ငလျင်ကြောင့် ထိခိုက်ခဲ့တဲ့ မဟာမုနိဘုရားကြီးမှာ ဘုရားဖူးတွေ ပြန်လည်ခွင့်ပြုနေတဲ့ အခြေအနေ

မန္တလေး၊စက်တင်ဘာ ၁၆ – ၂၀၂၅
(Voice of Myanmar)
ငလျင်ကြီးဒဏ်ကြောင့် ယာယီပိတ်ထားခဲ့ရတဲ့မန္တလေးမြို့က မဟာမုနိဘုရားကြီးကို ပြန် လည်ဖွင့်လှစ်ပေးထားပြီးနောက် အနယ်နယ်အရပ်ရပ်က ဘုရားဖူးပြည်သူတွေအတွက် ရွှေသင်္ကန်းကပ်လှူပူဇော်နိုင်အောင် အဆင်ပြေစွာ စီစဉ်ပေးထားပါတယ်။
ဘုရားကြီးဂေါပကအဖွဲ့ရဲ့အဆိုအရ လုံခြုံစိတ်ချရတဲ့နေရာတွေကိုသာ ဘုရားဖူးပြည်သူတွေကို သွားလာခွင့်ပေးထားပြီး စိတ်မချရသေးတဲ့နေရာတွေနဲ့ ပြုပြင်ဆဲအပိုင်းတွေကိုတော့ ကန့်သတ်ထားတယ်လို့သိရပါတယ်။
ဘုရားကြီးဂေါပကအဖွဲ့ ဥက္ကဋ္ဌ ဦးမြဝင်းက “ရာနှုန်းပြည့်စိတ်ချရတဲ့နေရာတွေကို ဖွင့်ပေးထားပြီး ပြုပြင်ဆဲနေရာတွေကိုတော့ အချိန်အလိုက်ကန့်သတ်ထားရတယ်။ ဘုရားဖူးပြည်သူတွေ အခက်အခဲမရှိဘဲ ရွှေသင်္ကန်းကပ်နိုင်အောင်စီစဉ်ပေးထားတယ်” လို့ VOM ကိုပြောပါတယ်။
ဘုရားကြီးပုရဝဏ်အတွင်းရှိ နိဗ္ဗာန်ကုန်နဲ့အမှတ်တရ ပစ္စည်းဆိုင်တန်းတွေဟာလည်း ယခင်လိုပြန်လည်ဖွင့် လာကြပြီး အနယ်နယ်အရပ်ရပ်ကဘုရားဖူးပြည်သူတွေ ဝယ်ယူမှုတွေရှိနေပေမယ့် အရောင်းအဝယ်ကတော့ အေးနေဆဲဖြစ်တယ်လို့ ရောင်းချသူတွေက ဆိုပါတယ်။
ဒါအပြင် စနေ၊တနင်္ဂနွေကဲ့သို့ပိတ်ရက်တွေမှာ ဘုရားကြီးပုရဝဏ်အတွင်း ဘုရားဖူးပြည်သူ၊ရဟန်းရှင်လူအ‌ပေါင်းနဲ့လူစည်ကားတဲ့ မြင်ကွင်းပုံရိပ်တွေကိုလည်း VOM သတင်းဌာနက အခုလိုရိုက်ကူးတင်ဆက်ထားပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW