ရန်ကုန်-မော်လမြိုင်ကားလမ်းမှာ ကားသုံးစီးဆင့်တိုက်မိမှုဖြစ်ပြီး တယောက်သေ၊ ၁၃ ယောက် ဒဏ်ရာရ

 

နိုဝင်ဘာ ၂၆ – ၂၀၂၃

SN (VOM)

ဒီကနေ့ နိုဝင်ဘာ ၂၆ ရက်နေ့၊ မနက် ၅ နာရီ၊ ၄၅ မိနစ်ဝန်းကျင်က ရန်ကုန်-မော်လမြိုင်ကားလမ်းမှာ ကား သုံးစီး ဆင့်တိုက်မှုဖြစ်ပွားပြီး တယောက်သေ၊ ၁၃ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံ လူမှုကယ်ဆယ်ရေးအသင်းအဖွဲ့တွေဆီက သိရပါတယ်။

အဲ့ဒီ့ ယာဉ်တိုက်မှုဟာ ဝေါမြို့နယ်၊ အဗျားဘိုတဲကျေးရွာအနီး၊ ရန်ကုန်-မော်လမြိုင်ကားလမ်း၊ မိုင်တိုင်အမှတ် (၇၆/၅) နဲ့ (၇၆/၆) ကြားမှာ ဖြစ်ပွားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ဖြစ်စဉ်မှာ ကျိုက်ထိုမြို့ဘက်ကနေ ဝေါမြို့ဘက်ကို မောင်းနှင်လာတဲ့ FORLAND အမျိုးအစား (အပြာရောင်) ခြောက်ဘီးယာဉ်ဟာ ကားလမ်းမပေါ်မှာ စက်သပ်ရပ်နားထားချိန် လားရာတူ ကျိုက်ထိုမြို့ဘက်ကနေ ဝေါမြို့ဘက်ကို မောင်းနှင်လာတဲ့ FUSO-70 (အဖြူရောင်) ၁၈ ဘီး တွဲယာဉ်က ကျော်တက် မောင်းနှင်တာမှာ အရှိန်မထိန်းနိုင်ဘဲ FORLAND ယာဉ်နောက်ပိုင်းကို တိုက်မိခဲ့တာဖြစ်ပြီး အဲ့ဒီ့ကနေတဆင့် တဖက်ယာဉ်ကြောရှိ ဝေါမြို့မှ ကျိုက်ထိုမြို့ဘက်ကို မောင်းနှင်လာတဲ့ SCANIA (ဖြူ/ဝါကြားရောင်) ခရီးသည်တင်ယာဉ်ကို ဝင်ရောက် တိုက်မိခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

“FUSO-70 ၁၈ ဘီးယာဉ်က ယာဉ်မောင်း အမျိုးသားကတော့ နေရာမှာပဲ ပွဲချင်းပြီး သေသွားတယ်။ လမ်းမှာ ရပ်ထားတဲ့ Forland ကားက အချက်ပြမီးမပါဘဲရပ်ထားတာ။ အဲ့ဒါကို ကျိုက်ထိုဘက်ကနေ ဝေါဘက်ကိုမောင်းလာတဲ့ တွဲကားက ကျော်တက်တာမှာ အရှိန်မထိန်းနိုင်ဖြစ်ပြီး Forland ကားရဲ့ နောက်ပိုင်းကို ဝင်တိုက်မိတာပေါ့။ အဲ့ဒီ့ကနေမှ တဖက်ယာဉ်ကြောက ခရီးသည်တင်ကားနဲ့ ဝင်တိုက်မိတာ။ ၁၈ ဘီးယာဉ် မောင်းလာတဲ့အရှိန်ကလည်း အရမ်းများတယ်” လို့ ဒေသခံ လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတယောက်က ပြောပါတယ်။

အဲ့ဒီ့ ဖြစ်စဉ်မှာ ပွဲချင်းပြီး သေဆုံးသွားတဲ့ ယာဉ်မောင်းအမျိုးသားဟာ အသက် ၄၅ နှစ်အရွယ်ဝန်းကျင်ရှိတယ်လို့ သိရပြီး ယာဉ်တိုက်မှုကြောင့် SCANIA ခရီးသည်တင်ယာဉ်မှ အမျိုးသမီး နှစ်ဦး၊ အမျိုးသားနှစ်ဦး ထိခိုက်ဒဏ်ရာရ (စိုးရိမ်ရ) နဲ့ အမျိုးသမီး ခုနစ်ဦး၊ အမျိုးသား နှစ်ဦး ထိခိုက်ဒဏ်ရာရ (မစိုးရိမ်ရ) ရရှိခဲ့တယ်လို့ သိရပါတယ်။

အခင်းဖြစ်ပွားရာနေရာကို ဝေါမြို့နယ် မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေး တပ်ဖွဲ့ဝင်တွေနဲ့အတူ သက်ဆိုင်ရာအဖွဲ့အစည်းတွေက ပူးပေါင်း ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေ သွားရောက် ဆောင်ရွက်ခဲ့ပြီး လက်ရှိမှာ သေဆုံးသူနဲ့ ဒဏ်ရာရရှိသူတွေကို ဝေါမြို့နယ်ပရဟိတအသင်းနဲ့ ဖြူစင်မေတ္တာ ပရဟိတအသင်းယာဉ်တွေနဲ့ ဝေါပြည်သူ့ဆေးရုံကို ပို့ဆောင်ပေးထားတယ်လို့ သိရပါတယ်။

 

Related posts

Leave a Comment

VOM News

FREE
VIEW