အစ္စရေးဓါးစာခံ ဒုတိယအသုတ် ဟားမတ်စ်တို့ ပြန်လွှတ်ပေး

 

ဂါဇာစီးတီး ၊ နိုဝင်ဘာ-၂၆-၂၀၂၃

မျိုးဆက်(VOM)

ဟားမတ်စ်အဖွဲ့ဟာ ပြန်ပေးဆွဲခေါ်ဆောင်သွားတဲ့ ဓါးစာခံဒုတိယအသုတ်ကို ပြန်လွှတ်ပေးလိုက်ပြီး ဒီထဲမှာ အစ္စရေး ၁၃ ယောက်နဲ့ထိုင်းနိုင်ငံသား လေးယောက်တို့ ပါဝင်လာခဲ့ပါတယ်။

ကနဦးမှာတော့ ဟားမတ်စ်တို့ဟာ ဓါးစာခံဒုတိယအသုတ်လွှတ်ပေးဖို့ကို နှောင့်နှေးနေခဲ့ပြီး ဂါဇာမြောက်ပိုင်းကို အကူအညီပေးရေး ထရပ်ကားတွေဝင်ရောက်ခွင့်ကို အစ္စရေးက ခွင့်ပြုမှာသာ လွှဲပြောင်းပေးမယ်လို့ ပြောခဲ့ပါတယ်။

ဒါပေမယ့်လည်း ဓါးစာခံတွေလွတ်မြောက်ရေး ရှိနေတဲ့အတားအဆီးတွေကို ကျော်လွှားနိုင်ခဲ့ကြောင်း ကာတာနိုင်ငံခြားရေးဝန်ကြီးဌာနက နောက်ပိုင်းမှာထုတ်ပြန်ခဲ့ပြီး ဆွေးနွေးပွဲတွေမှာ အီဂျစ်လည်းပါဝင်ခဲ့တယ်လို့ ဆိုပါတယ်။

အစ္စရေးနဲ့ ဟားမတ်စ်တို့အကြား လေးရက်ကြာအပစ်အခတ်ရပ်စဲရေးကာလအတွင်း ဟားမတ်စ်တို့ဟာ ဓါးစာခံအယောက် ၅၀ ကိုပြန်လွှတ်ပေးဖို့သဘောတူထားပြီး ပြီးခဲ့တဲ့သောကြာနေ့ကတော့ ပထမအသုတ်အဖြစ် ဓါးစာခံ ၂၄ ယောက်ကို ပြန်လွှတ်ပေးခဲ့ပါတယ်။

အပြန်အလှန်အားဖြင့် အစ္စရေးဟာလည်း အကျဉ်းထောင်ထဲက ပါလက်စတိုင်းအမျိုးသမီးနဲ့ ကလေးငယ် ၃၉ ယောက်ကို ပြန်လွှတ်ပေးခဲ့ပါတယ်။ ဒီတခေါက်မှာတော့ အစ္စရေးဟာ ပါလက်စတိုင်း ကလေးငယ် ၃၃ ယောက်နဲ့အမျိုးသမီး ခြောက်ယောက်တို့ကို ပြန်လွှတ်ပေးမယ်လို့ ညှိနှိုင်းမှုကို ဦးဆောင်နေတဲ့ ကာတာနိုင်ငံက ထုတ်ပြန်ထားပါတယ်။

Ref:NHK

Photo:Reuters

 

Related posts

Leave a Comment

VOM News

FREE
VIEW