မြိတ်က စက်သုံးဆီ အရောင်းဆိုင်မှာ မီးလောင်လို့ သုံးယောက်သေဆုံးပြီး တယောက်ပြင်းထန်ဒဏ်ရာရ

မေ ၁၇ ၊ ၂၀၂၆
GG (VOM)
တနင်္သာရီတိုင်း ၊ မြိတ်မြို့ ၊ကလွင်စုံခေါင်းရပ်ကွက်ရှိ ဆီသိုလှောင်ဖြန့်ဖြူးရောင်းချတဲ့စက်သုံး ဆီဆိုင်မှာ မီးလောင်မှု ဖြစ်ပွားပြီး သုံးယောက်သေဆုံးကာ တယောက် ပြင်းထန်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
ဒီကနေ့ မေ ၁၇ ရက်နေ့ မနက် ၈ နာရီလောက်မှာ မီးစတင်လောင်ကျွမ်းခဲ့တာဖြစ်ပြီး မနက် ၉ နာရီ ခွဲလောက်မှသာ မီးငြိမ်းခဲ့ကြောင်းနဲ့ မီးလောင်မှုဟာ စက်သုံးဆီယာဥ်ပေါ်ကို ဆီဖြည့်ရာကနေ မီးလောင်ခဲ့တာဖြစ််လို့ ကနဦး သိရပါတယ် ။
သေဆုံးသူတွေကတော့ အမျိုးသားသုံးယောက်ဖြစ်ပြီး ဒဏ်ရာပြင်းထန် ရရှိသူကလည်း အမျိုးသားဖြစ်ကြောင်းနဲ့ ဒဏ်ရာပြင်းထန်တဲ့အတွက် ဆေးရုံမှာကုသမှုခံယူနေရတယ်လို့ သိရပါတယ်။
” အခင်းဖြစ်ရာမှာနှစ်ယောက်ဆုံးတယ်။ ဆေးရုံမှာ လူနာတယောက်ထပ်ဆုံးတယ်။ လောင်တာက ဂိုဒေါင် မဟုတ်ဘူး ။ ဆီအရောင်းဆိုင်ပါ ။ဆီလည်း သိုလှောင်တယ်။ သေတာက ဆီဘောက်ဆာကားမောင်းသမားနဲ့ ဝန်ထမ်းတယောက် ၊ ဆေးရုံမှာဆုံးတဲ့သူကတော့ ဆီလာထည့်တဲ့သူလို့ သိရတယ်။ ” လို့ မြေပြင်ကူညီရေး သွားရောက်လုပ်ကိုင်ခဲ့တဲ့ ဝဋံသကနာရေးကူညီမှုအသင်း တာဝန်ရှိသူကပြောပါတယ်။
မီးလောင်မှုအတွင်းမှာ လူသေဆုံးမှု အပြင် အဆောက်အဦးနှစ်လုံး နဲ့ ဆီဘောက်ဆာကားတစီး အပါအဝင် ဆီသိုလှောင်တဲ့ကန်တချို့လည်း မီးလောင်ပျက်စီးမှု ရှိခဲ့တယ်လို့ သိရပါတယ်။
အဆိုပါမီးလောင်မှုကိုတော့ မြိတ်ခရိုင်မီးသတ်တပ်ဖွဲ့ နဲ့ ဒေသအခြေစိုက် လူမှုကူညီရေး အသင်းတွေ ပူးပေါင်းပြီး မီးငြိမ်းသတ်ခဲ့တာဖြစ်ကြောင်း နဲ့ သေဆုံးသူတွေကိုတော့ လက်ရှိမှာ ဆေးရုံကြီးကို ပို့ဆောင်ထားတယ်လို့ သိရပါတယ်။
ဓာတ်ပုံ – မီးသတ်

Related posts

Leave a Comment

VOM News

FREE
VIEW