ဆောမြို့ကို တပ်ကပြန်ထိန်းချုပ်ပြီးနောက် ဆော – ကျောက်ထုလမ်းပိုင်းက ကျေးရွာတချို့အထိပါ စစ်ကြောင်းဖြန့်ကျက်ထား

မေ ၁၅ ၊ ၂၀၂၆
CC (VOM)
မကွေးတိုင်း ၊ ဆောမြို့ကို အစိုးရတပ်တွေက ပြန်လည်ထိန်းချုပ်လိုက်ပြီး မြို့တွင်းနေရာအများစုမှာ နေရာယူထားတယ်လို့ စုံစမ်းသိရှိရပါတယ်။
ဆောမြို့ထဲကို မနေ့က မေ ၁၄ ရက်နေ့ ညနေပိုင်းမှာ အစိုးရတပ်စစ်ကြောင်းဝင်ရောက်လာတာဖြစ်ပြီး စစ်ကြောင်းဝင်လာချိန်မှာ ဒေသတွင်းလက်နက်ကိုင် အဖွဲ့နဲ့ ပစ်ခတ်မှု တချို့ရှိခဲ့ပေမယ့် နောက်ဆုံးမှာ မြို့တွင်းကို အစိုးရတပ်စစ်ကြောင်း ဝင်ရောက်နိုင်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ် ။
” မနေ့က စစ်ကြောင်းဝင်တော့ ၁၅ မိနစ်လောက် ပစ်ခတ်မှုရှိတယ်။ အဲဒီနောက်တော့ မြို့ထဲ ဝင်နိုင်ခဲ့တယ်။ မြို့ထဲ ဝင်ရောက်ပြီးကတည်းက တိုက်ပွဲထပ်ဖြစ်တာတော့ မရှိသေးဘူးသိရတယ်။ ” လို့ လုံခြုံရေးအဖွဲ့နဲ့နီးစပ်သူ စစ်ရေးသတင်း မြစ်က ပြောပါတယ်။
ဒီကနေ့ မေ ၁၅ ရက်မှာတော့ ဆောမြို့တွင်းအပြင် ဆော – ကျောက်ထုလမ်းပိုင်းမှာရှိတဲ့ အညာကတင်းရွာနဲ့ အကြည်ကတင်းရွာအထိ အစိုးရတပ်စစ်ကြောင်းဖြန့်ကျက်ထားနိုင်တယ်လို့ သိရပါတယ်။
ဒါကြောင့် ဆော – ကျောက်ထုလမ်းပိုင်းတလျှောက်ရှိ ကျေးရွာတချို့ကတော့ တိုက်ပွဲ ဖြစ်ပွားလာမှာကို စိုးရိမ်တဲ့အတွက် ကြိုတင်စစ်ရှောင်မှုတွေရှိလာသလို ဆောမြို့တွင်းက မြို့ခံအများစုလည်း စစ်ရှောင်နေကြတယ်လို့ သိရပါတယ် ။
” စစ်ကြောင်းက ကျောက်ထုဆက်တက်မလား ဆိုတာ မပြောနိုင်တော့ ဒေသခံတွေက စစ်ရှောင်ကြတာပါ ။ ဆောမြို့ထဲလည်း မြို့ခံအများစုရှောင်ကြတယ်။ အခုက ဆောကို တပ်ကပြန်ရသွားတော့ လောလောဆယ် အဝင်အထွက်ပိတ်ထားတယ် ။သွားမရဘူး ။ ” လို့ စစ်ရေးသတင်းရင်းမြစ်ကပြောပါတယ်။
အင်အား ၅၀၀ ကျော်လိုက်ပါလာတဲ့ စစ်ကား ၁၇ စီးဟာ ပြီးခဲ့တဲ့ ရက်ပိုင်းမှာ ဆိပ်ဖြူ – စလင်းကနေ တဆင့် လောင်းရှည်မြို့ကိုတက်လာတာဖြစ်ကြောင်း ၊ လောင်းရှည်ကမှ ဆောမြို့ကို ဆက်လက်ဝင်ရောက်ခဲ့တာ ဖြစ်တယ်လို့ စစ်ရေးသတင်းတွေအရ သိရပါတယ် ။
ပြီးခဲ့တဲ့ ဧပြီလကုန်ပိုင်းကလည်း ဆောမြို့နယ်နဲ့ ကျောက်ထုအကြား ၊ မင်းတပ် – ကျောက်ထုလမ်းဆုံမှာရှိတဲ့ ကံကြီးရွာကို အစိုးရတပ်တွေက ​ထိန်းချုပ်နိုင်ခဲ့တယ်လို့ သိရပါတယ်။
ဒါကြောင့် အညာကတင်းရွာနဲ့ အကြည်ကတင်းရွာမှာရောက်ရှိနေတဲ့ အစိုးရတပ်စစ်ကြောင်းတွေနဲ့ ကံကြီးရွာ စစ်ကြောင်းတို့ ပေါင်းစည်းသွားပါက ချင်းပြည်နယ်ဘက်ကို ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်မှုတွေလည်း ရှိလာနိုင်တယ်လို့ သုံးသပ်မှုတွေ ရှိနေတာတွေ့ရပါတယ်။
ဆောမြို့ကတော့ ချင်းပြည်နယ် မင်းတပ်မြို့ နဲ့ ကန်ပက်လက်မြို့တွေနဲ့ နယ်နမိတ်ထိစပ်နေပြီး အဓိက ကုန်သွယ်ရေးလမ်းကြောင်းတခုဖြစ်တာကြောင့် လက်ရှိမှာ ကုန်စည်စီဆင်းမှု ပြတ်တောက်သွားပြီဖြစ်တယ်လို့ သိရပါတယ်။
ဓာတ်ပုံ – CJ

Related posts

Leave a Comment

VOM News

FREE
VIEW