ဇူလိုင် ၁၈ – ၂၀၂၃
GG (VOM)
၂၀၂၃ခုနှစ်မှာ ထိုင်းကို အခွန်ကင်းလွတ်ခွင့်နဲ့ မြန်မာ့ပြောင်းတင်ပို့မှု ပြောင်းကုန်သည်တွေ ၊ လှောင်သမားတွေအနေနဲ့ ဆုံးရှုံးမှုများတဲ့ နှစ်တစ်နှစ်ဖြစ်ခဲ့တယ်လို့ ပြောင်းကုန်သည်တွေဆီကသိရပါတယ်။
ဒါ့အပြင် လက်ရှိမှာလည်း ထိုင်းဘက်က ပပြောင်းစျေးကွက်အခြေအနေဟာ စံချိန်တင် ထပ်မံကျဆင်းနေပြီး ပြည်တွင်းပြောင်းစျေးကွက် အခြေအနေကလည်း တစ်ပိဿာကို ၁၀၀ ကျော်လောက်အထိ ကျဆင်းနေတယ်လို့ သိရပါတယ်။
“ထိုင်းပြောင်းစျေး ထပ်မံစံချိန်တင် ကျဆင်းပါတယ်။ မြဝတီ တကီလိုစျေး ၁၀.၃ ဘတ်သာ ရှိပါတော့တယ်။ လွန်ခဲ့တဲ့ တစ်လတုန်းက မြဝတီ ပြောင်း တကီလိုစျေး ၁၁.၉ ဘတ် ရှိပါတယ်။ တလအတွင်း ၁၃ ရာခိုင်နှုန်းအထိ ထိုးဆင်းသွားတာပါ။ ဒီနှစ် ထိုင်းစျေးကွက်က မူမမှန်ဘူး။ မြန်မာ့ပြောင်းတင်ပို့မှုကို လျော့ချနိုင်ဖို့ဆိုပြီး ထိုင်းက အစားထိုး ဂျုံ တင်သွင်းတယ်၊ကမ္ဘောဒီးယားကနေလည်း အခွန်လွတ် ပြောင်းဆန်တွေ ထိုင်းစျေးကွက်ထဲ ရောက်တယ်၊ ကမ္ဘာပြောင်းစျေးကလည်း ဆက်တိုက်ကျတော့ ထိုင်းစက်ရုံစျေးက ပုံမှန်နှစ်နဲ့ မတူဘဲ ၁၅ ရက် တခါ စျေးအတက်အကျ ဖြစ်နေပါတယ်”လို့ မြန်မာနိုင်ငံ ပြောင်းလုပ်ငန်းရှင်ရှင်များအသင်းအတွင်းရေးမှူး ကိုဖြိုးကိုကိုနိုင်ကပြောပါတယ်။
ပြီးခဲ့တဲ့ ဇွန်လတုန်းက ထိုင်းကို မြဝတီနယ်စပ်ကုန်သွယ်ရေးကနေ ပြောင်းတင်ပို့ဖို့အတွက် လိုင်စင်လျှောက်ရာမှာ ငွေထည့်ပေးတဲ့ ကုမ္ပဏီနဲ့ ဝယ်ယူမယ့်ကုမ္ပဏီ အမည် မတူလို့ဆိုပြီး ပို့ကုန်ကြေညာလွှာ Form D မထုတ်ပေးတာကြောင့် ပြောင်းတင်ပို့မှု တန်ချိန် သောင်းနဲ့ချီလျော့ကျခဲ့သလို ငွေကြေးဆုံးရှုံးနစ်နာမှုတွေလည်းရှိခဲ့တယ်လို့ သိရပါတယ်။
ဒါ့ကြောင့် ပြောင်းကုန်သည်တွေဟာ မြဝတီနယ်စပ်မှာ ရောင်းချခွင့်မရဘဲ ပိတ်မိတဲ့ကားတွေအတွက် သတ်မှတ်ရက်ကျော်ရင် ရက်လွန်ကြေး စရိတ်အဖြစ် နေ့စဉ် ၃ သောင်းကနေ တစ်သိန်းအထိ ပေးရပြီး ၊ဂိုဒေါင်ချပါက တွဲကားတစ်စီးကို တစ်ပတ်အတွက် ၆၀၀၀၀ ကျပ်ကုန်ကြောင်း ၊ဂိုဒေါင်မရတဲ့ ကားတွေအနေနဲ့လည်း မိုးမိတဲ့အခါ ပျက်စီးဆုံးရှုံးမှု တွေရှိခဲ့ပြီး နစ်နာခဲ့ရတယ်လို့သိရပါတယ်။
မြန်မာ့ပြောင်း ကုမ္ပဏီတွေနဲ့ လက်တွဲလုပ်ကိုင်နေတဲ့ ထိုင်းကုမ္ပဏီတွေလည်း ထိုင်းစက်ရုံစျေး မတည်ငြိမ်မှုကြောင့် ဇွန်လနဲ့ အခု ဇူလိုင်လမှာ ကုမ္ပဏီတစ်ခုကို ဘတ် ၃ သိန်းကနေ ဘတ် တစ်သန်း အထိ အရှုံးပေါ်ခဲ့တယ်လို့ သိရပါတယ်။
လက်ရှိ ထိုင်းဘက်ပြောင်းစျေးကွက်မှာက ထိုင်းစက်ရုံချ ပြောင်းတစ်ကီလိုကို – ၁၁.၂၅ ဘတ် ၊ မြဝတီ စာရွက်အပါစျေး – ၁၀.၂၅ ဘတ် ၊ရန်ကုန် အစာစပ်စက်ရုံ – ၇၁၀ ကျပ် ၊မန္တလေး အစာစပ်စက်ရုံ – ၆၅၀ ကျပ်၊ အေးသာယာ အစာစပ်စက်ရုံ – ၆၄၅ ကျပ် စျေးရှိတယ်လို့သိရပါတယ်။
ပြောင်း ပိဿာအလိုက်စျေးကတော့ အေးသာယာ – ၁၀၁၀/၁၀၂၀ ကျပ် ၊ မန္တလေ – ၁၀၃၀ /၁၀၄၀ ကျပ်၊ရန်ကုန် – ၁၁၁၀/၁၁၂၀ ကျပ် ၊မြဝတီ – ၁၂၀၀/၁၂၁၀ ကျပ် (ကုမ္ပဏီမှ မျှောစာပေး) စျေးဖြစ်တယ်လို့သိရပါတယ်။
” အခုလအစတုန်းက ရန်ကုန်အရောက် တစ်ပိဿာ ၁၂၅၀ လောက် ရှိတယ်၊ အခုကတော့ ၁၀၀ ကျော်ကျသွားတာပေါ့။အဲ့ဒီတုန်းကတည်းက ပြည်တွင်း အစာစပ်စက်ရုံတွေက စျေးတွေချပြီး ဝယ်နေတာပေါ့၊ အခုက တဖြည်းဖြည်း ပိုကျလာတဲ့အနေအထားပေါ့။ အခွန်ကင်းလွတ်ခွင့်နဲ့ ကာလကလည်း ကုန်ခါနီးပြီဆိုတော့ ပိုကျလာနိုင်တဲ့အခြေအနေပါ။ လှောင်သမားတွေ အခြေအနေကိုကြည့်ပြီး ထုတ်ရောင်းတာမျိုးလုပ်သင့်တယ်လို့တော့ မြင်ပါတယ်”လို့ ပြောင်းကုန်သည်တစ်ဦးက သုံးသပ်ပြောဆိုပါတယ်။
ပြည်တွင်းအစာစပ်စက်ရုံတွေကလည်း လတ်တလောမှာ တစ်ကီလိုကို ၁၀ ကျပ် စျေးထပ်မံချပြီး ဝယ်ယူနေတဲ့အပြင် နောက်ထပ်လည်း စျေးချဝယ်ယူမယ့် အနေအထားလည်း ရှိနေတယ်လို့ ကုန်သည်တွေကသုံးသပ်ပါတယ်။
ပြည်တွင်း အစေ့ထုတ်ပြောင်းကို မွေးမြူရေးအစာအဖြစ် အသုံးပြုကြပြီး ပြည်တွင်းသုံးစွဲမှုနည်းတာကြောင့် ပြည်ပကိုသာ အဓိကတင်ပို့ရကြောင်း ၊ ပြည်ပကိုတင်ပို့ရာမှာလည်း ထိုင်းကိုအခွန်ကင်းလွတ်ခွင့်နဲ့ တင်ပို့တဲ့ ရာသီမှာ ထိုင်းကိုသာ အဓိကအများဆုံးတင်ပို့နေတာဖြစ်တယ်လို့သိရပါတယ်။
ထိုင်းကို အခွန်ကင်းလွတ်ခွင့်နဲ့ ပြောင်းတင်ပို့နိုင်တဲ့ကာလမှာ ဖေဖော်ဝါရီလကနေ လာမယ့် သြဂုတ်လကုန်အထိဖြစ်ပြီး အခုကာလမှာ မြန်မာနိုင်ငံကထွက်တဲ့ ပြောင်း ၁၀၀ ရာခိုင်နူန်းမှာ ၈၀ ရာခိုင်နူန်းလောက်ဟာ ထိုင်းကို အဓိက အများဆုံး တင်ပို့နေတာဖြစ်တယ်လို့သိရပါတယ်။
ထိုင်းကိုအခွန်ကင်းလွတ်ခွင့်ကာလပြီးဆုံးပါကလည်း ပြောင်းစျေး အေးသွားနိုင်ကြောင်း ၊ ယခု ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်မှာ လက်ရှိအချိန်ထိ ပြည်ပနိုင်ငံတွေဖြစ်တဲ့ ထိုင်းအပါအဝင် ၊ဗီယက်နမ်၊ဖိလစ်ပိုင် စတဲ့နိုင်ငံပေါင်း ၇၀ ကျော်ကို ပြောင်းတန်ချိန် ၁ သန်းခွဲကျော်ဝန်းကျင် တင်ပို့ထားတယ်လို့သိရပါတယ်။
သက်ဆိုင်ရာ ဝန်ကြီးဌာနတွေကတော့ ပို့ကုန်လုပ်ငန်းတွေနဲ့ပတ်သက်ပြီး ဖြေလျှော့တာတွေကို အခုဇူလိုင်လထဲမှာ ဆက်တိုက်ဆိုသလို လုပ်ဆောင်ခဲ့ရာ ပို့ကုန်ရငွေကို ၆၅ % ၃၅ စနစ်ကျင့်သုံးနေမှုအစား ၅၀ % ၅၀ စနစ်ကို ပြောင်းလဲသတ်မှတ်ပေးခြင်း၊ ပို့ကုန်မပို့မီ ပို့ကုန်ရငွေ ၁၀၀ % ကြိုတင်ပေးသွင်းရတဲ့စနစ်ကို ပယ်ဖျက်ပြီး ကုမ္ပဏီ လုပ်သက်နှစ်အလိုက် အာမခံကြေး ပေးသွင်းခြင်းစနစ်ကိုကျင့်သုံးခြင်း၊ ပို့ကုန်ရငွေ ပြန်ဝင်ရမယ့်ကာလကို ၇ ရက်အစား ၁၅ ရက်အထိ တိုးမြင့်ပြောင်းလဲသတ်မှတ်ပေးခဲ့ပါတယ်။
ဒါပေမယ့်လည်း ပြောင်း တင်ပို့မှုအတွက်ကတော့ အခုနှစ်အခွန်ကင်းလွတ်ခွင့်ကာလကလည်း မကြာမီကုန်ဆုံးတော့မှာဖြစ်တာကြောင့် အကျိုးအမြတ်ရရှိနိုင်မယ့်အနေအထား မရှိတော့ဘူးလို့ ကုန်သည်တွေကပြောပါတယ်။
ဒါကြောင့် ဒီနှစ်ဟာ ထိုင်းကို အခွန်ကင်းလွတ်ခွင့်နဲ့ မြန်မာ့အစေ့ထုတ်ပြောင်း တင်ပို့မှုအနေနဲ့ မြန်မာ ၊ ထိုင်းကုန်သည်တွေ နှစ်ဘက်လုံး အထိနာခဲ့ရသလို ပွဲရုံများ၊ လှောင်လက်သမားတွေ၊ ပို့ကုန်ကုမ္ပဏီတွေ အရှုံးပေါ်ခဲ့ပြီး တောင်သူတွေကတော့ ပြောင်းထွက်ချိန် စျေးကောင်းရရှိခဲ့တာကြောင့် ထိုက်သင့်တဲ့ အကျိုးအမြတ်တွေရရှိခဲ့ကြတယ်လို့ သိရပါတယ်။
လက်ရှိမှာ ပြည်တွင်းလက်ကျန်ပြောင်းဟာ တန်ချိန် နှစ်သိန်းခွဲကနေ ၃ သိန်းအတွင်းအထိ ကျန်ရှိနိုင်ပြီး နောက်နှစ်လအကြာမှာ မိုးပြောင်းအသစ်တွေ ထပ်မံထွက်ရှိတော့မှာဖြစ်တယ်လို့ သိရပါတယ်။
#voiceofmyanmar #VOM #မြန်မာ့ပြောင်းဈေးကွက်ကဏ္ဍ