ဖားကန့်၊ မရှီကထောင်မှာ တိုက်ပွဲဖြစ်ပွားနေ

ဧပြီ ၁၁ – ၂၀၂၆
SN (VOM)
ကချင်ပြည်နယ်၊ ဖားကန့်မြို့၊ မရှီကထောင်ရပ်ကွက်မှာ ဒီကနေ့ ဧပြီ ၁၁ ရက်၊ မနက်ပိုင်းကစပြီး တိုက်ပွဲ ဖြစ်ပွားလျက်ရှိကာ အစိုးရတပ်ဘက်က လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီး ပစ်ခတ်မှုတွေနဲ့ ဆက်တိုက် ပြုလုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“တိုက်ပွဲက မရှီကထောင် ဆုတောင်းကုန်းဘက်မှာရော၊ အမှိုက်ပုံရွာဘက်မှာရော ဖြစ်နေတာ။ ဒီနေ့မနက် ၉ နာရီခွဲလောက်ကတည်းက လက်နက်ကြီး၊ လက်နက်ငယ်သံတွေ ဆက်တိုက် ကြားနေရတာ အခုအချိန်အထိပဲ။ နေ့လယ် ၂ နာရီလောက်ကျတော့ လေကြောင်းတိုက်ခိုက်မှု စပြီးဖြစ်တာ။ အခုညနေ ၅ နာရီထိုးခါနီးလောက်အထိကို လေကြောင်း သုံးကြိမ် ရှိနေပြီ” လို့ ဒေသခံတယောက်က ပြောပါတယ်။
အစိုးရတပ်တွေဟာ ဒီကနေ့ မနက်ပိုင်းမှာ မရှီကထောင်ရပ်ကွက်ကနေ ဆုတောင်းကုန်းဘက်ကို နယ်မြေရှင်းလင်းရေး လုပ်ဆောင်လာတာကြောင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ပူးပေါင်းတပ်တွေနဲ့ တိုက်ပွဲ ဖြစ်ပွားနေခြင်း ဖြစ်တယ်လို့ သူက ပြောပါတယ်။
“အစိုးရတပ်က အိမ်စီးကားတစီးနဲ့ ဆုတောင်းကုန်းဘက်ကို တက်သွားတာ။ အနောက်ကနေ စစ်ကြောင်းလိုက်သွားတာ။ အင်အားများတယ်။ အဲဒီနောက်ပိုင်း ပစ်ခတ်သံတွေကြားလာရတာ” လို့ သူက ပြောပါတယ်။
တိုက်ပွဲအတွင်း ဖားကန့်ဗျူဟာကုန်းပေါ်ကို KIA ဘက်က ပစ်လိုက်တဲ့ လက်နက်ကြီး ကျရောက်ပေါက်ကွဲမှု ဖြစ်ပွားခဲ့သလို မရှီကထောင်နဲ့ ဆွတ်ဘွမ် (အမှိုက်ပုံ) ရွာ အနီးဝန်းကျင်ကိုလည်း ဗျူဟာကုန်းပေါ်ကနေ လက်နက်ကြီး ပစ်ခတ်မှုတွေ ပြုလုပ်ခဲ့တယ်လို့ စစ်ရေး သတင်းရင်းမြစ်တယောက်က ပြောပါတယ်။
“တိုက်ပွဲက နှစ်ဖက်အပြန်အလှန် လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာ။ ရွာတွေ၊ ရပ်ကွက်တွေထဲရော၊ အနီးဝန်းကျင်မှာရော လက်နက်ကြီး ကျတာတွေရှိတော့ ဒီက ဒေသခံတွေအားလုံးက အထိတ်တလန့်ပေါ့။ ဖားကန့်မြို့က KIA ပူးပေါင်းတပ်တွေ ရှိတဲ့နေရာ အတော်များများကိုလည်း လေကြောင်းကနေ ဆက်တိုက် တိုက်ခိုက်နေတော့ အတော်လေး စိုးရိမ်နေရတယ်။ ပေါက်ကွဲသံတွေက မြို့ပျက်မတတ်ဘဲ။ ဘယ်လိုပဲဖြစ်ဖြစ် KIA တပ်တွေ လူထုရှိတဲ့နေရာတွေမှာ မနေသင့်တော့ဘူး” လို့ သူက ပြောပါတယ်။
အခုလို ဖားကန့်မြို့နယ်အတွင်း ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ဒေသခံတချို့ဟာ ပြီးခဲ့တဲ့ ဧပြီ ၆ ရက်နေ့ကစပြီး ဘေးလွတ်ရာ တခြားသော ကျေးရွာတွေနဲ့ မြစ်ကြီးနားမြို့ဘက်ကို စစ်ဘေး တိမ်းရှောင်နေကြတယ်လို့ သူက ပြောပါတယ်။
ပြီးခဲ့တဲ့ ဧပြီ ၆ ရက်နေ့ ညနေပိုင်းက ဖားကန့်မြို့နယ်၊ လုံးခင်းရွာမှာ အစိုးရတပ်နဲ့ KIA ပူးပေါင်းတပ်တို့ တိုက်ပွဲ ပြင်းထန်ခဲ့ပြီးနောက် ဖားကန့်ဗျူဟာကုန်းမှ အစိုးရတပ်ဖွဲ့ဝင်တွေဟာ လုံးခင်းကျေးရွာအတွင်း တပ်ဖြန့် ဝင်ရောက်လာတာကြောင့် ဒေသခံပြည်သူတချို့ဟာ တိုက်ပွဲ ပြင်းထန်လာမှာကို စိုးရိမ်ပြီး စစ်ဘေး တိမ်းရှောင်သွားကြတာ ဖြစ်တယ်လို့ သူက ပြောပါတယ်။
ဖားကန့်မှာ ဧပြီ ၂ ရက်နေ့မှ စတင်ကာ တိုက်ပွဲ ဖြစ်ပွားခဲ့တာဖြစ်ပြီး တိုက်ပွဲအတွင်း အစိုးရတပ်ရဲ့ ရှေ့တန်းစခန်း ခြောက်ခုကို KIA ပူးပေါင်းတပ်တွေက သိမ်းယူထားကာ စစ်ရေးဆက်လက် တင်းမာနေတာ ဖြစ်တယ်လို့ သိရပါတယ်။
ဧပြီ ၂ ရက်နေ့၊ တိုက်ပွဲစတင်ပြီးနောက်ပိုင်း အစိုးရတပ်က လေကြောင်း တိုက်ခိုက်မှုတွေ ပြုလုပ်နေတဲ့အပြင် ဖားကန့်ဗျူဟာကုန်းနဲ့ လက်နက်ကြီး တပ်ဆင်ထားတဲ့ နေရာတွေကနေ ပစ်ခတ်မှုတွေ ရှိနေတာကြောင့် လူနေရပ်ကွက်အတွင်း ကျရောက် ပေါက်ကွဲခဲ့ပြီး ခြောက်ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။
တိုက်ပွဲတွေကြောင့် လုံးခင်းနဲ့ ဖားကန့်သွားတဲ့ လမ်းပိုင်းကို အသုံးမပြုကြဖို့ KIA ပူးပေါင်းတပ်တွေက သတိပေးထားသလို အစိုးရတပ်ဘက်ကလည်း လုံးခင်း – မှော်စီစာ – ဖားကန့်လမ်းပိုင်းပေါ်ရှိ လုံးခင်းနဲ့ လယ်ပြင် ဆက်သွယ်ထားတဲ့ တံတားကနေ ပြည်သူတွေကို ဖြတ်သန်းသွားလာခွင့် မပေးဘဲ ပိတ်ထားခဲ့တယ်လို့ သိရပါတယ်။
Photo – CJ

Related posts

Leave a Comment

VOM News

FREE
VIEW