ချ ပြောဆိုကမ်းလှမ်းခြင်း ဖြစ်သည်။ ကမ်းလှမ်းသည်ထက် တိုက်တွန်းအားပေးသည်။ လစာကအစ ထိုက်ထိုက်တန်တန် ချီးမြှင့်ပါမည်ဟုပင် ပြောသည်။

ကျွန်တော် အံ့အားသင့်သွားသည်။ အံ့အားသင့်သည်ဆိုသည်က သင်္ချာဖြင့် ကျောင်းပြီးခဲ့သော်လည်း ကျွန်တော့် အရည်အချင်း ကျွန်တော်သိသည်။ တက္ကသိုလ် ၄နှစ်စလုံး သင်္ချာကို အလွတ်ကျက် ဖြေခဲ့ရတာလေ။ တစ်ခါ အထက်တန်းမှာလည်း စာတော်ခဲ့သူမဟုတ်၊ လိမ်ပိန်ပြီး ချိချိနဲ့နဲ့ အောင်မြင်ခဲ့သူဖြစ်သည်။ ထို့ကြောင့် ကျွန်တော်က ငြင်းသည်။ သူက ဖျောင့်ဖျသည်။ တစ်နေ့သင်မည့်စာကို တစ်နေ့ ပြင်ဆင်ပြီးသင်လို့ ရကြောင်း၊ လောလောဆယ် ၈တန်းပဲ စပြရမှာမို့ အခက်အခဲ မရှိကြောင်း၊ သူလည်း ကူညီမှာ ဖြစ်ကြောင်း တိုက်တွန်းသည်။

ကျွန်တော်က အကြောက်အကန်ငြင်းသည်။ နောက် သူက ပြန်ခါနီးအထိ ချော့မော့ကာ လာခဲ့ဖို့ပြောသည်။ သူက စောင့်နေမည် ဆက်ဆက်လာခဲ့ပါ။ ဆိုင်းဘုတ်မှာလည်း နာမည်ထည့် ကြော်ငြာချင်ပါပြီဟု ပြောသွား၏။ ကျွန်တော် မသွားပါ။ နောက် သူလက်လျော့သွားပုံရသည်။ ကျွန်တော် အတော်သတ္တိနည်းသည်။ အစွမ်းအစမရှိ၊ အလုပ်အကိုင်မရှိ တစ်ပြားမှသာ မရှာဖွေနိုင်တာ သူငယ်ချင်း ကိုလှဘော် ပြန်သွားကတည်းက ကျွန်တော် အဖြစ်ချင်ဆုံး အာသီသက ကိုယ့်အိမ်ကိုယ့်ရာလေးနှင့် နေချင်ခြင်း ဖြစ်ပါ၏။

 

တကယ်ဆို ကျောင်းပိုင်ဖြစ်ခဲ့ရမှာ
——————————

တကယ်တော့ ကိုလှဘော်က ကျွန်တော့်ကို လာရောက်ကမ်းလှမ်းခြင်းမှာ သူက ကျွန်တော်နှင့် ပတ်သက်၍ စိတ်ကူးထားသည်မှာ အကြီးကြီးဖြစ်သည်။ ထိုစဉ်က ပြဌာန်းသော ကျူရှင် ဥပဒေအရ သင်ကြားသည့် ဘာသာရပ်ကို ဘွဲ့ရဆရာဖြစ်ရမည်။ ထို့ကြောင့် သူက သင်္ချာနှင့် ကျောင်းပြီးသည့် B.Sc (Maths) ကျွန်တော့်ကို သင်္ချာဘာသာပြစေမည်။ ထို့ပြင် အောင်မြင်နေသော သူ့ကျူရှင်ကို ဆက်လက် လည်ပတ်ရန်အတွက် သူက နိုင်ငံသားမဟုတ်သောကြောင့် ကျောင်းကို တည်ထောင်သူ ကျွန်တော့်နာမည်ဖြင့် မှတ်ပုံတင်မည်။ တကယ်တော့ ထိုအစီအစဉ်များအကြောင်း သူနိုင်ငံခြား ထွက်ကာ အခြေချမှ ကျွန်တော့် ထံ စာရေး အသိပေးသည်။ သူက နဂိုကတည်းက ထွက်ဖို့ အစီအစဉ် ရှိသောကြောင့် အောင်မြင်နေသည့် သူ့ကျောင်းကို ကျွန်တော့်လွှဲခဲ့ဖို့ ပြင်ဆင်ခြင်းဖြစ်ပါ၏။ ကျွန်တော် သတ္တိမရှိခဲ့။ အစွမ်းအစ မရှိခဲ့။

သည်လိုနှင့် ကျွန်တော် ကျောင်းပြီးသော်လည်း အလုပ်အကိုင်မရှိ။ ထုံးစံအတိုင်း (ထိုစဉ်ကတည်းက ပရဟိတလိုလို ကာလသားခေါင်းလိုလိုနှင့်) ဘုန်းကြီးပျံရှိလျှင် မှန်ခေါင်းမှာ စာလုံးရေးလိုက်၊ အသုဘမှာ ယပ်တောင် ပိုက်ဆံကပ်လိုက် မသာအခေါင်းကို ရောင်စုံစက္ကူကပ်လိုက်၊ မင်္ဂလာဆောင်မှာ ပန်းတွန့်စက္ကူနှင့် ဘောလုံးချိတ်လိုက်၊ သူတို့ပေးသည့် မုန့်ဖိုးလေး ယူလိုက်၊ ကာနံပတ်ကို ၄ဘက်စလုံး ၂၅ကျပ်နှင့် ရေးလိုက်နှင့် လက်ဖက်ရည်ဆိုင် အထိုင်မပျက်၊ ဘောလုံးပွဲ အကြည့်မပျက်၊ အငြိမ့် အမော့မပျက် နေထိုင်ခဲ့တော့သည်။

ဆူးငှက်

Related posts

Leave a Comment

VOM News

FREE
VIEW