ထိုင်းအစိုးရက ပြည်သူတွေရဲ့ ဒစ်ဂျစ်တယ်ပိုက်ဆံအိတ်ထဲကို ဘတ်တသောင်းစီ ထည့်ပေး

ဘန်ကောက်၊ စက်တင်ဘာ-၂၆-၂၀၂၄
ရတီ (VOM)
ထိုင်းအစိုးရဟာ ကျဆင်းနေတဲ့ နိုင်ငံစီးပွားရေးကို လှုံ့ဆော်ဖို့ရည်ရွယ်ပြီး အမေရိကန်ဒေါ်လာ ၁၄ ဘီလီယံတန်ဖိုးရှိ ဒစ်ဂျစ်တယ်ပိုက်ဆံအိတ် အစီအစဉ်ကို စက်တင်ဘာ ၂၅ ရက် မနေ့က စတင်ပေးအပ် လိုက်ပြီး ဒီနေ့မှာတော့ ပြည်သူတွေဟာ ငွေသားထုတ်ယူမှုတွေ ပြုလုပ်နေကြပါတယ်။
အစီအစဉ် ကနဦးအဆင့်အရ လူမှုဖူလုံရေးကတ်ကိုင်ဆောင်ထားသူတွေနဲ့ မသန်စွမ်း ၁၄ ဒသမ ၅ သန်းအတွက် ဒစ်ဂျစ်တယ်ပိုက်ဆံအိတ်ထဲကို တယောက်ကို ဘတ်တသောင်းထည့် ဖြန့်ဝေသွားမှာဖြစ်ပြီး ယခုလကုန်မှာ အပြီးသတ်ဖွယ်ရှိပါတယ်။
ပြည်သူတွေကို အခုလိုပေးအပ်တာဟာ အသုံးစရိတ်ပိုမိုသုံးစွဲလာနိုင်စေဖို့ဖြစ်ပြီး စီးပွားရေလှုံ့ဆော်မှု အစီအစဉ်တွေကို ပိုမိုလုပ်ဆောင်မှာဖြစ်ကာ ဒစ်ဂျစ်တယ်ပိုက်ဆံအိတ် မူဝါဒကိုလည်း ဆက်လက်အကောင်အထည်ဖော်သွားမယ်လို့ ဝန်ကြီးချုပ် ပေတောင်ထရန်ရှင်နာဝပ်ထရာက ပြောပါတယ်။
လာမယ့်ခြောက်လအတွင်း ထိုင်းပြည်သူသန်း ၅၀ နီးပါးအတွက် တယောက်ကို ဘတ်တသောင်းထည့်ပေးမယ့် သွားမှာဖြစ်တယ်လို့ ဝန်ကြီးချုပ်က ယခုလဆန်းပိုင်းမှာ ပြောဆိုခဲ့ပါတယ်။
ဒီအစီအစဉ်နဲ့ပတ်သက်ပြီး ထိုင်းဗဟိုဘဏ် အုပ်ချုပ်ရေးမှူးဟောင်းနှစ်ယောက်အပါအဝင် စီးပွားရေး ပညာရှင်အချို့က ဘဏ္ဍာရေးဆိုင်ရာ တာဝန်မဲ့မှုလို့ ဝေဖန်ထားကြပါတယ်။
ဒစ်ဂျစ်တယ်ပိုက်ဆံအိတ်မူဝါဒဟာ ၂၀၂၄ ခုနှစ် ဒုတိယသုံးလပတ်မှာ ၂ ဒသမ ၃ ရာခိုင်နှုန်းသာ တိုးတက်ခဲ့တဲ့ ထိုင်းစီးပွားရေး ပြန်လည်တိုးတက်လာစေဖို့ အခြေခံအုတ်မြစ်လို့ အကဲခတ်တချို့က သုံးသပ်နေကြပါတယ်။
အရှေ့တောင်အာရှရဲ့ ဒုတိယစီးပွားရေးအင်အားကြီး ထိုင်းနိုင်ငံဟာ ယမန်နှစ်အတွင်းက စီးပွားရေးတိုးတက်မှုနှုန်း ၁ ဒသမ ၉ ရာခိုင်နှုန်းရှိရာမှ ယခုနှစ်အတွင်း၌ ၂ ဒသမ ၆ ရာခှိုင်နှုန်း တိုးတက်မယ်လို့ ခန့်မှန်းထားပါတယ်။
Ref:Bloomberg
Photo: AFP

Related posts

Leave a Comment

VOM News

FREE
VIEW