စက်တင်ဘာ ၊ ၁၉ ၊ ၂၀၂၃
SP ( VOM)
ကချင်ပြည်နယ် ၊ ဗန်းမော်ခရိုင် ၊ ရွှေကူမြို့နယ် ၊ ရေလဲကျေးရွာနားမှာ မနေ့ စက်တင်ဘာ ၁၈ ရက် မနက်ပိုင်းက ထိတွေ့ပစ်ခတ်မှုတွေဖြစ်ပွား လူ ၁၀ ဦးထက်မနည်း သေဆုံးတယ်လို့ ရွှေကူမြို့ခံတွေဆီက သိရပါတယ်။
” မနေ့ မနက်ပိုင်းက စစ်ကြောင်းတွေ ရွာဘက်ကို ဖြန့်ပြီးဝင်လာတယ် ၊ ရေလဲရွာနားမှာ ပစ်ခတ်တာတွေဖြစ်ပြီး လူ ၁၀ ယောက်သေတယ် ၊ သေတဲ့သူတွေက ဘယ်သူဘယ်ဝါမှန်း အခုထိ မသိရသေးဘူး ” လို့ ဒေသခံ ပရဟိတသမားတယောက်က ပြောပါတယ်။
အဲ့ဒီဖြစ်စဥ်နဲ့ ပတ်သက်လို့ ဒေသခံတယောက်က ” မြစ်ကြောင်းမှာ ရွှေမျှောတွေရှိတယ် ၊ အဲ့ဒီ ရွှေမျှောတွေကို ဖမ်းဖို့ဝင်လာတဲ့ စစ်ကြောင်းအဖွဲ့နဲ့ ရေလဲရွာ ဒေသတွင်း လက်နက်ကိုင်ဖွဲ့တွေ ပစ်ကြတာဖြစ်တယ် ၊ ဒေသတွင် လက်နက်ကိုင်အဖွဲ့ဘက်က ၁၀ ဦးထက်မနည်းသေတယ် ၊ အဲ့ဒီအပြင် လူ ၅၀ နီးပါး ဖမ်းဆီးစစ်ဆေးနေတယ် ၊ ရွှေမျှောစက်လှေ အစီး ၃၀ ကျော်လည်း ဖမ်းထားတယ် ၊ တချို့မော်တော်(ရေယာဥ်)တွေလည်း မီးရှို့ခံရတယ် ၊ မီးရှို့ခံရတဲ့ ရေယာဥ်တွေပေါ်ကနေ ဆီပေပါတွေ မီးလောင်ပေါက်ကွဲတော့ ၊ ရွာပေါ်က အိမ်တွေပေါ် မီးကူးစက်လောင်တယ် ” လို့ ပြောပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ ၂၀၂၁ ကစပြီး အဲ့ဒီနေရာတွေမှာ ရွှေမျှော လုပ်ငန်းတွေ ရှိတာကြောင့် ဖမ်းဆီးတာတွေ ပြုလုပ်ခံရတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ၂ နှစ်ကျော်ကစလို့ ချင်းတွင်းမြစ် ၊ ဥရုမြစ်နဲ့ ဧရာဝတီမြစ်ကြောင်းတွေထဲမှာ ရွှေမျှောပေါင်း ၅၀၀ ဝန်းကျင် ဖမ်းဆီး ဖျက်ဆီးခံရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဓာတ်ပုံ ၊ ရေလဲရွာ မီးလောင်နေပုံ ( ဒေသခံ တဦး)
#voiceofmyanmar #VOM #ရွှေကူ