ပေါက်မြို့နယ်မှာ လုယက်မှုဖြစ်ပွားပြီး လူ ၆ ယောက်သေဆုံး

ဇူလိုင် ၊ ၁၁-၂၀၂၃
SP (VOM)

မကွေးတိုင်း ၊ပခုက္ကူခရိုင် ၊ ပေါက်မြို့နယ် ၊ တပ်ကုန်းကျေးရွာနဲ့ ရွာသစ်ကျေးရွာတွေမှာ ဒီမနက် အစောပိုင်း ၅ နာရီဝန်းကျင်ခန့်က လုယက်မှုတွေဖြစ်ပွားခဲ့တာကြောင့် ရွာခံလူ ၆ ယောက်ထက်မနည်း သေဆုံးခဲ့တယ်လို့ ပေါက်နယ်ခံ လူမှုကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။

” ဒီမနက် အစောပိုင်းက ရွာသစ်ကျေးရွာနဲ့ တပ်ကုန်းကျေးရွာတွေဘက်ကို အုပ်စုဖွဲ့ လုယက်ခံရတာတွေဖြစ်တယ် ၊ ကနဦး သိရတာတော့ ရွာသစ်ကျေးရွာက အမျိုးသား ၃ ဦးနဲ့ အမျိုးသမီး ၃ ဦး သေဆုံးတယ်လို့ သိရတယ် ၊ ဒီနေ့ခင်းအထိ အလောင်းမကောက်ရသေးဘူး”လို့ ပေါက်ဒေသခံ ပရဟိတသမားတယောက်က ပြောပါတယ်။

အဲ့ဒီ ဖြစ်စဥ်နဲ့ ပတ်သက်လို့ ပခုက္ကူခရိုင် လုံခြုံရေးအဖွဲ့နဲ့နီးစပ်သူတယောက်က ” ဒီမနက် မိုးလင်းခါစမှာ ပေါက်မြို့နယ် ၊ ရွာသစ်ကျေးရွာကို လူအင်အား စီစစ်ဆဲအုပ်စုဖွဲ့က ဝင်လာတယ်၊ ရွာခံ ၆ ယောက်ဆီက ရွှေထည်လက်ဝတ်လက်စားတွေ ဖြတ်ယူပြီး သတ်ဖြတ်ခံရတယ် ၊ ကနဦး သိရတာကတော့ သေဆုံးသူတွေက ။ ဦးခွေးညို (၇၀ နှစ်)၊ ဦးကျော်ဟန် (၇၁ နှစ်)၊ဦးမောင်မြင့် ( ၆၅ နှစ်) ၊ ဒေါ်စန်းနု (၆၇ နှစ်) ၊ ဒေါ်ငြိမ်းအေး (၅၁ နှစ်) နဲ့ ဒေါ်ပွားကြည် (၄၉ နှစ်)တို့ ၆ ဦးဖြစ်တယ် ၊ အမျိုးသမီးတွေဆိုရင် နားဖြတ်ပြီး နားကပ်လုယက်ခံထားရတယ် “လို့ ပြောပါတယ်။

ပေါက်မြို့နယ် ဒေသခံ လူမှုကူညီရေးပရဟိတသမားတယောက်က ” ဒီမနက် အစောပိုင်းက ပေါက်မြို့နယ် တောင်ပိုင်းမှာရှိတဲ့ တပ်ကုန်းရွာနဲ့ ရွာသစ်ကျေးရွာဘက်မှာ တိုက်ပွဲဖြစ်ပွားတယ်လို့ ကြားရတယ် ၊ ရွာကလူနေအိမ်တွေ မီးရှို့ခံရတယ်လို့ ကနဦး သိရတယ် ၊ အခုချိန်ထိ အဲ့ဒီ ရွာဘက်တွေကို ဝင်လို့မရသေးဘူး ၊ အိမ်ခြေ ဘယ်လောက် မီးထဲပါသွားတယ်ဆိုတာ မသိရသေဘူး ၊ ရွာသစ်ကျေးရွာက လုယက်လူသတ်ခံရတာတော့ ၆ ဦးရှိတယ် “လို့ ပြောပါတယ်။

ပေါက်မြို့မှာ ပြီးခဲ့တဲ့ ၂ နှစ်ကျော်အတွင်း ရွာတွေ မီးရှို့ခံရတဲ့အတွက် လူနေအိမ် ၅ ထောင်ထက်မနည်း မီးလောင်ဆုံးရှုံးကာ ကျေးရွာပေါင်း ၂၀ ကျော် မီးဘေးသင့်ခဲ့ရတယ်လို့ သိရပါတယ်။

ဒါ့အပြင် ပေါက်မြို့နယ်က ရွာတွေထဲကို လက်နက်ကြီးကျရောက်ပေါက်ကွဲတာ၊ မိုင်းပေါက်ကွဲတာတွေကြောင့် သေဆုံးရသူပေါင်း ၄၀၀ ကျော်ရှိတယ်လို့ ဒေသခံ လူမှုကူညီရေး အဖွဲ့တွေရဲ့ မှတ်တမ်းတွေအရ သိရပါတယ်။

#voiceofmyanmar #VOM #ပေါက်မြို့

Related posts

Leave a Comment

VOM News

FREE
VIEW