ကားဈေးကွက်မှာ လျှပ်စစ်ကား (EV)တွေ စျေးအပြောင်းအလဲ ဖြစ်လာဖွယ်ရှိ



စက်တင်ဘာ၂၆ ၊ ၂၀၂၄
MS(VOM)

လျှပ်စစ်ယာဉ် (EV) တင်သွင်းခြင်းကို ဦးစားပေးအဆင့်မှ လျှော့ချသတ်မှတ်လိုက်တဲ့ သတင်းတွေ ထွက်ပေါ်မှု က ကားဈေးကွက်မှာ တော့ EV ကားတွေဈေးအပြောင်းအလဲ ဖြစ်လာနိုင်ဖွယ်ရှိတယ်လို့ မော်တော်ယာဉ် ရောင်းဝယ်ရေး လုပ်ငန်းလုပ်ကိုင်သူတွေ ထံကသိရပါတယ်။

ပြည်ပကနေ လျှပ်စစ်ကားတင်သွင်းခြင်းကို ရက်အကန့်အသတ်မရှိ ပိတ်လိုက်ကြောင်း လတ်တလောမှာ သတင်းအချို့ ထွက်ပေါ်နေတာကြောင့် ပြည်တွင်းကားဈေးကွက် အတွင်း EV ယာဉ်တွေနဲ့ပတ်သက်ပြီး ဝေဖန်သုံးသပ်မှုတွေရှိနေတာပါ။

” EVကား တင်သွင်းဖို့ လျှော့ချတာက ကားလောကအနေနဲ့ကြည့်ရင်တော့အရမ်းကြီး သက်ရောက်မှုရှိမနေဘူး ။ ဒါပေမယ့် အချို့EVကားဦးစားပေးတင်သွင်းထားတဲ့ ကုမ္ပဏီတွေကတော့ တချို့လည်း ရှိထားပြီးသားကားတွေ ထပ်ဝင်မလာနိုင်တော့ ဈေးနှုန်းတက်တာ စတဲ့အပြောင်းအလဲတွေရှိတယ်။ တချို့ကျပြန်တော့လည်း သဘောမတွေ့ကြဘူး။ ဘာလို့လဲဆိုတော့ ကားတွေကိုမှာထားပြီး မှ ဒီဘက်ကိုရောက်မလာသေးတဲ့ အနေအထားမှာ အခုသတင်းထွက်တော့ ဘာလုပ်ရမှန်းမသိဖြစ်ကုန်တာတွေလည်းရှိတော့ ။ သက်ဆိုင်ရာကသေချာတဲ့ မူဝါဒတွေပေးထားဖို့လိုပါတယ်။ လက်ရှိဦးစားပေးတင်သွင်းဖို့ လျော့တယ်ဆိုတာကလည်း တရားဝင်ဖြစ်မဖြစ် ကြေညာတာမရှိသေးတော့အခုပြောတာက ခန့်မှန်းခြေ ဘာဖြစ်မလဲဆိုတာလောက်ပါပဲ။လက်တွေ့ကတော့ တရားဝင်ပြောလာမှပဲသိနိုင်မယ်လို့” မော်တော်ကားရောင်းဝယ်ရေး အသင်း အဖွဲ့ဝင်တယောက်က ပြောပါတယ်။

EVကား တင်သွင်းတာတွေကို ဦးစားပေးအဆင့် ကနေလျော့ချသတ်မှတ်တာကို အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နဲ့ ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီကတော့ ယနေ့အထိ တစုံတစ်ရာ ထုတ်ပြန်ထားတာ မရှိသေးဘူးလို့လည်း ဆိုပါတယ်။

လက်ရှိမှာတော့ EVကားတွေတင်သွင်းခွင့် ကန့်သတ်ကြောင်း ၊ တင်သွင်းခွင့်မပြုတော့ကြောင်း သတင်းတွေထွက်ပေါ်မှုရဲ့နောက်ဆက်တွဲအနေနဲ့ မူလက သိန်း၅၀၀ကျော်မှသိန်း ၁၀၀၀ကျော် ကြားရှိနေတဲ့ EVကားအမျိုးအစားများအပါအဝင် ဈေးမြင့်နေတဲ့ဇိမ်ခံEVကား အမျိုးအစားတွေ မူလဈေးထက် ၁၀ရာခိုင်နှုန်းမှ၂၀ရာခိုင်နှုန်အထိ အတက်ဈေးဖြစ်ပေါ်နေတယ်လို့ မော်တော်ယာဉ်ရောင်းဝယ်ရေး လုပ်ငန်းအသိုင်းအဝိုင်းကသိရပါတယ်။

မူလက ၂၀၂၃ခုနှစ်ဇန်နဝါရီလ နှစ် စ မှ ၂၀၂၅ခုနှစ် မတ်လ ၃၁ရက်အထိကို လျှပ်စစ်ယာဉ် (EV) တင်သွင်းခြင်း ကို ဦးစားပေးအဆင့်ထားရှိကာ အခွန်ကင်းလွတ်ခွင့်တွေသက်ဆိုင်ရာကော်မတီက ခွင့်ပြုထားပေမယ့် လတ်တလောမှာတော့ ပြည်တွင်းရဲ့ လိုအပ်ချက်တွေဖြစ်နေတဲ့စက်သုံးဆီ၊ စားအုန်းဆီ၊ ဆေးဝါး အစရှိတဲ့ အရေးကြီးကုန်စည်တွေကို ဦးစားပေး တင်သွင်းရမှာဖြစ်တာကြောင့် EVတင်သွင်းတာကို လျော့ချသတ်မှတ်လိုက်ကြောင်း သတင်းဌာနတွေကလည်း ဖော်ပြထားကြပါတယ်။

နိုင်ငံခြားသုံးငွေကြီးကြပ်မှုကော်မတီ (FESC) က ခွင့်ပြုချက်ပေးထားတဲ့ အရေးကြီးကုန်စည်များတင်သွင်းခြင်း ဦးစားပေးအဆင့်ကနေ လျှော့ချသတ်မှတ်လိုက်တဲ့အတွက ်EVယာဉ် တင်သွင်းမှုအရေအတွက် နည်းသွားနိုင်တယ်လို့ ခန့်မှန်းမှုတွေ လည်း ရှိလာနေပါတယ်။

အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နဲ့ ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီ အနေနဲ့ ပြည်ပကနေ လျှပ်စစ်ကားတွေ တရာမဝင်တင်သွင်း ရောင်းချခြင်းများ နဲ့ ဈေးနှုန်းမြှင့်တင်ရောင်းချမှုတွေကို တွေ့ရှိပါက စားသုံးသူကာကွယ်ရေးဥပဒေအရ အရေးယူမှာဖြစ်ကြောင်းကို တော့ EVကားအရောင်းအဝယ်ပြုလုပ်နေသူတွေကို ယခုလအတွင်း ပြုလုပ်တဲ့ဌာနတွင်း အစည်းအဝေးကနေ အသိပေးမှုတွေရှိနေတယ်လို့ဆိုပါတယ်။

“လက်ရှိအချိန်မှာတော့ တင်သွင်းခွင့်ပါမစ်မရရင် အသွင်းမခံပါဘူး။ နောက်တချက်က တရားမဝင်သွင်းတာတွေကို အရေးယူမယ်လို့ပြောတာပေါ့။ လက်ရှိအချိန်အထိတော့ သွင်းနေတာတွေရှိတယ်။ ဈေးနှုန်းအပိုင်းမှာလည်း အသိပေးတာတွေရှိနေတယ်လို့” မော်တော်ကားရောင်းဝယ်ရေအသင်း အဖွဲ့ဝင်ကဆိုပါတယ်။

ပြည်တွင်းကို EVလျှပ်စစ်ကားများတင်သွင်းရောင်းချခြင်းအတွက် ကုမ္ပဏီ ၁၀၀ ကျော်ကို တရားဝင်တင်သွင်းရောင်းချခွင့်ပြုထားရာမှ ပြည်တွင်းမှာအစီးရေ ၅၀၀၀ခန့်တင်သွင်းထားမှုရှိနေပြီး တရားဝင်တင်သွင်းခွင့်ရထားတဲ့ကုမ္ပဏီ၁၀၀ကျော်အထဲက ကုမ္ပဏီအချို့ကပဲ တင်သွင်းရောင်းချနေကာ အများစုကတော့ တင်သွင်းရောင်းချခြင်း မပြုနိုင်သေးဘူးလို့ သိရှိရပါတယ်။

Photo:CJ

Related posts

Leave a Comment

VOM News

FREE
VIEW