လူပျောက်၊ ပြန်ပေးဆွဲမှုတွေ များလာတဲ့ ဗျတ္တပန်းဆက်လမ်း

မေ ၁၅ – ၂၀၂၆
SS (VOM)
မန္တလေးတိုင်း၊ ညောင်ဦး – ကျောက်ပန်းတောင်းကြား ပုပ္ပား​တောင်နဲ့ ဆက်သွယ်ထားတဲ့ ဗျတ္တပန်းဆက်လမ်းပိုင်းမှာ ခရီးသွားတွေကို ပစ်မှတ်ထားပြီး ပြန်ပေးဆွဲ ငွေညှစ်ခြင်းနဲ့ လူပျောက်ဆုံးမှုတွေ များလာတဲ့အတွက် သတိထားသွားလာကြဖို့ ခရီးသွား ပြည်သူအချင်းချင်း တိုက်တွန်းနိုးဆော်မှုတွေ ရှိနေပါတယ်။
ဘုရားဖူးတွေနဲ့ ခရီးသွားတွေဟာ ပုဂံ/ညောင်ဦးဘက်ကနေ ပုပ္ပားကို သွားရောက်ရာမှာ ၁၄ မိုင်ကျော်ခန့်ရှိတဲ့ အဲဒီလမ်းပိုင်းကို အနီးဆုံး ဖြတ်လမ်းအဖြစ် အသုံးပြုနေကြတာဖြစ်ပြီး မကြာသေးမီ နှစ်တွေအတွင်း နယ်မြေဒေသ မတည်ငြိမ်မှုတွေကြောင့် သတိထား သွားလာရမယ့်လမ်းပိုင်းအဖြစ် သတ်မှတ်ခံထားရတာ ဖြစ်ပါတယ်။
“ပုဂံ ဗျတ္တပန်းဆက်လမ်း ကိစ္စတွေက တကယ်ကို ဆိုးဆိုးရွားရွား‌ ဖြစ်နေတာ။ ပြန်ပေးဆွဲ ငွေညှစ်ခံရရင်လည်း သိန်း ဆယ်ဂဏန်းကနေ ရာချီ၊ ငွေကြေးတတ်နိုင်တဲ့သူဆို ထောင်နဲ့ချီ တောင်းခံရတာ။ ကျွန်တော့်အသိတယောက်ဆို သိန်းထောင်ဂဏန်းပေးပြီး ပြန်လွတ်လာတာရှိတယ်။ ဒါပေမယ့် အံ့ဩဖို့ကောင်းတာက သက်ဆိုင်ရာကိုတိုင်တန်းတာ၊ အမှုဖွင့်တာ ဘာတခုမှမလုပ်ဘူး။ ဒီအတိုင်း ငြိမ်နေတာ။ ဘာကြောင့် ဘာမှပြန်မလုပ်တာလဲမေးရင်လည်း မမေးပါနဲ့ဘဲပြောတယ်။ နောက်တခု ထူးဆန်းတာက အခုလိုတွေ ခဏခဏ ဖြစ်နေတာတောင် သက်ဆိုင်ရာက အရေးယူဆောင်ရွက်မှု၊ ထိရောက်တဲ့ နှိမ်နင်းမှုတွေ ဘာတခုမှမလုပ်တာ တော်တော်ထူးဆန်းတယ်။ ဒီအတိုင်း လက်ပိုက်ကြည့်နေသလို ဖြစ်နေတယ်။ လက်ပိုက်ကြည့်နေမယ်ဆိုရင်လည်း ဗျတ္တပန်းဆက်လမ်းကို ခရီးသွားတွေ လုံခြုံရေးအတွက် ပိတ်သာထားလိုက်စေချင်တယ်” လို့ ပြည်သူတယောက်က ပြောပါတယ်။
ကျောက်ပန်းတောင်း – ညောင်ဦး လမ်းမပေါ်၊ မကျည်းဇောက်ရွာလမ်းခွဲက စတင်ပြီး ကျောက်ပန်းတောင်း – မြင်းခြံလမ်းမပေါ်မှာ အဆုံးသတ်တဲ့ ဗျတ္တပန်းဆက်လမ်းပိုင်းမှာ ပြန်ပေးဆွဲ၊ လူပျောက်ဆုံးမှုတွေ မကြာခဏဆိုသလို ဖြစ်ပေါ်လျက်ရှိတာမှာ ပြီးခဲ့တဲ့ မေ ၁၃ ရက်နေ့ကလည်း “ရင်သွေးငယ်များဂေဟာ” တည်ထောင်သူ သရုပ်ဆောင် ခိုင်နှင်းဝေရဲ့ ဝန်ထမ်းတချို့ ပုပ္ပါးတောင်က‌အပြန် အဲဒီလမ်းပိုင်းအရောက်၊ အမည်မသိ လက်နက်ကိုင်အဖွဲ့ရဲ့ ဖမ်းဆီးခေါ်ဆောင်ခြင်းခံရတယ်လို့ သရုပ်ဆောင် ခိုင်နှင်းဝေက ဒီကနေ့ မေ ၁၆ ရက်မှာ သူမရဲ့ လူမှုကွန်ရက် စာမျက်နှာကတဆင့် အသိပေးထားပါတယ်။
မေ ၁၃ ရက်နေ့ မနက် ၁၁ နာရီဝန်းကျင်မှာ သရုပ်ဆောင် ခိုင်နှင်းဝေနဲ့အဖွဲ့ဟာ ပုပ္ပါးတောင်ကလပ်မှာ ပွဲပေးလှူဒါန်းမှုတွေ ပြုလုပ်ခဲ့ပြီးနောက် ပုပ္ပါးကနေ ပုဂံကို ယာဉ်နှစ်စီးနဲ့ ဗျတ္တပန်းဆက်လမ်းအတိုင်း ထွက်ခွာလာခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
အဲဒီနောက် ထမင်းဆိုင်တဆိုင်မှာ သရုပ်ဆောင် ခိုင်နှင်းဝေက ထမင်းစား ရပ်နားခဲ့ပေမယ့် သူမရဲ့ဝန်ထမ်းတွေ လိုက်ပါလာတဲ့ကားကတော့ ဆိုင်ကိုမဝင်ဘဲ ပုဂံဘက်ကို ဆက်မောင်းသွားခဲ့ပြီး ၁၅ မိနစ်အကြာမှာတော့ သူမရဲ့ ဖုန်းထဲကို Message ဝင်လာကာ “ဗျတ္တ ပန်းဆက်လမ်း” မှာ ဝန်ထမ်းကားကို အမည်မသိ လက်နက်ကိုင် အဖွဲ့တွေက တားဆီး ခေါ်ဆောင်ထားကြောင်းပြောပြီး အဆက်သွယ် ပြတ်တောက်သွားခဲ့တယ်လို့ သိရပါတယ်။
ဒါကြောင့် သူမအနေနဲ့ လိုအပ်တာတွေ ဆက်လက် လုပ်ဆောင်ခဲ့တဲ့အတွက် ည ၇ နာရီဝန်းကျင်မှာ ဝန်ထမ်းတွေ ပြန်လည် ရောက်ရှိလာပြီး အားလုံး ဘေးကင်းတယ်လို့ အသိပေးထားပါတယ်။
အခုလို ဖြစ်စဉ်တွေနဲ့ပတ်သက်လို့ ဒေသခံတယောက်ကတော့ ခရီးသွားတွေအနေနဲ့ ပုဂံဒေသကို လာရောက်မယ်ဆိုပါက ခရီးမထွက်ခွာမီ ဒေသတွင်း အခြေအနေနဲ့ လမ်းပိုင်းလုံခြုံရေးကို သေချာစွာ စုံစမ်းပြီးမှသာ သွားလာကြဖို့ အကြံပြုထားပြီး ပုဂံသွားလိုသူတွေအတွက် လက်ရှိ အဆင်အပြေဆုံးလမ်းကတော့ ပုပ္ပါး – ကျောက်ပန်းတောင်း – ညောင်ဦးလမ်းသာ ဖြစ်တယ်လို့ ဆိုပါတယ်။
ဒါအပြင် ပြည်သူတယောက်ကလည်း ၎င်းအနေနဲ့ အဲဒီလမ်းကို သွားခဲ့စဥ်က လမ်းကုသိုလ်ပြု (ပြုယောင်ဆောင်) သူတွေက ငွေတောင်းတာကို ကြုံခဲ့ရပြီး သူတို့တောင်းပုံက ရိုးရိုးသားသား တောင်းခံရုံမဟုတ်ဘဲ မြေရှပ်ရာမှာ အသုံးပြုတဲ့ ပေါက်တူး၊ ဂေါ်ပြား စတာတွေ ကိုင်ဆောင်ထားကာ အုပ်စုလိုက် ကားကိုလမ်းပေါ်တက်ပြီး ကားကို တားကြတာဖြစ်တယ်လို့ ပြောပါတယ်။
“ကားရပ်ပေးလိုက်တော့ ကားရှေ့ကခွာပြီး ဘေးပြတင်းပေါက်နားလာကြတယ်။ ကျွန်မလည်း မှန်မချဘဲ ရုတ်တရက် ကားမောင်းထွက်လိုက်တဲ့အခါ နောက်မှာ ပေါက်တူးပေါက်ပြားတွေ မြှောက်ပြပြီး ကျန်ခဲ့ကြတယ်။ အမှန်တိုင်းပြောရရင် အဲဒီလူတွေက ယောင်္ကျား၊ မိန်းမ သန်သန်စွမ်းစွမ်းတွေပေမယ့် ဖုန်အလူးလူး အဝတ်အစားတွေ၊ ခြေဗလာတွေနဲ့ လူအဆင်းတောင် သိပ်မပီသချင်ဘူး။ ဖုန်အရောင်နဲ့လူအရောင်နဲ့ မသဲကွဲဘူး။ ဒါ လူတွေပါလားလို့တောင် တွေးယူရတယ်။ အခုကိစ္စတွေက ဒီလူတွေလုပ်တယ်လို့ မစွပ်စွဲဘူးနော်။ သူတို့လူစုတွေလည်း အာဖရိက က လူသားစားလူရိုင်းတွေလို ကြောက်ဖို့ကောင်းတယ်လို့ ပြောချင်တာ။ ဒီလမ်းကိုရှောင်ရှားကြဖို့ သတိပေးချင်တာပါ” လို့ ပြောပါတယ်။
တချို့က ဒီလမ်းကို ကမ္ဘာ့အရှည်ဆုံး သူ​တောင်းစားလမ်းလို့​တောင် နှိမ့်ချ​ပြောခံရ​အောင် ​တောင်းရမ်းစားသူ များလှပါတယ်။
ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ် ယူနက်စကိုစာရင်းဝင် ပုဂံညောင်ဦးဒေသမှာ ဗျတ္တပန်းဆက်လမ်းအပြင် လုံးဝ အသုံးမပြုသင့်တဲ့ လမ်းပိုင်းတွေလည်း ရှိတယ်လို့သိရပြီး အဲဒီလမ်းတွေကတော့ ဂွေးချို – ချောက်၊ ချောက် – စဉ့်ကူး – ပုဂံလမ်းနဲ့ ပုပ္ပား – တောင်သာလမ်းတို့ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလအတွင်းကလည်း မြန်မာ့သစ်လုပ်ငန်းက ဖွင့်လှစ်ထားတဲ့ မြင်းခြံ – ပခုက္ကူ ကားလမ်းမဘေး၊ ညောင်ဦးမြို့နယ် အနောက်ပလင်းကျေးရွာမှာရှိတဲ့ ‘ပလင်းကမ်းသာယာ’ ဆင်စခန်းက လက်ထောက်မန်နေဂျာနဲ့ ဇနီးအပါအဝင် ဝန်ထမ်းတချို့ ပြန်ပေးဆွဲခံရမှု ဖြစ်ပွားခဲ့ပြီး ကျပ် သိန်း ၁၀၀၀ ကျော်ပေးပြီးမှ ပြန်လွတ်လာတယ်လို့ သိရပါတယ်။
အဲဒီနောက် ပြန်လည် လွတ်မြောက်လာသူတွေနဲ့ ဆင်စခန်းက ဝန်ထမ်းတချို့ ဘေးလွတ်ရာကို တိမ်းရှောင်သွားကြတဲ့အတွက် ဆင်စခန်းကို ပုံမှန်လည်ပတ် ဖွင့်လှစ်နိုင်ခြင်းမရှိတော့ဘဲ ပိတ်ထားခဲ့ရတယ်လို့ သိရပါတယ်။
အဲဒီလို ပြန်ပေးဆွဲမှုတွေကြောင့် လူအတော်များများ ပျောက်ဆုံးနေဆဲ ဖြစ်ပေမယ့် လက်ရှိအချိန်အထိ ဒီဖြစ်စဉ်တွေနဲ့ ပတ်သက်လို့ သက်ဆိုင်ရာ တာဝန်ရှိသူတွေက ဖော်ထုတ် အရေးယူမှုတွေ လုပ်ဆောင်နိုင်ခြင်း မရှိသေးသလို ဘယ်အဖွဲ့က လုပ်ဆောင်နေခြင်း ဖြစ်တယ်ဆိုတာကိုလည်း မသိရှိရသေးပါဘူး။
Photo – CJ

Related posts

Leave a Comment

VOM News

FREE
VIEW