မိုးကုတ်တိုက်ပွဲကြောင့် မန္တလေးဘက်စစ်ရှောင်လာသူထဲက ခြောက်ယောက် လက်နက်ထိမှန်ဒဏ်ရာရ

 

ဇွန် ၃၀ – ၂၀၂၄
GG (VOM )

မိုးကုတ်မြို့အရှေ့ပိုင်းနဲ့အနောက်ပိုင်းမှာပါတိုက်ပွဲတွေဖြစ်ပွားလာတာကြောင့် စစ်ရှောင်ဖို့ထွက်လာတဲ့ ကားတစီးနဲ့ ဆိုင်ကယ်စီးနင်းသူအချို့ လက်နက်ကျည်ထိမိကာ ခြောက်ယောက် ထိခိုက်ဒဏ်ရာရရှိလို့ ဆေးကုသမှုခံယူနေရတယ်လို့သိရပါတယ်။

” ဒီနေ့ကစစ်ရှောင်ဖို့ဆိုပြီးကားတွေရာနဲ့ချီထွက်ကြတဲ့အထဲမှာ ကားတစီးပစ်ခံရတာပါ၊ ကားတစီးထိတာမှာ အမေဖြစ်သူက ခြေသလုံးထိမှန်ပြီးမစိုးရိမ်ရပေမယ့် ကောင်မလေးက ခါးကိုဖောက်ထွက်လို့စိုးရိမ်ရတယ်ကြားတယ်၊ အခုဇရပ်ကွင်းဆေးရုံမှာကုသမှုခံယူနေတယ်၊အဲ့ဒီကားနောက်မှာပါလာတဲ့ဆိုင်ကယ်လည်းပစ်ခံရပြီးလေယာက်ထိတယ်သိရတယ်၊အခုအခြေအနေက စစ်ရှောင်ကားတွေ ထွက်ခွင့်ရတဲ့ကားရှိသလိုခုထိပိတ်မိနေတဲ့ကားတွေလည်းရှိကြတယ်၊ပြန်လှည့်ရတာတွေလည်းရှိတယ်၊အခြေအနေက မတည်ငြိမ်ဘူး ” လို့ အနောက်ပိုင်းဒေသခံတယောက်ကပြောပါတယ်။

မိုးကုတ်မြို့အနောက်ပိုင်းအပြင်မနေ့ကစပြီး မိုးကုတ်မြို့ အရှေ့ပိုင်းမှာပါ TNLA ၊ PDF ပူးပေါင်းတပ်နဲ့ နစကတပ်ဖွဲ့တွေ ထိတွေ့တိုက်ပွဲဖြစ်ပွားလာပြီး လေကြောင်းပစ်ခတ်မှု၊ဒရုန်းတိုက်ခိုက်မှု၊လက်နက်ကြီးပစ်ခတ်မှုတွေ ရှိတာကြောင့် မြို့ခံတွေက ဒီနေ့ ဇွန်လ ၃၀ ရက်မှာ မြို့ကိုစွန့်ပြီး စစ်ရှောင်ဖို့ ကြိုးစားလာကြတာဖြစ်တယ်လို့သိရပါတယ်။

ဒီနေ့မှာမိုးကုတ်မြို့ကနေ စစ်ရှောင်ဖို့အတွက် ထွက်လာတဲ့ ကားအစီးရေရာနဲ့ချီရှိပြီး မနက်အစောပိုင်း ကားအချို့သာ မိုးကုတ်ကနေထွက်ခွင့်ရပြီး ရာနဲ့ချီတဲ့ ကားအစီးရေကတော့ခုချိန်ထိ အနောက်ပိုင်း ကျောက်ဖားဂိတ်မှာပဲပိတ်မိနေကြတာကြောင့် ဒုက္ခရောက်နေရတယ်လို့သိရပါတယ်။

မိုးကုတ်ကနေ ထွက်ခွင့်ရတဲ့ စစ်ရှောင်ကားတွေအနေနဲ့ မန္တလေး – မိုးကုတ်လမ်းတလျှောက်မှာလည်း အခြေအနေကိုကြည့်ပြီး သွားလာနေရပြီး အာမခံချက်မရှိတဲ့အတွက် ဖြစ်နိုင်ပါက မိမိအိမ်မှာသာနေကြဖို့ အချို့ကလည်းအကြံပြုထားပါတယ်။

စစ်ရှောင်ဖို့အတွက် ကားငှားရာမှာ ကားတစီးငှားရမ်းခ ၁၂ သိန်းအထိစျေးပေါက်နေတာကြောင့်ငွေကြေးတတ်နိုင်သူသာ စစ်ရှောင်နိုင်ပြီး ငွေကြေးမပြည့်စုံသူတွေကတော့ စစ်ရှောင်နိုင်တဲ့အခြေအနေမရှိဘူးလို့သိရပါတယ်။

” အခုကဘယ်နေရာမှမလုံခြုံဘူး။ မိုးကုတ်ကနေရှောင်လို့မန်းလေးကိုအဆင်ပြေပြေရောက်ရင်အကောင်းဆုံးဆိုပေမယ့် ခုကဘယ်နေရာဘယ်လိုတိုက်ပွဲဖြစ်မယ် လမ်းမှာရက်ဘယ်လောက်ကြာမယ်ဆိုတာဘယ်သူမှမသိဘူး ၊အခန့်မသင့်ရင်လက်နက်ထိမှန်တာဖြစ်နိုင်တော့ အိမ်မှာပဲနေတာပိုကောင်းမလားပေါ့။တကယ်လို့မဖြစ်မနေ စစ်ရှောင်မယ်ဆိုရင်လည်း ကားကိုဖြေးဖြေးမောင်းပြီး မှန်ချပါ။ပစ်ခတ်သံကြားရင်ရပ်။စားစရာရေအပြည့်အစုံယူသွားဖို့အကြံပြုချင်တယ် ။ကားခကလည်း စျေးမြင့်တော့လူတိုင်းလည်းမရှောင်နိုင်ကြဘူး၊နောက်ဆုံးအချိန်ထိနေ​ရမယ့်သူတွေလည်းရှိတယ် ” လို့မိုးကုတ်မြို့ခံတယောက်ပြောပါတယ်။

ဒီနေ့ ၃၀ ရက်နေ့မှာတော့ ပစ်ခတ်မှုတွေပြင်းထန်တာမရှိဘဲ အရှေ့ပိုင်းကို လက်နက်ကြီးနှစ်လုံးကျပြီး အနောက်ပိုင်းကိုလည်း လက်နက်ကြီးကျလို့ နေအိမ်အချို့ပျက်စီးကာ ဒေသခံအချို့ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။

” ခုမနက် အနောက်ပိုင်းက လူးထရပ်ကွက်ထဲကျတယ်၊ကလေးတယောက်လက်ထိတယ်၊နောက်တယောက်လည်းဒဏ်ရာရတယ်၊အိမ်လည်း ပျက်စီးမှုရှိတယ်၊အခုတော့ ငြိမ်နေတယ် ” လို့ အနောက်ပိုင်း နေထိုင်သူတယောက်ကထပ်မံပြောပြပါတယ်။

မိုးကုတ်မြို့အရှေ့ပိုင်းနဲ့အနောက်ပိုင်းမှာ မနေ့က ဇွန်လ ၂၉ ရက်နေ့ကလည်း ရပ်ကွက်တွေထဲလက်နက်ကြီးကျည်ကျရောက်လို့ သေဆုံးသူနဲ့ဒဏ်ရာရသူတွေရှိခဲ့ပါတယ်။

ဇွန်လ ၂၈ ရက်နေ့ကလည်း မိုးကုတ်မြို့ အနောက်ပိုင်းကအောင်သုခရပ်ကွက်ထဲမှာလက်နက်ကြီးကျလို့ အမျိုးသမီးတယောက်သေဆုံးခဲ့သလို ဇွန်လ၂၇ ရက်နေ့တုန်းကလည်း မိုးကုတ်အရှေ့ပိုင်းနဲ့အနောက်ပိုင်းနှစ်ခုလုံးမှာလက်နက်ကြီးကြောင့် ကိုရင်တပါးနဲ့အမျိုးသမီးနှစ်ယောက် သေဆုံးခဲ့ကာ ကိုရင်လေးပါး နဲ့ ပြည်သူသုံးယောက်လောက်ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

မိုးကုတ်မှာတော့ ဇွန်လ ၂၅ ရက်နေ့မနက်ပိုင်းကစပြီး TNLA ၊ PDF နဲ့ နစကတပ်ဖွဲအကြားတိုက်ပွဲတွေစတင်ဖြစ်ပွားခဲ့တာဖြစ်ကြောင်း၊ TNLA က မိုးကုတ်မြို့ကိုသိမ်းပိုက်နိုင်ဖို့အတွက် နစကတပ်စခန်းတွေ၊ရဲစခန်းတွေကို ထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်ပါတယ်။

တိုက်ပွဲကာလ ၆ ရက်အထိကြာလာမှုနဲ့အတူ မန္တလေး- မိုးကုတ်လမ်းကလည်း.သွားလာဖို့ခက်လာပြီး ဒေသတွင်းကုန်စည်စီးဆင်းမှုလည်း မရှိသလောက်ဖြစ်လာကာ စားသောက်ကုန်ပစ္စည်းတွေစျေးနူန်းမြင့်တက်လာနေတယ်လို့သိရပါတယ်။

မန္တလေး- မိုးကုတ်ကားလမ်းနဲ့ပတ်သက်ပြီး ပြင်ဦးလွင် ခရိုင် PDF အဖွဲ့ကလည်း ဇွန်လ၂၅ ရက်နေ့ကစပြီး ည ၇ နာရီမှ မနက်၆ နာရီအတွင်း ခရီးသွားခြင်းမပြုဖို့တားမြစ်ထားပါတယ်။

ကျန်တဲ့သတ်မှတ်ခွင့်ပြုအခ​ျိန်မှာသွားလာမယ့် ပြည်သူတွေအနေနဲ့လည်း ခရီးသွားပါက ကားမှန်ချပြီးမောင်းဖို့၊စစ်တပ်ကားတွေနဲ့အနီးကပ်သွားလာခြင်းရှောင်ဖို့၊လမ်းမှာတိုက်ပွဲဖြစ်သံကြားပါက ဘေးကင်းရာမှာ ကားကိုရပ်ထားဖို့ထုတ်ပြန်အသိပေးထားပါတယ်။

အကယ်၍ ထုတ်ပြန်တားမြစ်ချက်ကို မလိုက်နာပါက ဖြစ်ပေါ်လာတဲ့အကျိုးဆက်ကိုတာဝန်ယူဖြေရှင်းပေးမှာမဟုတ်ဘူးလို့ ထုတ်ပြန်ထားပါတယ်။

VOM Telegram Channel: https://t.me/VOMNEWS2023/7938

VOM Viber Channel: https://invite.viber.com/?g2=AQB7wwugAc75sVHuHo%2Fd0CrKkpLcA%2BlNVq%2Bect5uDImn9%2FvvN4ftUbteUnFXd9we

VOM Youtube Channel: https://www.youtube.com/channel/UCMHge_I_r2t4sISomPm392g

VOM Website Link: http://tinyurl.com/ywyd7eyn. ..

#Voiceofmyanmar #vom #မိုးကုတ် #တိုက်ပွဲ # စစ်ရှောင် #အရပ်သားသေဆုံးမှု

Related posts

Leave a Comment

VOM News

FREE
VIEW