အထည်အမှာစာတွေ ရပ်ဆိုင်းသွားလို့ Wuhan Kingsrich Garment ကုမ္ပဏီ အပြီးပိတ်မယ်

မေ ၁၇ – ၂၀၂၆
SN (VOM)
နိုင်ငံတကာ ဖက်ရှင်အမှတ်တံဆိပ်တွေက အထည်အမှာစာတွေ ရပ်ဆိုင်းသွားတာ၊ ကမ္ဘာ့ဝယ်လိုအား ကျဆင်းလာတာတွေကြောင့် တရုတ်အထည်ချုပ်ကုမ္ပဏီ Wuhan Kingsrich Garment ရဲ့ မြန်မာနိုင်ငံရှိ Kings Rich Fashion စက်ရုံကို လာမယ့် ဇွန်လကုန်မှာ အပြီးပိတ်သိမ်းမယ်လို့ ကြေညာထားပါတယ်။
Wuhan Kingsrich Garment Co., Ltd ဟာ ကမ္ဘာ့ထိပ်တန်း ဖက်ရှင်အမှတ်တံဆိပ်တွေအတွက် အမျိုးမျိုးသော အဝတ်အထည်တွေကို ထုတ်လုပ်တင်ပို့နေတဲ့ တရုတ်နိုင်ငံအခြေစိုက် ထိပ်တန်းအထည်ချုပ် ကုမ္ပဏီကြီးတခုဖြစ်ပြီး ၂၀၁၆ ခုနှစ်မှာ မြန်မာနိုင်ငံကို ဝင်ရောက်လာပြီးနောက် ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်၊ ရွှေပြည်သာစက်မှုဇုန် (၂)၊ ရေပြာလမ်းမှာ Kings Rich Fashion (Myanmar) အထည်ချုပ်စက်ရုံကို တည်ထောင်ကာ ရင်းနှီးမြှုပ်နှံမှုတွေ ပြုလုပ်ခဲ့ခြင်း ဖြစ်တယ်လို့ သိရပါတယ်။
နိုင်ငံရေး အပြောင်းအလဲဖြစ်ပြီးနောက်ပိုင်း အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုတွေကြောင့် ကမ္ဘာကျော် အဝတ်အထည် အမှတ်တံဆိပ်ကြီးတွေဖြစ်တဲ့ H&M, Inditex, Primark နဲ့ Marks & Spencer တို့က မြန်မာနိုင်ငံမှ အော်ဒါတွေကို ဆက်တိုက် ရပ်ဆိုင်းခဲ့တဲ့အတွက် စက်ရုံမှာ အော်ဒါလျော့နည်းပြီး ရေရှည် ဆက်လက်လည်ပတ်ဖို့ မဖြစ်နိုင်တော့တာကြောင့် ပိတ်သိမ်းဖို့ ဆုံးဖြတ်ခဲ့ခြင်း ဖြစ်တယ်လို့ သိရပါတယ်။
ဒီအကြောင်းအရာနဲ့ ပတ်သက်လို့ စက်မှုဇုန် လုပ်ငန်းရှင်တယောက်က
“လက်ရှိ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး အကျပ်အတည်းတွေကြောင့် ကုန်ကြမ်းတွေ ဝင်ရောက်ဖို့က အခက်အခဲတွေ ရှိနေတာမှန်တယ်။ အခုကုန်ဈေးနှုန်းနဲ့ လုပ်ငန်းလည်ပတ်ဖို့ကလည်း ကုန်ကျစရိတ်တွေ များတယ်ပေါ့။ ဒီအပေါ်မှာ အများစုက ကြိုးစားပြီး လုပ်ငန်း လည်ပတ်နေရတာပါ။ သို့သော် လက်ရှိ Kings Rich Fashion (Myanmar) စက်ရုံ ပိတ်သိမ်းတာကတော့ ဒီအကြောင်းတရားတွေလည်း ပါကောင်းပါနိုင်သလို အဲဒီ စက်ရုံမှာက အလုပ်သမားအခွင့်အရေး ချိုးဖောက်တာတွေနဲ့ ပတ်သက်လို့ အမှုရင်ဆိုင်နေရတာတွေလည်း ရှိနေတယ်။ ဒါက ကုန်ပစ္စည်းအမှာစာတွေ ဆက်တိုက် ကျဆင်းရတဲ့ အကြောင်းရင်း ဖြစ်ပါလိမ့်မယ်” လို့ ပြောပါတယ်။
H&M နဲ့ Marks & Spencer ကဲ့သို့သော နိုင်ငံတကာ ဝယ်လက်အမှတ်တံဆိပ်တွေဟာ လူ့အခွင့်အရေးနဲ့ အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုတွေကို အလေးထား စစ်ဆေးလေ့ရှိရာ Kings Rich Fashion (Myanmar) စက်ရုံမှာ အလုပ်သမားတွေအပေါ် အလုပ်ချိန် တိုးခိုင်းခြင်း၊ လုပ်ခလစာ ဖြတ်တောက်ခြင်း၊ ခြိမ်းခြောက်အနိုင်ကျင့်မှုတွေ ရှိနေတာကြောင့် ဝယ်လက်တွေက အော်ဒါတွေ လျှော့ချခြင်း၊ ရပ်ဆိုင်းခြင်းတွေ ပြုလုပ်ခဲ့တယ်လို့ သူက ပြောပါတယ်။
ဒါအပြင် စက်ရုံအတွင်းရှိ အလုပ်သမား ထောင်ပေါင်းများစွာအနေနဲ့ လုပ်ခလစာ တိုးမြှင့်ရေး၊ အချိန်ပိုကြေး မှန်ကန်စွာရရှိရေးနဲ့ အလုပ်သမား အခွင့်အရေးတွေအတွက် အကြိမ်ကြိမ် အလုပ်ရပ်နား ဆန္ဒပြမှုတွေ ပြုလုပ်ခဲ့တာကြောင့်လည်း စက်ရုံလည်ပတ်မှု မကြာခဏ ရပ်တန့်ခဲ့ရတဲ့အတွက် အော်ဒါတွေ အချိန်မီ မထွက်နိုင်တာတွေ ရှိခဲ့တယ်လို့ သူက ပြောပါတယ်။
Kings Rich Fashion အနေနဲ့ စက်ရုံပိတ်သိမ်းဖို့အတွက် မေ ၁၃ ရက်နေ့မှစကာ နှိုးဆော်စာ (Notice) ကပ်ပြီး အလုပ်သမားတွေကို တလကြိုတင် အသိပေးထားတာဖြစ်ပြီး လုပ်သက်အလိုက် နစ်နာကြေးပေးသွားမယ်လို့ အသိပေးထားပါတယ်။
ဒါအပြင် စက်ရုံရဲ့ ထုတ်ပြန်ချက်မှာလည်း ကမ္ဘာလုံးဆိုင်ရာ ဗျူဟာစီမံကိန်းနဲ့ ပြင်ပဈေးကွက်ပြောင်းလဲမှု ဖြစ်စဉ်တွေကို စိစစ်သုံးသပ်ပြီးနောက် ထုတ်ကုန်ထုတ်လုပ်မှုကို ရပ်နားဖို့ ဆုံးဖြတ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
H&M ရဲ့ စံနှုန်းနဲ့ ကိုက်ညီအောင် ထုတ်လုပ်ဖို့ စိန်ခေါ်မှုကြီးမားနေတာကြောင့် အလုပ်သမားအခွင့်အရေးကို အလေးထားတဲ့အနေနဲ့ မြန်မာနိုင်ငံကနေ သူတို့ရဲ့ထုတ်ကုန် အပ်နှံ ထုတ်လုပ်တာ ဖြည်းဖြည်းချင်း လျှော့ချကာ ရပ်နားဖို့ အသေချာစဥ်းစားပြီးမှ ဆုံးဖြတ်လိုက်တာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒါနဲ့ပတ်သက်လို့ အလုပ်သမားအရေး ဆောင်ရွက်သူတယောက်က
“စက်ရုံအလုပ်သမားတွေက ကျွန်မတို့ဆီကို ဒီကိစ္စနဲ့ ပတ်သက်ပြီး လာရောက် အကူအညီ တောင်းခံထားတာမရှိဘူး။ ဒါကြောင့် ကျွန်မတို့က အပြင်ကနေပဲ စောင့်ကြည့် လေ့လာနေတယ်။ ဒါက မှန်ကန်တဲ့ လျော်ကြေး၊ နစ်နာကြေးပုံစံထဲက ပေးတာလား၊ နောက်ဆုံးထုတ် လစာနဲ့ပေးတာလား၊ ဘာတွေကျန်သေးလဲ ဆိုတာကို စောင့်ကြည့်နေတာပါ။ မှားယွင်းတဲ့ လျော်ကြေး ဖြစ်နေရင် ဝင်ပြောဖို့အတွက် အဆင်သင့် ကြည့်နေတဲ့သဘောပါပဲ” လို့ ပြောပါတယ်။
အရင်က အလုပ်သမားဦးရေ ထောင်ဂဏန်းကျော် ရှိခဲ့တဲ့ အဲဒီစက်ရုံဟာ လူ့အခွင့်အရေး၊ အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုတွေကြောင့် အလုပ်ထုတ်ခံရတဲ့ အလုပ်သမားတွေ ရှိသလို မိမိဆန္ဒအရ အလုပ်ထွက်သွားတဲ့သူတွေလည်း ရှိတာကြောင့် လက်ရှိမှာ လူဦးရေ များစွာ လျော့နည်းနေပြီဖြစ်တယ်လို့ သူက ပြောပါတယ်။
“အခု စက်ရုံ ပိတ်သိမ်းတယ်ဆိုတာကလည်း အရှေ့ပိုင်းမှာ တခြားစက်ရုံတွေလည်း ဒီလိုပဲရှိခဲ့တာဆိုတော့ သူတို့လုပ်သလိုပဲ ဒီ Brand က အပြီးဖျက်တာဆိုတော့ Brand လည်း ထွက်၊ သူတို့လည်း ပိတ်၊ ဒါမှမဟုတ် management ချိန်းမလား ဘာလဲတော့ ကျွန်မတို့မသိဘူး။ ဒီတိုင်းတော့ ဒီဟာကြီးကို ထားခဲ့မှာမျိုးတော့မဟုတ်ဘူး။ လက်လွှဲရောင်းမလားပေါ့။ သူတို့နဲ့ လက်ဝါးချင်းရိုက်ထားတဲ့ Supervisor တွေ ဘာတွေကတော့ ကျန်ခဲ့ဖို့များတယ်။ ရက်ပိုင်းလောက်တော့ နားကြလိမ့်မယ်ပေါ့။ အရှေ့က စက်ရုံတွေတုန်းကလည်း ဒီတိုင်းပဲ။ နောက်ပိုင်း နာမည်ပြောင်းပြီး စက်ရုံပြန်ဖွင့်တော့ သူတို့လူသူတို့ ပြန်ခေါ်ကြတယ်ပေါ့။ ဒါကြောင့် လက်ရှိ အနေအထားမှာ အားလုံး လျော်ကြေးပေး ဖျက်သိမ်းလိုက်ပြီးတော့ နောက်ထပ် နာမည်အသစ်၊ နောက်ထပ် စုဖွဲ့မှုအသစ်နဲ့ ပြန်လာလိမ့်မယ်လို့ ယူဆရပါတယ်” လို့ သူက ပြောပါတယ်။
၂၀၀၂ ခုနှစ်က စတင်တည်ထောင်ခဲ့တဲ့ Wuhan Kingsrich Group Corp ဟာ တရုတ်နိုင်ငံရဲ့ ထိပ်တန်း အထည်ချုပ်လုပ်ငန်းတခုဖြစ်ပြီး နိုင်ငံအတွင်း စက်ရုံ လေးရုံ ဖွင့်လှစ်ထားတဲ့အပြင် မြန်မာ၊ ကမ္ဘောဒီးယားနဲ့ ဗီယက်နမ်နိုင်ငံတွေမှာပါ စက်ရုံခွဲတွေ ဖွင့်လှစ်ကာ ထုတ်ကုန်တွေကို ဥရောပနဲ့ အမေရိကရှိ နိုင်ငံပေါင်း ၄၀ ကျော်ကို တင်ပို့ရောင်းချနေတာ ဖြစ်တယ်လို့ သိရပါတယ်။
Photo – STUM

Related posts

Leave a Comment

VOM News

FREE
VIEW