ဧပြီ ၁၂ – ၂၀၂၆
SS (VOM)
အရှေ့အလယ်ပိုင်း ပဋိပက္ခကြောင့် လက်ရှိ မြန်မာနိုင်ငံအတွင်း စက်သုံးဆီဈေးနှုန်း မြင့်တက်ပြီး ဆီရှားပါးမှုတွေ ဖြစ်ပေါ်နေပေမယ့် ကမ်းခြေနဲ့ အပန်းဖြေနေရာတွေမှာ ဟိုတယ်ဘိုကင်တွေ ပြည့်နေပြီဖြစ်တယ်လို့ ဟိုတယ်လုပ်ငန်းရှင်တွေနဲ့ ခရီးသွား ဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်သူတွေက ပြောပါတယ်။
ပြည်တွင်းခရီးသွား အများအပြားဟာ လာမယ့် သင်္ကြန်ကာလ ပိတ်ရက်ရှည်တွေမှာ ချောင်းသာ၊ ငွေဆောင်၊ ပုဂံ၊ တောင်ကြီး အစရှိတဲ့ နေရာတွေဆီ သွားရောက် လည်ပတ်ကြဖို့ ရှိနေတယ်လို့ သိရပြီး ဟိုတယ်တွေမှာ ဧပြီလလယ်အထိ ဘိုကင်အပြည့်နီးပါး ရှိနေတယ်လို့ ခရီးသွား ဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်သူတယောက်က ပြောပါတယ်။
“အစကတော့ ကျွန်တော်တို့ထင်တာပေါ့၊ စက်သုံးဆီ အခက်အခဲကြောင့် စရိတ်စကတွေ ပိုပြီးတက်လာတော့ ဒီနှစ် သင်္ကြန်ရုံးပိတ်ရက်ရှည်မှာ ပြည်တွင်းခရီးသွား လျော့သွားနိုင်မယ်လို့ ထင်ထားတာ။ ဒါပေမယ့်လည်း ခရီးသွား လျော့မသွားဘဲ အရင်နှစ်ကလိုပဲ ပုံမှန်အတိုင်း ဆက်ရှိနေတာကို တွေ့ရတယ်။ အဓိက က ကမ်းခြေတွေဘက်ပေါ့။ ဟိုတယ်တွေအကုန် အခန်းပြည့်လုနီးပါး ဖြစ်နေပြီ” လို့ သူက ပြောပါတယ်။
လက်ရှိမှာ စက်သုံးဆီဈေးတွေဟာ ရည်ညွှန်းဈေး သတ်မှတ်ချက်အရ ဓာတ်ဆီ ၉၂ တလီတာ ၄,၇၃၅ ကျပ် ၊ ဓာတ်ဆီ ၉၅ တလီတာ ၄,၉၄၅ ကျပ်၊ ဒီဇယ်ဆီ တလီတာ ၆,၄၈၅ ကျပ်နဲ့ ပရီမီယံဒီဇယ် ၇,၇၅၅ ကျပ်အထိ ရှိနေတာပါ။
မှောင်ခိုဈေးကွက်မှာတော့ ပရီမီယံဒီဇယ် တပီပါကို ၂၆ သိန်းကျပ်၊ ၂၇ သိန်းကျပ်ဝန်းကျင်မှာ ရှိနေတယ်လို့ သိရပြီး ရိုးရိုးဒီဇယ် တပီပါကတော့ ၂၄ သိန်းကျပ် ဝန်းကျင်မှာ ရှိနေတာဖြစ်ကာ တလီတာဈေးတွေကတော့ ကျပ် တသောင်းကျော် ဝန်းကျင်မှာ ရှိနေတယ်လို့ သိရပါတယ်။
“ဆီဈေးကြောင့် စရိတ်စကတွေ ဘယ်လိုပဲ ကြီးနေပါစေ၊ သင်္ကြန်ကာလအတွက်က သွားတဲ့သူက ရှိကိုရှိတယ်။ သင်္ကြန်မှာပဲ အားလပ်ရက် ရတဲ့သူတွေ များကြတာကိုး။ ဒီကာလမှပဲ ခရီးသွားဖို့အတွက် အချိန်ပေးနိုင်တဲ့သူတွေ သွားကြတာဆိုတော့ ဆီကိစ္စနဲ့ သွားလာစရိတ်၊ ဟိုတယ်အခန်းခဈေး၊ အစစအရာရာ အကုန် ဈေးတက်သွားပေမယ့် သွားတဲ့သူကတော့ ရှိနေတာပါပဲ။ တချို့ ကားဂိတ်တွေဆို ကား လေးစီး၊ ငါးစီးတွေ ထွက်တာ။ လူအပြည့်တွေချည်းပဲ” လို့ ခရီးသွား ဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်သူက ပြောပါတယ်။
လက်ရှိမှာ ပုဂံ – ညောင်ဦး ခရီးစဉ်နဲ့ တောင်ကြီး – အင်းလေးခရီးစဉ် ကားခတွေဟာ ပုံမှန်သွားနေကျ အပတ်စဉ်စရိတ်ထက် နှစ်သိန်းဝန်းကျင် ဈေးထပ်မံ မြင့်တက်နေပြီး ပုဂံဘက်ဆိုပါက ကျပ် လေးသိန်း ခြောက်သောင်းကနေ ကျပ် လေးသိန်း ရှစ်သောင်းဝန်းကျင်အထိ ရှိနေတာဖြစ်တယ်လို့ သူက ပြောပါတယ်။
တောင်ကြီးဘက်ဆိုပါက ကားခ ကျပ် ခြောက်သိန်းနီးပါးအထိ ရှိနေတာဖြစ်ကာ ချောင်းသာ၊ ငွေဆောင် ကားခတွေကတော့ အရင်ကထက် ကျပ် တသိန်းကျော် ထပ်မံ မြင့်တက်လာပြီး လက်ရှိမှာ ကျပ် နှစ်သိန်းကျော်အထိ ပေါက်ဈေး ရှိနေတာဖြစ်တယ်လို့ သူက ပြောပါတယ်။
ဟိုတယ်အခန်း တခန်းခ ဈေးနှုန်းတွေကတော့ တောင်ကြီးဘက် ဆိုပါက ပျမ်းမျှ ကျပ် နှစ်သိန်းခွဲ၊ သုံးသိန်းဝန်းကျင်မှာ ရှိနေပြီး ချောင်းသာ၊ ငွေဆောင် အခန်းခကတော့ ကျပ် ခြောက်သိန်း၊ ခုနစ်သိန်းဝန်းကျင်မှာ ရှိနေကာ ပုဂံဘက်ဆိုရင်တော့ အနည်းဆုံး ကျပ် ခြောက်သိန်း၊ ခုနစ်သိန်းဝန်းကျင်အထိ ရှိနေတယ်လို့ ဟိုတယ်လုပ်ငန်းရှင် တယောက်က ပြောပါတယ်။
“ချောင်းသာ၊ ငွေဆောင် အခန်းခ ဈေးများက ကမ်းခြေဆိုတော့ အားလပ်ရက်ကျမှပဲ လူတွေအလာများကြတာကိုး။ သင်္ကြန်ပြီး မိုးတွင်းဘက်ဆို လူပါးသွားပြီလေ။ အဲဒီအတွက် လူကျတဲ့ရက်တွေ အတွက်ကိုပဲ သက်သက် ဈေးတင်ကြတာများတယ်။ တောင်ကြီးတို့၊ ပုဂံတို့ကျ ၁၂ ရာသီပတ်လုံး ဧည့်သည် ရှိတယ်လေ။ တောင်ကြီးဘက်ဆိုရင်လည်း သူတို့ရဲ့ ပုံမှန် ဧည့်သည်က ရှိပြီးသား။ ကုန်သည်တွေ၊ အနားလာယူတဲ့ သူတွေပေါ့။ ဒါကြောင့် ကမ်းခြေတွေလောက် ထူးထူးခြားခြားကြီး ဈေးမတက်သွားဘူး” လို့ သူက ပြောပါတယ်။
ဧရာဝတီတိုင်း၊ ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီးဌာန၊ ပြန်ကြားရေး ဝန်ကြီးဌာနကလည်း ပြည်သူတွေအနေနဲ့ မြန်မာ့နှစ်သစ်ကူး သင်္ကြန်ပိတ်ရက် ကိုးရက်တာအတွင်း ပင်လယ်ကမ်းခြေ အပန်းဖြေစခန်းတွေဖြစ်တဲ့ ငွေဆောင်နဲ့ ချောင်းသာကမ်းခြေတို့မှာ အပန်းဖြေအနားယူဖို့ ဟိုတယ်နဲ့ တည်းခိုခန်း ၇၅ ရာခိုင်နှုန်းခန့်ကို ကြိုတင် စာရင်းပေးသွင်းထားပြီးဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။
ဧရာဝတီတိုင်းအတွင်း ၂၀၂၄ ခုနှစ်အတွင်း ပြည်တွင်း၊ ပြည်ပ ခရီးသွား ၁၉ သိန်းကျော်၊ ၂၀၂၅ ခုနှစ်အတွင်း ခရီးသွား ၁၅ သိန်း ကျော်နဲ့ အခု ၂၀၂၆ ခုနှစ်မှာတော့ မတ်လအထိ ခရီးသွား ခြောက်သိန်း ကိုးသောင်းကျော် ဝင်ရောက်ခဲ့တယ်လို့ သိရပါတယ်။
အခု ၂၀၂၆ ခုနှစ်မှာ နှစ်ဆန်းပိုင်း အတွင်းမှာတင် ငွေဆောင်ကမ်းခြေကို ခရီးသွား နှစ်သိန်းနှစ်သောင်းကျော်၊ ချောင်းသာနဲ့ ရွှေသောင်ယံကမ်းခြေကို ခရီးသွား တသိန်း ခြောက်သောင်းကျော် ဝင်ရောက်ခဲ့တာကြောင့် အခုနှစ်မှာတော့ ပြီးခဲ့တဲ့နှစ်တွေကထက် ခရီးသွားလာမှုနှုန်း ပိုမို မြင့်တက်ဖွယ် ရှိနိုင်တယ်လို့ ခရီးသွားဝန်ဆောင်မှု ကုမ္ပဏီတွေက ခန့်မှန်းထားကြပါတယ်။
Photo – CJ
