မြန်မာ့ရိုးရာ အတာသင်္ကြန်အတွက် မန္တလေးမှာ ဘာတွေပြင်ဆင်ထားလဲ၊ ယာဥ်အပ်နှံခ သတ်မှတ်နှုန်းထားထက် ပိုကောက်ခံလို့ တိုင်ကြားသူရှိရင် အရေးယူမယ်

မန္တလေး၊ ဧပြီ – ၁၁- ၂၀၂၆
SA(VOM)
မကြာခင် ကျရောက်မယ့် မြန်မာ့ရိုးရာအတာသင်္ကြန် အတွက် မန္တလေးမြို့က ရိုးရာယဥ်ကျေးမှုတွေနဲ့အညီ အောင်မြေသာစံမြို့နယ်မှာရှိတဲ့ မန္တလေးနန်းတော် ကျုံးနဘေးပတ်လည်မှာ လမ်းလျှောက်သင်္ကြန်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ဖို့ စီစဥ်နေတာကို တွေ့ရပါတယ်။
လာမယ့် ဧပြီ ၁၃ ရက်နေ့ညနေ ၅ နာရီမှာ ၂၆ လမ်း ၇၁ လမ်းနဲ့ ၇၂ လမ်းကြားမှာရှိတဲ့ မန္တလေးမြို့တော်ဝန်မဏ္ဍပ်မှာ ဖွင့်ပွဲအခမ်းအနားကို ခမ်းနားထည်ဝါစွာ ကျင်းပဖို့ စီစဥ်ထားတယ်ဆိုတဲ့အကြောင်းကိုလည်း မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင် က ပြောပါတယ်။
၂၆ လမ်းနဲ့ ၆၆လမ်း ကိုတော့ မော်တော်ယာဥ်တွေကို လုံးဝပေးဝင်မှာ မဟုတ်ပဲ လမ်း ၈၀ နဲ့ ၁၂ လမ်းမှာ ဘေးတွေမှာ နေအိမ်တွေရှိတာကြောင့် ကျုံအတွင်းလမ်းကို အသုံးပြုခွင့်မပေးပေမယ့် အပြင်လမ်း ကိုတော့ မော်တော်ယာဥ်သွားလာခွင့်ပေးသွားမယ်လို့ သိရပါတယ်။
ဒီကနေ့ ဧပြီလ ၁၁ ရက်နေ့မှာတော့ ကျုံးပတ်လည်က မဏ္ဍပ် ဆောက်လုပ်နေတာတွေကို မန်တလေးတိုင်းဝန်ကြီးချုပ် ဦးမျိုးအောင် ကိုယ်တိုင် လှည့်လည်စစ်ဆေးခဲ့ပြီး မဏ္ဍပ်ဆောက်လုပ်နေမှု ရာခိုင်နှုန်း အတော်ပြီးစီးနေတာကို တွေ့ရကာ ဧပြီ ၁၃ ရက်နေ့အမှီ ပြီးစီးဖို့ ကြိုတင်ပြင်ဆင်နေတာကိုလည်း တွေ့ရပါတယ်။
၂၆ လမ်းပေါ်မှာ မဏ္ဍပ်အကြီးက (၇) ခု၊ မဏ္ဍပ်အသေး (၁၃) ခု၊ လမ်း ၈၀ ပေါ်မှာ မဏ္ဍပ်အကြီး (၃)၊ မဏ္ဍပ်အငယ် (၇) ခု၊ ၁၂ လမ်းမှာ မဏ္ဍပ်အကြီး (၂) ခု မဏ္ဍပ်အသေး ၄ ခု၊ ၆၆ လမ်းမှာ (၁၆) ခု၊ မဏ္ဍပ်အသေး ၄ ခုရှိမှာဖြစ်ပြီး ကျုံးပတ်လည်က မဏ္ဍပ်တွေကြားမှာ ၁၀ ပေပတ်လည်စာသောက်ဆိုင် ၄၆၄ ဆိုင်ရှိတယ်လို့လည်း သိရပါတယ်။
ယာဥ်အပ်နှံရမယ့် နေရာတွေဖြစ်တဲ့ (၁)၁၄လမ်း၊ ၆၃ လမ်း ၆၄လမ်းကြား၊ (၂)၂၂လမ်း၊ ၆၄၊ ၆၅လမ်းကြား၊ (၃)၂၆လမ်း၊၆၂ ၆၃လမ်းကြား၊ (၄)၆၈လမ်း၊၂၈X၂၉လမ်းကြား၊(၅)၇၂လမ်း၊၂၈/ ၂၉လမ်းကြား၊ (၆)၇၇လမ်း၊၂၈ ၂၉လမ်းကြား၊ (၇)၂၂လမ်း၊၈ဝX ၈၁လမ်းကြား၊ (၈)၇၄လမ်း၊၁၁X ၁၂လမ်းကြားမှာ စီစဥ်ပေးထားပြီး မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ကာလအတွင်း ဆိုင်ကယ်(၆၀၀)ကျပ်၊ ကား(၁၀၀၀)ကျပ်နှုန်းဖြင့် ကောက်ခံဆောင်ရွက်မှာဖြစ်တယ်လို့ သိရပါတယ်။
ယာဥ်အပ်နှံခကို သတ်မှတ်နှုန်းထားထက် ကျော်လွန်ကောက်ခံပါက မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ၊ အခွန်ဌာနမှာ လာရောက်တိုင်ကြား နိုင်တယ်လို့ သိရပါတယ်။
ယာဥ်အပ်နှံခကို သတ်မှတ်နှုန်းထားထက် ကျော်လွန်ကောက်ခံလို့ တိုင်ကြားလာရင် ပထမ အနေနဲ့ လုပ်ငန်းလုပ်ကိုင်သူကို ဒဏ်ငွေ ၅ သိန်း ပေးဆောင်စေမှာ ဖြစ်ပြီး၊ ဒုတိယတခေါက် ထပ်မံကျူးလွန်ပါက လုပ်ငန်းဆောင်ရွက်ခွင့် ရုပ်သိမ်းသွားမယ်လို့ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ၊ အခွန်ဌာနကနေ သိရပါတယ်။
ယာဥ်အပ်နှံတဲ့ နေရာတွေမှာ သတ်မှတ်နှုန်းထက် ကျော်လွန်ကောက်ခံပါက တိုင်ကြားနိုင်တဲ့ ဖုန်းနံပါတ်တွေ ကပ်ထားပေးဖို့ လိုအပ်တယ်လို့ မန္တလေးမြို့ခံတွေက ပြောပါတယ်။
ဓာတ်ပုံ – ရှိုင်းအောင်(VOM)

Related posts

Leave a Comment

VOM News

FREE
VIEW