ဧပြီ ၁၁ – ၂၀၂၆
SS (VOM)
သမ္မတ ဦးမင်းအောင်လှိုင်ရဲ့ လွတ်ငြိမ်း ချမ်းသာခွင့်အတွက် စဉ်းစားပေးမယ်လို့ ပြောကြားချက်ဟာ နိုင်ငံရေး အသွင်ကူးပြောင်းမှုနဲ့ တရားဝင်မှုရရှိရန် ကြိုးပမ်းချက် ဖြစ်နိုင်တယ်လို့ မြန်မာ့နိုင်ငံရေး လေ့လာစောင့်ကြည့်သူတွေက ပြောပါတယ်။
မနေ့ ဧပြီ ၁၀ ရက်၊ မနက်ပိုင်းမှာ နိုင်ငံတော်သမ္မတအဖြစ် ကတိသစ္စာပြုပြီးနောက် ပြည်ထောင်စုလွှတ်တော်မှာ ပထမဆုံး ပြောကြားခဲ့တဲ့ မိန့်ခွန်းမှာ လူမှုရေး၊ ပြန်လည်သင့်မြတ်ရေး၊ တရားမျှတမှုနဲ့ ငြိမ်းချမ်းရေးတို့ကို အထောက်အကူ ပြုစေရေးနဲ့ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ထိုက်သင့်တဲ့ ပြစ်ဒဏ် လွတ်ငြိမ်း ချမ်းသာခွင့်တို့ကို စဉ်းစား ဆောင်ရွက်ပေးသွားမှာ ဖြစ်တယ်လို့ သမ္မတက ထည့်သွင်း ပြောကြားခဲ့တာ ဖြစ်ပါတယ်။
ဒါနဲ့ပတ်သက်လို့ မြန်မာ့နိုင်ငံရေး လေ့လာ စောင့်ကြည့်သူ တယောက်က “မနေ့က သမ္မတပြောသွားတဲ့ မိန့်ခွန်းမှာ လွတ်ငြိမ်းနဲ့ပတ်သက်လို့ ထိုက်သင့်တဲ့လွတ်ငြိမ်း၊ ပြန်လည်သင့်မြတ်ရေးလို့ ပြောထားတယ်။ ဆိုတော့ အဲဒီ အစီအစဉ်မှာ ဘယ်လိုလူတွေ ပါဝင်လာနိုင်လဲဆို အရပ်သား နိုင်ငံရေးသမားတွေ၊ ရာဇဝတ်မှုအနည်းငယ် ရှိတဲ့သူတွေ ပါလာနိုင်တယ်။ ပြန်လည်သင့်မြတ်ရေးလို့လည်း ဆိုထားတော့ နိုင်ငံတကာ သံတမန်ဆက်ဆံရေး ကောင်းမွန်စေဖို့အတွက်ကို နိုင်ငံခြားသားတွေ ပါဝင်လာနိုင်ခြေ ရှိတယ်။ ဒါပေမယ့် ဒီအစီအစဉ်မှာ အဓိက နိုင်ငံရေး အကျဉ်းသားတွေ၊ တကယ့် ထိပ်ပိုင်းကလူတွေ ပါဝင်လာဖို့ ဆိုတာကတော့ မသေချာနိုင်ပါဘူး” လို့ ပြောပါတယ်။
လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပတ်သက်ပြီး အဓိက အဓိကအချက်နဲ့ ဖြစ်နိုင်ခြေ အကြောင်းရင်းတွေကတော့ ဦးမင်းအောင်လှိုင်အနေနဲ့ သမ္မတအဖြစ် ကျမ်းကျိန်ပြီးတဲ့နောက် ဒီမိုကရေစီစနစ်ကို ပြန်လည် ဦးတည်နေကြောင်း ပြသဖို့နဲ့ နိုင်ငံတကာဆက်ဆံရေး တည်ဆောက်နိုင်ဖို့အတွက် လွတ်ငြိမ်းခွင့်ကို နိုင်ငံရေးအရ အသုံးချနိုင်တယ်လို့ သူက ပြောပါတယ်။
“ခြုံငုံသုံးသပ်ရမယ်ဆိုရင် ဒီ လွတ်ငြိမ်းခွင့် ဆိုတာက နိုင်ငံရေးအရ တရားဝင်မှုရရှိဖို့ ပြုလုပ်တဲ့ အစီအစဉ်သက်သက်သာ ဖြစ်ပါလိမ့်မယ်။ သမ္မတရွေးပွဲအပြီးမှာ ဖြစ်လာနိုင်တဲ့ နောက်ဆက်တွဲ အရွေ့တခုပေါ့။ ဒါပေမယ့် ဒီ လွတ်ငြိမ်းမှာ တကယ့်လူတွေကို ချန်ထားခဲ့မယ် ဆိုရင်တော့ စစ်မှန်တဲ့ အပြောင်းအလဲတခု မဖြစ်ဘူးလို့ပဲ သုံးသပ်ရမှာပါ” လို့ သူက ပြောပါတယ်။
ဒါအပြင် စီးပွားရေး၊ နိုင်ငံရေး လေ့လာသုံးသပ်သူ တယောက်ကလည်း သမ္မတ ဦးမင်းအောင်လှိုင်အနေနဲ့ နိုင်ငံတော် တည်ငြိမ် အေးချမ်းရေးအတွက် လွတ်ငြိမ်းချမ်းသာခွင့် စဉ်းစားပေးမယ်လို့ ပြောကြားခဲ့ပေမယ့်လည်း၊ နိုင်ငံတကာ ဖိအားတွေကြောင့် နိုင်ငံရေးအရ တရားဝင်မှုရရှိနိုင်ဖို့ ကြိုးစားတဲ့ လုပ်ဆောင်ချက်တခုသာဖြစ်ပြီး အများ မျှော်လင့်သလို တကယ် ဖြစ်လာနိုင်ခြေကတော့ အာမခံချက် အလွန်ပင် နည်းပါးလွန်းတယ်လို့ ပြောပါတယ်။
လွတ်ငြိမ်းခွင့်မှာ ပါဝင်လာနိုင်ခြေ ရှိသူတွေကတော့ နိုင်ငံရေးအကျဉ်းသားတွေ၊ ပြန်လည်သင့်မြတ်ရေး မူဝါဒအရ ထိုက်သင့်တဲ့ပြစ်ဒဏ် လျှော့ပေါ့ခံရသူတွေ၊ ဆန္ဒပြသူတွေထဲက နိုင်ငံရေးအရ တင်းမာမှုလျှော့ချဖို့ ရည်ရွယ်ပြီး လွှတ်ပေးနိုင်သူတွေအပြင် နိုင်ငံတကာဆက်ဆံရေး ပိုမိုကောင်းမွန်စေဖို့အတွက် နိုင်ငံခြားသားတွေ ပါဝင်လာနိုင်ခြေ ရှိတယ်လို့ သူက ပြောပါတယ်။
“ဖြစ်နိုင်ခြေကတော့ နိုင်ငံတကာဖိအားပေါ့။ သမ္မတအဖြစ် တာဝန်ယူချိန်မှာ နိုင်ငံတကာ အသိအမှတ်ပြုမှုကို ရယူနိုင်ဖို့ လုပ်ဆောင်နိုင်တယ်။ နောက်တချက်က ရာဇဝတ်မှုစွဲချက်တွေ လျော့ပါးစေဖို့အတွက် လွတ်ငြိမ်း ချမ်းသာခွင့်ကို အသုံးချနိုင်တယ်လို့ သုံးသပ်ရပါတယ်” လို့ သူက ပြောပါတယ်။
သမ္မတ ဦးမင်းအောင်လှိုင်အနေနဲ့ မနေ့က ပြောကြားခဲ့တဲ့ မိန့်ခွန်းမှာ ၎င်းဦးဆောင်တဲ့ အစိုးရသစ်အတွက် စိန်ခေါ်မှု များစွာ စောင့်ကြိုနေတာကို ကောင်းစွာ သိရှိထားပြီး ကမ္ဘာ့အရေး၊ မြန်မာ့အရေး၊ နိုင်ငံရေး စတဲ့ အခက်အခဲတွေ အပါအဝင် နယ်ပယ်ပေါင်းစုံက စိန်ခေါ်မှုတွေကို အစိုးရနဲ့ ပြည်သူ အတူတကွ လက်တွဲညီညီ ပူးပေါင်းကာ ရင်ဆိုင်ကျော်လွှားသွားကြမယ်လို့ သန္နိဌာန် ချထားတယ်လို့ ထည့်သွင်း ပြောကြားခဲ့ပါတယ်။
ဒါအပြင် အိမ်နီးချင်းနိုင်ငံတွေနဲ့ ရင်းနှီးမှုကို တိုးမြှင့်ပြီး နိုင်ငံတကာ ဆက်ဆံရေးကိုလည်း ဟန်ချက်ညီအောင် ဆောင်ရွက်သွားမှာ ဖြစ်တဲ့အပြင် တဖက်မှာလည်း အာဆီယံနဲ့ ပုံမှန်ဆက်ဆံရေး ပြန်လည်ရရှိစေဖို့ ကြိုးပမ်း ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
“သမ္မတကြီးပြောသလိုပဲ စိန်ခေါ်မှုတွေကတော့ အများကြီးနေမှာပါ။ အကြီးဆုံး စိန်ခေါ်မှုကတော့ နိုင်ငံတော် တည်ငြိမ်အေးချမ်း သာယာရေးပေါ့။ ဒါ နံပါတ်တစ် အရေးအကြီးဆုံးလို့ ထင်တယ်။ အဲဒါပြီးပြီဆိုမှ ကျန်တဲ့ကိစ္စတွေက စီးပွားရေးတို့၊ လူမှုရေးတို့၊ ပညာရေးတို့၊ ကျန်းမာရေးတို့ ဆက်ပြီး သွားရမှာပေါ့။ အရေးအကြီးဆုံး challenge ကတော့ တည်ငြိမ်အေးချမ်း သာယာရေးပါပဲ” လို့ နိုင်ငံရေး လေ့လာစောင့်ကြည့်သူ တယောက်က ပြောပါတယ်။
သမ္မတအနေနဲ့ မိန့်ခွန်းမှာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာပါဝင်တဲ့ ဖက်ဒရယ်ဆိုင်ရာ ပြဋ္ဌာန်းချက်ကို ထိရောက်အောင် အကောင်အထည်ဖော် ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့လည်း ပြောကြားထားပြီး ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုကြီး တည်ဆောက်ဖို့ဆိုရင်တော့ ငြိမ်းချမ်းရေးရရှိဖို့ မဖြစ်မနေ လိုအပ်တာကြောင့် နိုင်ငံရေးပါတီတွေ၊ တိုင်းရင်းသား ပြည်သူတွေနဲ့ တိုင်းရင်းသား အဖွဲ့အစည်းအားလုံး အကျိုးတူ ပူးပေါင်းဆောင်ရွက်ဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။
ဒါအပြင် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် (NCA) အပိုဒ် ၂၀ (င) အရ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံမှာ ဆွေးနွေးသဘောတူ ချုပ်ဆိုထားတဲ့ ပြည်ထောင်စု သဘောတူစာချုပ် Union Accord အစိတ်အပိုင်း (၁)၊ (၂) နဲ့ (၃) တို့ကိုလည်း NCA အပိုဒ် ၂၀ (စ) နဲ့ အညီ ပြည်ထောင်စုလွှတ်တော်ကို တင်သွင်း၊ ဆွေးနွေး အတည်ပြုချက် ရယူသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
အမျိုးသား စည်းလုံးညီညွတ်ရေး နဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းရေး ကော်မတီ (NSPNC) နဲ့ NCA စာချုပ် လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ၊ နိုင်ငံရေး ပါတီအစုအဖွဲ့တွေ၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ဖို့ ဆွေးနွေး သဘောတူညီထားတဲ့ အချက် (၄၃) ချက်ကိုလည်း ပြည်ထောင်စု လွှတ်တော်ကို တင်သွင်း၊ ဆွေးနွေးသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
ဒါအပြင် အစိုးရသစ်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်း တိုင်းပြည် တည်ငြိမ်အေးချမ်းမှု ရရှိရေးနဲ့ ဖွံ့ဖြိုးတိုးတက်အောင် အလေးထားပြီး ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ သမ္မတ ဦးမင်းအောင်လှိုင်က မနေ့က ဧပြီ ၁၀ ရက်က ပြည်ထောင်စုလွှတ်တော်မှ ပြန်လည်ထွက်ခွာစဉ် သတင်းထောက်တွေရဲ့ မေးမြန်းမှုကို ပြန်လည် ဖြေကြားခဲ့ပါတယ်။
“တိုင်းပြည် တည်ငြိမ်အေးချမ်းမှုရရှိဖို့နဲ့ ဖွံ့ဖြိုးတိုးတက်အောင် အလေးထားပြီး ဆောင်ရွက်သွားမယ်။ ဒါကို ဦးစားပေး လုပ်ရမှာပေါ့။ အားလုံးခြုံကြည့်ရင် ဒီတချက်ပဲရှိပါတယ်။ တည်ငြိမ်ရေး၊ အေးချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးပဲ ဖြစ်ပါတယ်”ဟု နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြောကြားခဲ့ပါတယ်။
Photo – VOM
