မေ ၁၅ ၊၂၀၂၆
GG ( VOM)
မန္တလေး -ထီးချိုင့် – မြစ်ကြီးနား ဆက်သွယ်ရေးလမ်းမကြီးမှာ ပိတ်လိုက်ဖွင့်လိုက် အခြေအနေရှိတဲ့အပြင် ဇက်ကူးလမ်းလည်း ပိတ်ထားတာကြောင့် လက်ရှိမှာ အတက်အဆင်း ကားရာနဲ့ချီပြီး ပိတ်မိနေတယ်လို့ ကားသမားတွေဆီက သိရပါတယ်။
မကြာသေတဲ့အချိန်က အစိုးရတပ်က ပြန်သိမ်းလိုက်ပြီး သွားလာခွင့်ဖွင့်ပေးထားတဲ့ မန္တလေး-မတ္တရာ-သပိတ်ကျင်း-တကောင်း-ထီးချိုင့်-ကသာ-အင်းတော်-မော်လူး-နန့်စီးအောင်-မိုးညှင်း-မိုးကောင်း-မြစ်ကြီးနား ဆက်သွယ်ရေးလမ်းမကြီးပေါ်က အဓိကအရေးပါတဲ့ ထီးချိုင့်တံတားကို အစိုးရတပ်က ပိတ်လိုက် ဖွင့်လိုက် အခြေအနေတွေကြောင့် ကားတွေပိတ်မိနေတာ ဖြစ်တယ်လို့ သိရပါတယ်။
ထီးချိုင့်တံတားကနေဖြတ်ပြီး မြစ်ကြီးနားကို ရောက်သွားတဲ့ ယာဥ်ပိုင်ရှင်တယောက်က ” ထီးချိုင့်တံတားဘက်က ဖြတ်ခဲ့တာ ။ ၁၄ရက်နေ့က တက်လာတာပါ ။ အတက်ရောအဆင်းရောလမ်းမကြီးအတိုင်းဘဲ ကွင်းလမ်းမသွားရဘူး ။ ထီးချိုင့်တံတားကို မနေ့ကနေ့လယ် ၁၂ နာရီလောက် ရောက်တော့ တံတားက ၁၃ရက်နေ့ ညနေခင်း ၂နာရီလောက်က စပိတ်ထားတယ်လို့ပြောတယ် ။ အဲဒါနဲ့ ကျွန်တော်တို့လည်း ဖွင့်မလားဆိုပြီး ရှေ့ကိုရသလောက်တိုးရင်း တံတားထိပ်ရောက်သွားတယ်။ တံတားထိပ်မှာစောင့်နေရင်း ညနေ ၃နာရီထိုးတော့ ပြန်ဖွင့်ပေးတယ်။ တံတားပိတ်ထားတာက ကသာနဲ့ ထီးချိုင့်ကြားမှာ လက်နက်ကိုင် အဖွဲတွေထွက်လာလို့ ရှင်းလင်း ရေး လုပ်နေလို့ ပိတ်တာလို့ပြောတယ် ။ ရှင်းလင်းရေး ပြီးတော့ကျွန်တော်တို့ကိုဖွင့်ပေးလိုက်တာ။ လမ်းကတော့ အခုပြန်ပိတ်ထားတယ် ။ ” လို့ ပြောပါတယ် ။
မနေ့က ညနေပိုင်းမှာ ထီးချိုင့် နဲ့ ကသာအကြားက ရင်ကွဲတောင်လမ်းမှာ ဒရုန်းဗုံးတိုက်ခိုက်ခံခဲ့ရပြီးနောက် ထီးချိုင့်တံတား ပြန်ပိတ်သွားတာ ဖြစ်တယ်လို့ ကားသမားတွေပြောပြချက်အရ သိရပါတယ် ။
ဒါ့အပြင် အင်းဇက်ကူးဆိပ်လမ်းလည်း လက်ရှိမှာ ပိတ်ထားတဲ့အတွက် အတက်အဆင်း ကားအားလုံး ပိတ်မိနေတယ်လို့ သိရပါတယ်။
” ရင်ကွဲတောင်ခြေမှာ အဆင်းကား အစီးရေ ရာနဲ့ချီပိတ်မိနေတယ်။ ထီးချိုင့်တံတားမှာလည်းပိတ်မိနေတယ်။ အဲဒီမှာ ပိတ်မိတဲ့ကားတွေက မောင်းကုန်းရွာဘက်သွားအိပ်ကြတာရှိသလို ကားမှာပဲအိပ်ကြတာလည်းရှိတယ်။ကျွန်တော်တို့ဆိုရင် မောင်းကုန်းမှာ ပြန်လှည့်အိပ်ခဲ့တယ်။အခုက ဇက်ကူးလည်းပိတ်ထားတယ် ။ မထင်မှတ်ထားတဲ့ အကြောင်းအရာတွေပေါ်လာရင် လမ်းပိတ်လိုက်လို့ ခရီးသွားတွေ တော်တော်ဒုက္ခရောက်ပါတယ်။ အဆင်းကားတွေကို ကသာလမ်းခွဲကနေ စပိတ်ထားတယ်။ ” လို့ ကားသမားတယောက်က ပြောပါတယ် ။
အလားတူ မန္တလေး – ရွှေဘို – မြစ်ကြီးနား ဗျူဟာလမ်းမကြီးကလည်း လမ်းပိုင်းတချို့မှာ ဖွင့်လိုက်ပိတ်လိုက်အခြေအနေတွေကြောင့် ကွင်းလမ်းကနေပတ်ပြီး ခက်ခက်ခဲခဲနဲ့ သွားနေကြရဆဲ ဖြစ်တယ်လို့ သိရပါတယ် ။
” ထီးချိုင့်လမ်းကလည်း ပိတ်လိုက်ဖွင့်လိုက်ပါ။ ရွှေဘိုနဲ့ စစ်ကိုင်းကြားကလည်း ကွင်းနေရဆဲပါ။ လမ်းတွေက ရွှံဗွက်နစ်နေတာတွေနဲ့ ဆိုးပါတယ်။ ခက်ခက်ခဲခဲ သွားနေရပါတယ်။ ” လို့ ရွှေဘို လမ်းကနေ သွားလာခဲ့တဲ့ ကားသမားတယောက်က ပြောပါတယ်။
ဒါကြောင့် မန္တလေး – မြစ်ကြီးနား လမ်းမကြီးတွေကနေ ခရီးသွားမယ်ဆိုပါက အနည်းဆုံး တညအိပ်ရပြီး လမ်းပိတ်တာကြာပါက နှစ်ညအိပ် ၊ သုံးညအိပ် မက ကြာမြင့်နိုင်တဲ့အတွက် ညအိပ်ဖို့ လိုအပ်တဲ့ အသုံးအဆောင် ပစ္စည်းနဲ့ အစားအစာ ၊သောက်ရေသန့်ကို ယူဆောင်သွားကြဖို့ ကားသမားတွေက အကြံပြုထားကြပါတယ်။
သက်ဆိုင်ရာတာဝန်ရှိသူတွေအနေနဲ့လည်း မန္တလေး – မြစ်ကြီးနား လမ်းပိုင်းနဲ့ပတ်သက်ပြီး ခရီးသွားလာသူတွေအဆင်ပြေအောင် စီမံဆောင်ရွက်ပေးစေလိုတယ်လို့ ပြောဆိုမှုရှိပါတယ်။
ဓာတ်ပုံ – KMH
