ကလောမှာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲကြောင့် အကူအညီ လုံးဝ မရသေးတဲ့ ရွာတချို့ ရှိနေ

စက်တင်ဘာ ၂၆ – ၂၀၂၄
SN (VOM)
ရှမ်းပြည်နယ် ‌(တောင်ပိုင်း)၊ ကလောမြို့မှာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲကြောင့် အကူအညီ လုံးဝ မရသေးတဲ့ ကျေးရွာတချို့ ရှိနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
အဲဒီ ကျေးရွာတွေကတော့ ကလောမြို့ တောင်ဘက်ခြမ်းက အင်းခေါင်း၊ ရေအေးချောင်း၊ စလယ်အင်း၊ တောင်ပွား စတဲ့ ရွာတွေဖြစ်ပြီး ရေကြီးမှု စတင်ဖြစ်ပွားခဲ့တဲ့ စက်တင်ဘာ ၁၀ ရက်နေ့မှစတင်ကာ ဒီကနေ့ စက်တင်ဘာ ၂၆ ရက်အထိ အကူအညီ လုံးဝ မရရှိသေးဘူးလို့ သိရပါတယ်။
“အဲဒီရွာတွေမှာ အိမ်ခြေ ၁၀၀ ကျော်၊ လူဦးရေ ၄၀၀ လောက် ရှိတယ်။ အခု အချိန်အထိ ဘာအကူအညီမှ မရောက်သေးတဲ့ ရွာတွေပေါ့။ တောင်ကျရေတွေကြောင့် လမ်းတွေပိတ်နေတော့ အဲဒီနေရာတွေကို သွားဖို့ကလည်း အရမ်းခက်တယ်။ ဒီလို နေရာလေးတွေ ရှိနေသေးတယ်ဆိုတာကို အလှူရှင်တွေ၊ ပရဟိတအဖွဲ့တွေ များများသိစေချင်တယ်” လို့ ဒေသခံတယောက်က ပြောပါတယ်။
ဒါအပြင် ကလောမြို့နဲ့ အနီး၀န်းကျင်မှာ ရေကြီးမှုနောက်ဆက်တွဲ သဘာဝရေ ညစ်ညမ်းနေမှုတွေကြောင့် သောက်သုံးရေအခက်အခဲနဲ့ ရင်ဆိုင်နေကြရတယ်လို့ လူမှုကူညီရေးအသင်းတွေဆီက သိရပါတယ်။
ရေကြီးမှုကြောင့် တောင်ကျရေတွေ စီး၀င်လာတဲ့အတွက် မြို့တွင်းနဲ့ မြို့ရဲ့တောင်ဘက် ကျေးရွာတွေက ရေတွင်းရေကန် အများအပြား ထိခိုက်ပျက်စီးမှုတွေ ဖြစ်ပေါ်ခဲ့တယ်လို့ သိရပါတယ်။
“ရေက သောက်ဖို့အတွက်လည်း လိုသလို သုံးဖို့စွဲဖို့ ဆေးကြောဖို့အတွက်လည်း လိုတယ်။ ‌ကလောမှာက နုန်းတွေ၊ ရွှံ့တွေက အနည်းဆုံး ၄ ပေအထက်ပဲ၊ အတော်ရှင်းယူရတယ်။ အဲဒါတွေကို ရှင်းဖို့၊ ဆေးကြောဖို့အတွက်ကလည်း ရေလိုတယ်။ ဒီမှာရှိတဲ့ ကန်တွေအကုန်လုံးကလည်း နုံးတွေ၊ အမှိုက်တွေနဲ့ ပြည့်နေတာဆိုတော့ ဘယ်လိုမှ အဆင်မပြေဘူး။ တမြို့လုံးမှာလည်း ရေကားက လေးစီးလောက်ပဲရှိတော့ အလုပ်မတွင်ဘူးဖြစ်နေတယ်” လို့ မြေပြင်ကူညီ ရေး လုပ်ဆောင်နေတဲ့ လူမှုကူညီရေးအသင်း တာဝန်ခံက ပြောပါတယ်။
လက်ရှိ ရေပြန်ကျနေတဲ့ နေရာတွေမှာ ရွှံ့နွံနဲ့ နုန်းတွေ ရှင်းလင်းဖို့အတွက် လူအင်အားနဲ့ စက်ယန္တရားတွေအပြင် အလှူရှင် အများအပြားလည်း လိုအပ်နေတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၁၅ ရက်နေ့ကစပြီး ကလောက နေရာတချို့မှာ ရေပြန်ကျသွားပြီဖြစ်ပေမယ့် မြို့နဲ့အနီး၀န်းကျင်မှာတော့ လက်ရှိအချိန်အထိ ရေနစ်မြုပ်နေတဲ့ နေအိမ်တွေ ရှိနေဆဲဖြစ်တယ်လို့ သိရပါတယ်။
ဒါအပြင် လက်ရှိမှာ ကလောမြို့ပေါ်မှာသာမက မြို့နယ်အတွင်းရှိ ကျေးရွာအများအပြားမှာ တောင်ပြို၊ မြေပြိုမှုတွေ ဆက်တိုက် ဖြစ်ပွားနေပြီး လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်ကာ အကူအညီများစွာ လိုအပ်နေတယ်လို့ သိရပါတယ်။
ကလောမှာ စက်တင်ဘာ ၁၀ ရက်ကနေ ၁၅ ရက်နေ့အထိ ဖြစ်ပေါ်ခဲ့တဲ့ ရေကြီးရေလျှံမှု ဖြစ်စဉ်အတွင်း ရေဘေးသင့်အိမ်ထောင်စု ၉၃၀ ဝန်းကျင်ရှိပြီး အဲဒီထဲက အိမ်ထောင်စု ၂၅၅ စုကတော့ အိမ်ပြိုကျ ပျက်စီးသွားတယ်လို့ သိရပါတယ်။
ကလောမှာ ရေဘေးကြောင့် သေဆုံးသူဦးရေ ၁၀၀ ဝန်းကျင်လောက် ရှိနိုင်တယ်လို့ ကယ်ဆယ်ရေး လုပ်ဆောင်နေသူတွေက ခန့်မှန်းကြပေမယ့် သေဆုံးနဲ့ ပျောက်ဆုံးစာရင်းကိုတော့ အတိအကျ မသိရသေးပါဘူး။
လက်ရှိအချိန်အထိ ပျောက်ဆုံးနေသူတွေကို ဆက်လက် ရှာဖွေနေဆဲဖြစ်ကာ တချို့နေရာတွေမှာတော့ နုန်းတွေ ရှင်းလင်းရေးလုပ်ရင်း အလောင်းပေါ်လာတာတွေလည်း ရှိတယ်လို့ သိရပါတယ်။
Photo:CJ

Related posts

Leave a Comment

VOM News

FREE
VIEW