ကျောက်ကြီး နဲ့ နတ်သံကွင်းကြားက ဖျက်ဆီးခံရတဲ့ တံတားမှာ လူ ၂ ယောက်ပစ်သတ်ခံရ၊ နောက်ထပ်၂ ယောက် ဒဏ်ရာရ

ဇူလိုင် ၁၇ – ၂၀၂၃
GG (VOM)

ပဲခူးတိုင်း ၊ကျောက်ကြီးမြို့နယ်၊ နတ်သံကွင်းနဲ့ ညောင်ကုန်းရွာအကြားက ကျောက်ကြီး-နတ်သံကွင်းလမ်းပေါ်က ဖျက်ဆီးခံထားရတဲ့တံတားနားမှာ ဒေသခံ၂ ယောက် အပစ်ခံရပြီး သေဆုံးခဲ့သလို နောက်ထပ် ၂ ယောက်လည်း ထိခိုက်ဒဏ်ရာရရှိလို့ ဆေးကုသမှု ခံယူနေရတယ်လို့သိရပါတယ်။

ဖြစ်စဥ်မှာ မနေ့ ဇူလိုင် ၁၆ ရက် မနက်ပိုင်းလောက်မှာ အဆိုပါ ဖျက်ဆီးခံထားရတဲ့ ညောင် ကုန်းတံတားကို ဒေသခံတွေဟာ လမ်းဖြတ်ကူးနေချိန် သေနတ်နဲ့ ပစ်ခတ်ခံခဲ့ရတာဖြစ်ကြောင်း ၊ ပစ်ခတ်ခံရမှုကြောင့် အမျိုးသား ၂ ယောက်သေကာ အမျိုးသား ၂ ယောက်ဒဏ်ရာရရှိခဲ့တာဖြစ်တယ်လို့သိရပါတယ်။

“လူနာရှိရင် ကောက်လို့ရရင် ကူညီရေးလမ်းကြောင်းထွက်တယ် ၊ ဆေးရုံပို့တယ်။တာဝန်ရှိသူတွေခွင့်ပြုချက်နဲ့လုပ်ရတာပေါ့။ မနေ့ကပစ်ခံရတဲ့သူတွေဆို ဆိုင်ကယ်အငှားသမားတွေလို့သိရတယ်။၂ယောက်က နေရာမှာပွဲချင်းပြီးပဲ၊၂ယောက်ကတော့ ဆေးကုနေတုန်းပဲ။ဘယ်သူကပစ်လဲ ဘာမှမသိရဘူး။အဲ့ဒီနတ်သံကွင်းဘက်တွေက ခဏခဏကိုပစ်ခတ်တာတွေရှိတယ် “လို့ ကျောက်ကြီး ဒေသခံတစ်ဦးကပြောပါတယ်။

လက်ရှိမှာတော့ ပစ်ခတ်မှုကြောင့် ဒဏ်ရာရတဲ့အမျိုးသား ၂ ယောက်ကို ကျောက်ကြီးဆေးရုံမှာ ဆေးကုသမှုတွေပေးနေတယ်လို့သိရပါတယ်။

အဆိုပါ ပစ်ခတ်မှုနဲ့ ပတ်သက်ပြီး ဘယ်အဖွဲ့အစည်းကမှ သတင်းထုတ်ပြန်တာ မတွေ့ရှိရသေးပါဘူး။

ဒါ​ကြောင့် ဒေသခံပြည်သူတွေအနေနဲ့ အခုလို အကြောင်းမဲ့ ပစ်ခတ်သတ်ဖြတ်ခံရတာတွေနဲ့ပတ်သက်ပြီး စိုးရိမ်စိတ်တွေ ၊ မလုံခြုံမှုတွေ ရင်ဆိုင်နေရတယ်လို့ ဒေသခံတွေကပြောပါတယ်။

” ပစ်တယ်ဆိုလည်း ဘာကြောင့် ၊ဘယ်သူက ပစ်တယ်ဆိုတာမျိုး ထုတ်ပြန်ပေးရမယ်။အခုက ဘယ်သူက ဘာလို့ပစ်မှန်းမသိဘဲ ခံနေရတာ။ ကျနော်တို့ စားဝတ်နေရေးအတွက် အပြင်ထွက်အလုပ်လုပ်ရတာ စိတ်မချရတော့ဘူး။ဒေသခံတွေအတွက် အဖွဲ့တွေအကုန်လုံးက စဥ်းစားပေးစေချင်ပါတယ်။ ” လို့ ကျောက်ကြီး ဒေသခံတစ်ဦးကပြောပါတယ်။

အရင်ကလည်း ကျောက်ကြီး မြို့နယ်၊ နတ်သံကွင်းမြို့နယ်မှာ တံတားတွေ မိုင်းခွဲဖျက်ဆီးခံရတာ ၊ ကားတွေဗုံးပေါက်လို့ လူထိခိုက်ဒဏ်ရာရတာ ၊ မိုင်းနင်းမိလို့ သေဆုံးတာ ၊ထိခိုက်ဒဏ်ရာရရှိတာ ၊ ထိတွေ့တိုက်ပွဲဖြစ်ပွားမှုကြောင့် အရပ်သားသေဆုံးတာ၊ထိခိုက်ဒဏ်ရာရတာ၊နေအိမ်တွေပျက်စီးတာ စတဲ့ဖြစ်စဥ်တွေရှိခဲ့တယ်လို့ သတင်းမှတ်တမ်းတွေအရ သိရပါတယ်။

#voiceofmyanmar #VOM #ကျောက်ကြီး #ပစ်ခတ်မှု

Related posts

Leave a Comment

VOM News

FREE
VIEW