ဆူးငှက်
အစဉ်အလာများနှင့် မန္တလေးသင်္ကြန်
———————————
၁၉၃၀ ဝန်းကျင်မှ စ၍ အလှပြယာဉ်များ၊ အလှပြ အက မဏ္ဍပ်များ၊ အတီးအမှုတ် အဆို အက များဖြင့် စည်ကားခဲ့သော မန္တလေးသင်္ကြန်သည် ရန်သူမျိုး၅ပါးဘေး၊ ရောဂါကပ်ဘေးတို့ကြောင့် နောက်ဆုတ် အရှိန်လျော့သည်ပဲ ရှိခဲ့သည်။ အေးချမ်းသည်နှင့် နလံထူကာ နောက်ခြေတစ်လှမ်းဆုတ်သည်နှင့် အဆမတန် ရှေ့သို့ တဟုန်ထိုး အားမာန်ချီ အောင်လံလွှင့်ခဲ့သည်။ မြန်မာပြည် နိုင်ငံရေး၏ အချိုးအကွေ့အဖြစ် လူမျိုးရေးအဓိကရုဏ်းဖြင့် လှည့်စားသော်လည်း တစ်ပြည်လုံး အတိုင်းအတာနှင့် အုံကြွခဲ့သော ၁၃၀၀ပြည့် အရေးတော်ပုံကာလ သင်္ကြန်ကိုပင် အရုပ်အလျော့မခံပဲ ဆင်နွှဲခဲ့သည်။
၁၉၄၂ခုနှစ် ဒုတိယကမ္ဘာစစ်မီး ဟုန်းဟုန်းတောက်မှ မန္တလေးသည် မြို့လုံးကျွတ်နီးပါး အနောက်ဘက်ကမ်း စစ်ကိုင်း မင်းဝံတောင်ရိုးသို့ စစ်ခိုလှုံကြရမှ သင်္ကြန် အပျော်ကို မန္တလေးမှာ ခေတ္တခဏ ရပ်နားခဲ့ကြ၏။ ဟော.. ၁၉၄၅ခုနှစ် မတ်လမှာ မန္တလေးက ဖက်ဆစ်အောက်က ကင်းလွတ်ချိန် စစ်ကိုင်းမှာ ၃နှစ်၃မိုး စစ်ခိုခဲ့ကြသည့် မန္တလေးသားများက “ခါတော်ရောက်ချိန်နီးလို့လာပြီလေ၊ ဒေါ်ဒေါ်မမ နှမတို့တတွေ အသည်းစွဲ ချစ်မိတ်ဆွေ ခေတ္တခွဲလို့နေ မြို့မနှင့် အတူတကွ လိုက်ပါနိုင်စေ၊ အောင်စည်ရွမ်းသံ ကြားရပြီထင့် ပြည်တော်ဝင်မယ်လေ” ဟု သံပြိုင်သီဆိုကာ ပြာပုံထဲက မန္တလေးသင်္ကြန်ကို ပြန်လည် အားယူခဲ့သည်။
ဟော .. နောက်နှစ် ၁၉၄၇ခုနှစ်မှာတော့ မန္တလေးသင်္ကြန်၏ အချိုးအကွေ့ တစ်ခုပမာ စစ်ကြီးက ပေးသော အတွေ့အကြုံဖြင့် သင်္ကြန်ကို ယဉ်ကျေးမှုသာမက ခေတ်ပြင်ပြောင်းလဲရေး၊ လွတ်လပ်ရေးအထိ အဓိပ္ပာယ်ပါအောင် ဝှဲချီးကျင်းပပြီး မြှင့်တင်ခဲ့ကြသည်။ ထို ၁၉၄၇ သင်္ကြန်မှာပင် မြို့မငြိမ်းက ထိုနှစ် အပြိုင်အဆိုင် ဆင်နွှဲကြမည့် မြို့မငွေငန်းအလှပြယာဉ်အတွက် နာမည်ကျော် “ရွှေမန်းတောင်ရိပ်ခို” သီချင်းကို ရေးစပ်ခဲ့ကြောင်း ၁၉၄၇ခုနှစ် ဧပြီ ၁၀ ရက်နေ့ထုတ် လူထုသတင်းစာက မျက်နှာဖုံးတွင် သတင်းပေးခဲ့သည်။
ငြိမ်းချမ်းရေးသင်္ကြန်တဲ့၊ ပြည်ထောင်စု သင်္ကြန်တဲ့
———————————————————-
ထို ၁၉၄၇ခုနှစ်က သင်္ကြန်အခင်းအကျင်းက ၁၉၄၈ လွတ်လပ်ရေးသင်္ကြန်၊ ၁၉၄၉ ခုနှစ်သင်္ကြန်များအထိ အရှိန်ကောင်းခဲ့သည်။ ဤသို့ဖြင့် ၁၉၅၀ခုနှစ်ရောက်တော့ မန္တလေးသင်္ကြန်ကို ထပ်မံ အားထည့် လိုက်ပြန်သည်။ လွတ်လပ်သော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အသစ်စက်စက်အတွက် အရေးတကြီးလိုအပ်နေသည့် ငြိမ်းချမ်းရေးကို မီးမောင်းထိုးပြသော “ ငြိမ်းချမ်းရေးသင်္ကြန်” အဖြစ် ကမ္ပည်းတင်ကာ နိုင်ငံတော် အကြီးအကဲများ ကိုယ်တိုင် ပါဝင် ဆင်နွှဲခဲ့ကြရာ သင်္ကြန်တွင်းကာလ မန္တလေး၏ အပြတိုင်းတွင် သင်္ကြန်မဏ္ဍပ်နှင့် ညပိုင်းတွင် တစ်မြို့လုံးက ပြတိုင်းမှာ လှည့်လည် တီးမှုတ် ဖျော်ဖြေနေကြ အလှပြယာဉ်များက ခေါင်းချင်းဆိုင် ဖင်ချင်းဆက်မျှ စည်ကားလှသတဲ့။
နောက်နှစ် ၁၉၅၁ခုနှစ်မှာကျ ပြည်ထောင်စု သင်္ကြန်တဲ့။ နိုင်ငံတော် သင်္ကြန်အဖြစ် ထပ်မံ ကျင်းပပြန်ရာ မနှစ်ကထက် စည်ကားပြန်သတဲ့။ မန္တလေးရှိ ရပ်ကွက်တွေက ရပ်ကွက်တစ်ကွက်လျှင် အလှပြယာဉ် (သို့မဟုတ်) သံချပ်အသင်းနှင့် ဧည့်ခံ ရေသဘင် မဏ္ဍပ်တစ်ဖွဲ့ အနည်းဆုံးပါဝင် ဆင်နွှဲကြသည်။ ဒါက အမိန့်နှင့်မဟုတ်၊ ကိုယ့်စိတ်နှင့်ကိုယ် ကိုယ့်စရိတ် နှင့်ကိုယ် ပျော်ကြတာတဲ့။ ဤသို့ဖြင့် မန္တလေးသင်္ကြန်အစဉ်ကလာသည် အက၊ ဂီတ နှင့် အလှကို ဦးစာပေးကာ နှစ်စဉ် မပျက်မကွက် ကျင်းပခဲ့ကြရာ ၁၉၆၀ နှင့် ၇၀ကျော် ဝန်းကျင်ကာလများအထိ အရှိန်အဟုန်မပျက် အားကောင်းခဲ့ သောကြောင့် မျိုးဆက် ၂ဆက်က ထိုသင်္ကြန်များကို ကောင်းစွာ ကြုံတွေ့ခဲ့ကြရသည်။ ကိုယ်စီတိုင်းလည်း သင်္ကြန်၏ အစိပ်အပိုင်းတစ်ခုအဖြစ် ပါဝင်ဆင်နွှဲခဲ့ကြသည်။ ထို့ကြောင့် ထိုသင်္ကြန်များကို မမေ့ဘဲ တသသဖြစ်ခဲ့ကြ၏။
ဆုတ်ခွာ လျော့ပါး သင်္ကြန်
——————————
ဤသို့ဖြင့် သင်္ကြန် အရှိန်အဟုန်သည် လူထု၏ စီးပွားရေးနှင့် တိုင်းပြည်၏ နိုင်ငံရေး အကျပ်အတည်းကိုမူ ရေရှည် တောင့်မခံ နိုင်တော့။ လူထုက သင်္ကြန်အတွက် အရင်းအနှီး မစိုက် ထုတ်နိုင်တော့။ ထို့အတူ တစ်ချိုန်က စိုက်ထုတ ်ကူညီခဲ့ကြသည့် မြို့မျက်နှာဖုံးများကလည်း ကိုယ်တိုင်စီမံခန့်ခွဲမှုအပေါ် ကန့်သတ်မှုနှင့် စွက်ဖက်မှုများကြောင့် စိုက်ထုတ်ရမှုတွင် မပျော်မွေ့ကြတော့။ ထိုမျှမက တိုင်းပြည်၏ နိုင်ငံရေးအခြေအနေသည် အထိမခံ ရွှေပန်းကန် ဖြစ်သောအခါ သံချပ်သာမက သီချင်းစာသားနှင့် ယာဉ်အလှ မဏ္ဍပ်အလှ သရုပ်ဖော်ပန်းချီများကိုပါ စစ်စစ်ပေါက်ပေါက် စီစစ်ကန့်သတ်လာသည်။
ထို့ကြောင့် ၁၉၈၀ လောက်မှ စ၍ သံချပ်အသင်းများ မထွက်နိုင်ကြတော့။ ထို့ကြောင့် ၁၉၇၆ခုနှစ်သင်္ကြန်တွင် ဗဟိုမဏ္ဍပ်၄ခု အပါအဝင် ယာဉ်အလှနှင့် ဧည့်ခံမဏ္ဍပ် စုစုပေါင်း ၁၀၄သင်းမှ ၁၉၇၇ ခုနှစ် သင်္ကြန်တွင် စုစုပေါင်း ၄၅သင်း၊ ၁၉၇၈ သင်္ကြန်တွင် ၃၄သင်းအထိ ဆုတ်ယုတ်သွားတော့သည်။ ၁၉၃၀ဝန်းကျင်ကတည်းက ငွေငန်းအလှပြယာဉ်ဖြင့် သင်္ကြန်တိုင်း မပျက်မကွက်ဆင်နွှဲခဲ့သော မြို့မသည်ပင်လျှင် အလှပြယာဉ် မထွက်နိုင်တော့။ ကျုံးဘေးက စည်ပင်သာယာ မဏ္ဍပ်နှင့် ဌာနဆိုင်ရာ အလှပြယာဉ် အချို့ပဲ ရှိတော့သည်။ ထိုစဉ်ကာလ ၁၉၈၀ ဝန်းကျင်ကတည်းက အတိတ် မန္တလေးသင်္ကြန်ကို အရွယ်ရောက်သည့် မန္တလေးသားတိုင်း လွမ်းခဲ့ကြသည်လေ။
အကြိုနေ့မှာ မဟာမုနိဦးတိုက်ပူဇော်တဲ့ အစဉ်အလာ
———————————————————–
မန္တလေးသင်္ကြန်ဆိုတာ သင်္ကြန်အကြိုနေ့ ညနေမှ စ၍ အလှပြယာဉ်တွေ စုဝေး စီတန်းကာ အာဇာနည်လမ်း၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ ဗိုလ်ဗထူးလမ်းမှ တဆင့် အရှေ့ ၄၅ တာဝင်းအတွင်း ရပ်နားကြပြီး အပြိုင်အဆိုင် တီးမှုတ်ဖျော် ဖြေ၍ မဟာမုနိဘုရားကြီးသို့ ရေကန်တော့ကြကာ ရိုးရာယဉ်ကျေးမှု အတာသင်္ကြန်ကို စတင် ဆင်နွှဲခဲ့ကြ သော ပုံရိပ်များ ဖြစ်သည်။ အလှပြ ယာဉ်များကလည်းကန်တော့ပွဲညွန့်ကြီးများဖြင့် ကန်တော့ကြသည်။ အမျိုးသမီးဧည့်ခံမဏ္ဍပ် များကလည်း ပန်းချီထည်များဖြင့် ဆင်ယင်ထားသည့် ကားများဖြင့် လာရောက် ကန်တော့ကြသည်။ ဘောင်းဘီ ဖင်ကျပ်၊ ကြောင်ကြောင်ကျားကျား အဝတ်အစားများဖြင့် သင်္ကြန်ပျော် ဂျစ်ကားများလည်း မည်သို့ဆိုစေ၊ အကြိုနေ့မှာ မဟာမုနိဘုရားကြီးက ိုဦးခိုက်ကန်တော့ပြီးမှ ပျော် ကြ၊ ကဲကြသည်။ ‘ဒါကထုံးစံ …။
အကြိုနေ့မှာ ရေတစ်စက်မှ မစိုရ။ စောင့်ထိန်းကြသည်။ အကျနေ့ ရောက်ပါမှ ယဉ်ကျေးစွာ ရေပက် ကစားသည်။ ဥပုသ်သည်မို့ပါကွယ်၊ နေမကောင်းလို့ပါကွယ်၊ ရေကန်တော့ သွားမှာမို့ပါ စသည်ဖြင့် တောင်းပန်လျှင်လည်း လိုက်နာကြ၏။ မနက် ၈ နာရီ၊ ၉ နာရီမှစ၍ ရေကစားကြတာ နေ့လယ် ၁၁ နာရီလောက်ဆိုနား ကြသည်။ သင်္ကြန်ပျော် ၃ နာရီကျော် မှ ပြန်ပက်ကြပြီး ၅ နာရီထိုးသည် နှင့် နားကြပြန်၏။
နေ့ပိုင်းမှာအလှပြ ကားတွေက တောင်သမန်အင်း၊ မန္တလေးတောင်၊ သခင်မတောင်၊ ရန်ကင်းတောင် စသည့် အရိပ်ကောင်း နေရာများတွင် နားကြ၏။ ညနေခင်း ပြယာဉ်တွေ ထွက်ကြတော့ ညပိုင်း ရေမပက်ကြရန် အားလုံးက တရေးတယူ လိုက်နာကြ၏။ သင်္ကြန်တွင်း ညပိုင်းတွင်လည်း သန်းခေါင်ကျော်သည်အထိ မမောနိုင် မပန်းနိုင် သီဆိုကခုန်ကြပြီး ဧည့်ခံမဏ္ဍပ်နှင့် အလှပြယာဉ်တို့ အပြန်အလှန် ‘…ကျန်းမာပါစေ …’ ဟု သုံးကြိမ် သုံးခါ နှုတ်ဆက်ကြသည်။
(နဂါးမယ် အမျိုးသမီး ရေသဘင် အဖွဲ့ကြီး ကျန်းမာပါစေ)၃
(မြို့မ ငွေငန်းအလှပြယာဉ်ကြီး ကျန်းမာပါစေ)၃ ဟု အပြန်အလှန် ဆုတောင်း မေတ္တာပို့သပြီးသည် နှင့် မြို့မငွေငန်း ယာဉ်က နှုတ်ဆက် သင်္ကြန်သီချင်းကို သီဆိုလေ့ရှိသည်။ မြို့မငွေငန်းယာဉ်၏ နှုတ်ဆက်သီချင်းများတွင် မြို့မဦးဘိုခင် ၏ ‘နှုတ်ခွန်းဆက်’၊ မြို့မဦးရွှန်မြိုင် ၏ ‘နှုတ်ဆက် ညချမ်း’ တို့မှာ ထင်ရှားသည်။
နှုတ်ဆက်ညချမ်း
———————–
‘နှုတ်ဆက်ညချမ်း’ သီချင်းကို ဥရောပ ဗုံချက် ခပ်သွက်သွက်ဖြင့် မြိုင်မြိုင်ဆိုင်ဆိုင် တီးမှုတ်ပြီး ငွေငန်းအလှပြ ယာဉ်ကြီး က စည်းချက်အလိုက် တငြိမ့်ငြိမ့်နှင့် ထွက်ခွာတော့ သင်္ကြန်ပျိုဖြူတို့ လက်ပြရင်း နှုတ်ဆက် ကျန်ရစ်ခဲ့သည်။ သင်္ကြန်ပျော်ကားများ၊ ပရိသတ်များကလည်း ငွေငန်းယာဉ်နောက် ဆွဲငင် လိုက်ပါ သွားတော့၏။ နာမည်ကျော် ရုပ်ရှင်မင်းသား ဝင်းဦးက ‘နှုတ်ဆက်ညချမ်း’ သီချင်းကို သီဆိုရင်း ကျန်ရစ်ခဲ့သော ပရိသတ်ကို လက်ပြသည်။ ဂီတအလှ ထုံမွှမ်းသော သင်္ကြန်ညများကား အခုတော့ ‘နှုတ်ဆက်ညချမ်း’ ဖြစ်လို့ သွားချေပြီ။
ဤသို့ဖြင့် တစ်မဏ္ဍပ်ဝင် တစ် မဏ္ဍပ်ထွက်နှင့် ‘နောင်နှစ်ကိုလည်း ဆီးလို့ကြိုကွယ်၊ မောင်ကြီးလာပါမယ်၊ ဒီနှစ်လိုပဲ ဆီးလို့ကြိုကွယ် ..၊ နောင်နှစ်လာပါမယ် ..’ ဟု ခွန်းတုံ့ လို ခွန်းတုံ့၊ ‘လွမ်းစရာပေ၊ အခုလို ညချမ်းပေ …’ ဟု နှုတ်ဆက်လို နှုတ်ဆက်နှင့် အရှေ့ရိုးမဆီမှ နေလုံးမပြူ့တပြူ့၊ မဟာမုနိရုပ်ရှင်တော်မြတ် ဂန္ဓကုဋီ ရွှေကျောင်းတော်မှ ရေခင်းသံ ကြားရသည်နှင့် မြို့မငွေငန်းယာဉ် က အသင်းတိုက်သို့ ဖြည်းညှင်းသက်သာ ပြန်ခဲ့ချေ၏။ မဏ္ဍပ် အတော်များများက သိမ်းကြပြီ။ အပျော်လွန်ဂျစ် ကားတစ်စီးစ နှစ်စီးစကပဲ လမ်းပေါ် သံပတ်မကုန်သေးသည့် စက်ရုပ် များပမာ မောင်းနှင် အော်ဟစ်ကြဆဲ။ ထို့အတူ အလှပြယာဉ်အချို့၊ သံချပ်အသင်း အချို့လည်း မောပန်း အသံပြာကာ နေရပ်ဆီ ပြန်ကြလို့ တိတ်ဆိတ်သော လမ်းပေါ်မှာ မီးစက်သံ တထုန်းထုန်းသံပဲ အလှပြယာဉ်များဆီက ကြားနေရ၏။
တိတ်ဆိတ်ည၏ စာဆိုခံလလုံး
—————————————–
တန်ခူးလပြည့်၏ လရောင်က ရွှေရည်ဆမ်း၍ ကျုံးမြို့ရိုး ပြာသာဒ်တို့ အရိပ်သည် ကျုံးရေပြင်တွင် ပီပီထင်နေ၏။ သင်္ကြန် ၄ ရက်စလုံး သံစုံ သံပြိုင်တွေနှင့် အီလာသောကြောင့် သင်္ကြန်အတက်နေ့ နိဂုံးကမ္ပတ်ခရီးစဉ်တွင် စန္ဒရား နှင့် တစ်ပါးသွား သီချင်းကို သီဆိုရင်း ပြန်ခဲ့သည်ချည်း ဖြစ်၏။ ထိုစဉ် ထိုအခါ အလိုက်ဖက်ဆုံးမှာ ဆရာမြို့မငြိမ်း၏ ‘စာဆိုခံလလုံး’ သီချင်းပဲ ဖြစ်ပါ၏။’စာဆိုခံလလုံး’ သီချင်းကို စန္ဒရား လက်ကွက် စိပ်စိပ်ဖြင့် သာယာစွာ တီးခတ်သီဆိုရင်း အရှေ့ဥတည် စွန်းမှာ နေလုံးပြူသည်နှင့် အသင်းတိုက်ရောက်ပြီး မင်္ဂလာရှိသော နှစ်သစ်ကို ကူးပြောင်းတော့သည်။
နှစ်ဆန်း (၁) ရက်၏ ဥပုသ် သီလတရားသံများက ဓမ္မာရုံ အသီးသီး မှ ပျံ့လွင့်လာသည်။ လှူဖွယ်ဝတ္ထု အစုစုနှင့် ဥပုသ်သီလစောင့်ကာ အန္တရာယ်ကင်း ပရိတ်နာဖို့ ကြည်လင်စွာဖြင့် ဓမ္မာရုံများဆီ ဦးတည်ကြ၏။ မဟာမုနိဘုရားကြီး ငါးကန်မှာ ငါးဘေးမဲ့ လွှတ်ဖို့လည်း အိုးစည်သံ တထိန်ထိန်နှင့် ပြင်ဆင်နေကြပြီ။
သင်္ကြန်ရောက်ဖို့ ၃၆၄ရက်ပဲ လိုတော့တယ်
———————————————–
မနေ့ညက မိုးအလင်းလည်ပတ် သံချပ်ထိုးခဲ့ကြသောကြောင့် ရပ်ကွက်ထဲက သံချပ်အသင်းက ကားပေါ်မှာပင် တုံးလုံးပက်လက် အိပ်မောကျနေကြတာ။ အခုလို နေထန်းတစ်ဖျား ရောက်သည်ထိ မနိုးကြသေးတော့ အမြင်မတော်သည့် လူကြီးများက နှိုးမှ လူးလဲ ထကြသည်။ စူးနေသော နေရောင်ကို လက်ကာ၍ မျက်စိကို ပွတ်သပ်ရင်း သံချပ်အသင်း ခေါင်းဆောင်က ကွဲအက် ပြာနှမ်းနေသော အသံကို ဖျစ်ညှစ်၍ အသင်းသား သံချပ်ထိုးဖော်များအား ‘ငါတို့ လာမယ့်နှစ်ကျ ဒီထက်ကောင်းအောင် လုပ်ကြဦးစို့’တဲ့။
သူ့အိမ်က သွပ်မိုးတွေကိုတော့ မနေ့က အသံချဲ့စက်ဖိုး၊ ကားဖိုး၊ သစ်ဖိုး၊ လက်ဖက်ရည်ကြွေးတွေ ဆပ်ဖို့ ခွာရောင်းပြီးပြီ။ ကိစ္စမရှိ။ မနှစ် ကလည်း မီတာတစ်လုံး ရောင်းခဲ့ပြီးပြီ။ ကိစ္စမရှိ။ ကိစ္စမရှိ။ ကိစ္စမရှိ။ ချမ်းမြေ့ ပျော်ရွှင်လှပါဘိ။ ကိုယ်ကျိုးမရှိ။ အတ္တမရှိ။ အဘိဇ္ဈာမရှိ။ မုဒိတာအပြည့်….။ သင်္ကြန်ရောက်ဖို့ ၃၆၄ရက်ပဲ လိုတော့တယ်ဟု ဆိုကာ နောင်နှစ်သင်္ကြန်ကို မျှော်ရင်း အားစိုက်ခဲ့ကြပြန်သည်။
သို့သော် ထိုအရာအားလုံးက တစ်နှစ် နှစ်နှစ်အတွင်း အတိတ်ဖြစ်သွားတော့သည်။ သကြန်နားနီးသည်နှင့် မန္တလေးသားတို့က ခြေက်ကပ်ကပ်နှင့် အစဉ်အလာမဟုတ်တော့သော သင်္ကြန်ကို ရင်မဆိုင်နိုင်ကြတော့။ စစ်ကိုင်း မင်းကွန်းဘက် သွားကာ ဒုလ္လဘ ဝတ်သူဝတ်ကြ၊ ဥပုသ်စောင့်သူစောင့်ကြ။ ပုဂံညောင်ဦး ပုပ္ပား ရွှေစက်တော် ဘုရားဖူခရီး ထွက်သူထွက်ကြနှင့် မန္တလေးက ရှောင်ခွာပြေးကြသည့် သမိုင်းအစလေ။ သည်အထဲ ကျွန်တော်တို့လည်း ပါသည်ပေါ့။
ဆူးငှက်
