သြဂုတ် ၊ ၆ ၊ ၂၀၂၃
SP (VOM)
စစ်ကိုင်းတိုင်းထဲက အဝေးပြေးကားလမ်းတွေမှာ ခရီးသွားလုံခြုံမှု စိတ်ချရတဲ့ အခြေအနေ မရှိဘူးလို့ ကားသမားတွေဆီက သိရပါတယ်။
” မုံရွာ – မန္တလေးကားလမ်းကြားမှာရှိတဲ့ မြင်းမူမြို့နယ် ၊ ဝမ်းပြည့်ရွာအနီးနဲ့ ချောင်းဦးမြို့နယ် ၊ ငါးယှန်ကျေးရွာနားမှာ ၊ မျက်နှာ အဝတ်စီးထားပြီး လက်နက်တွေကိုင်ထားတဲ့ အဖွဲ့တွေက လာသမျှကားတွေကို အကုန်တားပြီး စစ်ဆေးတယ် ၊ ခရီးသည်တွေရဲ့ မှတ်ပုံတင်မှာက ဝန်ထမ်းလို့ ရေးထားတာပါရင် ကားပေါ်က ဆွဲချတယ် ၊ ပြန်လွတ်ပေးသလား ၊ မပေးဘူးလား မသိဘူး ၊ အဲ့ဒီလို ဆွဲချခံရတဲ့ ဝန်ထမ်းခရီးသည် မုံရွာ ၃ ယောက်ဟာ အခုထိ ပြန်လွတ်မလာဘူး ၊ သူတို့က ခရီးသည်တွေနဲ့ ကားသမားတွေဆီက မိုင်းထုတ်လုပ်ဖို့ အလှူခံပါတယ်ဆိုပြီး ပိုက်ဆံတောင်းတယ် “လို့ ကိုယ်တိုင်တွေ့ကြုံရသူ ခရီးသည် တယောက်က ပြောပါတယ်။
အဲ့ဒီ အဖြစ်အပျက်နဲ့ ပတ်သက်လို့ မုံရွာ – ရန်ကုန် ခရီးသည်တင် ယာဥ်လိုင်း ပြေးဆွဲနေတဲ့ ကားသမားတယောက်က ” မုံရွာကနေ စထွက်ရင် မအူစစ်ဆေးရေးဂိတ်ရှိတယ် ၊ မြေနဲ ဂိတ်ရှိတယ် ၊ ခင်မွန် ဂိတ်ရှိတယ် ၊ ချောင်းဦးမြို့နယ် ၊ အောင်ချမ်းသာ ရွာခွဲ ဂိတ်ရှိတယ် ၊ ချောင်းဦးမြို့အထွက် ဂိတ်ရှိတယ် ၊ သန်းပင်ကန်ရွာနဲ့ ငါးယှန်ရွာကြား ရှိတယ် ၊ နတ်ရေကန်ရွာနား ဂိတ်ရှိတယ် ၊ မြောင်လမ်းခွဲ ဂိတ်ရှိတယ် ၊ မြင်းမူ ထီးဆောင်း ဂိတ်ရှိတယ် ၊ အဲ့ဒီလို ဂိတ်တွေရှိတဲ့ကြားက မျက်နှာပုဝါစီးထားတဲ့ လက်နက်ကိုင်တွေက ဝမ်းပြည့်နဲ့ ချောင်းဦးကြားမှာ ၃ နေရာလောက်ကြားဖြတ်ရှိနေတာပါ ၊ သူတို့က ကားလေး ၃ ထောင် ၊ ၆ ဘီး ကား ၅ ထောင် ၊ ဆီဘောက်ဆာကား ၃ သောင်း ၊ Express ကား ၁ သောင်း တောင်းတယ်”လို့ ပြောပါတယ်။
ဒါ့အပြင် မုံရွာ – မန္တလေးကြားမှာဆိုရင် ပြီးခဲ့တဲ့နှစ်က Elite ခရီးသည်ကားနဲ့ Denko ဆီသယ်ယာဥ် ၁ စီး ၊ ကားပါလုယူခံရတဲ့ ဖြစ်စဉ်ရှိခဲ့တယ်လို့ သိရပါတယ်။
နောက်ပြီး မုံရွာ – အရာတော် – ရွှေဘိုကားလမ်း ၊ ရွှေဘိုး – စစ်ကိုင်းကားလမ်း ၊ မုံရွာ – ယင်းမာပင် – ပုလဲ – ဂန့်ဂေါ ကားလမ်း ၊ ချောင်းဦး – ရေစကြို – ပခုက္ကူ ဆင်ဖြူရှင် ကားလမ်း၊ မုံရွာ – ပုသိမ် ကားလမ်း ၊ မုံရွာ – ယာကြီး – ကလေးဝ ကားလမ်း ၊ ရွှေဘို – မြစ်ကြီးနားကာလမ်း ၊ မုံရွာ – ဘုတလင် – ရေဦး – တန့်ဆည် – မော်လိုက် – ဖောင်းပြင် – ဟုမ္မလင်း မဟာမြိုင် ကားလမ်း စတဲ့ အဝေးပြေးကားလမ်းတွေမှာလည်း အလားတူ ကိစ္စရပ်တွေရှိနေတာကြောင့် ခရီးသည်တွေအဖို့ ခရီးသွား လုံခြုံမှု မရှိဘူးလို့ သိရပါတယ်။
ဒါ့အပြင် ဒေသခံ လူမှုကူညီရေး အဖွဲ့တွေရဲ့ မှတ်တမ်းအရ ၊ ၂၀၂၁ မေလကနေ ၂၀၂၃ သြဂုတ် ၅ ရက်အထိ စစ်ကိုင်းတိုင်းထဲက အဝေးပြေးကားလမ်းတွေပေါ်မှာ မိုင်းပေါက်ကွဲတဲ့ ဖြစ်စဥ် ၇၀၀ ကျော်ရှိပြီး အဲ့ဒီဖြစ်စဥ်တွေကြောင့် ခရီးသည် လူ ၁ ရာကျော်သေဆုံးကာ ထိခိုက်ဒဏ်ရာရသူ ၃ ရာကျော်ရှိခဲ့တယ်လို့ သိရပါတယ်။
#voiceofmyanmar #VOM # စစ်ကိုင်း #ခရီးသွားလုံခြုံမှု