ဝန်ဆောင်ခကြိုယူပြီး ပြည်ပ မပို့ပေးတဲ့ အေဂျင်စီ (၂) ခုကို လုပ်ငန်းလိုင်စင် ရာသက်ပန် ပိတ်သိမ်းပြီး အမှုဖွင့် အရေးယူ

ဇူလိုင် ၁၈ – ၂၀၂၃
SN (VOM)

ပြည်ပနိုင်ငံတွေမှာ အလုပ်လုပ်ကိုင်ဖို့အတွက် ဝန်ဆောင်မှုပေးတဲ့ လိုင်စင်ရ အေဂျင်စီ (၂)ခုကို လုပ်ငန်းလိုင်စင် ရာသက်ပန် ပိတ်သိမ်းပြီး အမှုဖွင့် အရေးယူလိုက်တယ်လို့ အလုပ်သမားဝန်ကြီးဌာနကနေ သိရပါတယ်။

လိုင်စင်ပိတ်သိမ်းခံရတဲ့ ကုမ္ပဏီနှစ်ခုမှာ မြင့်မိုရ်ဖူးပွင့်ကုမ္ပဏီနဲ့ လူကျော်ကုမ္ပဏီတို့ဖြစ်ပြီး ဝန်ဆောင်ခ ကြိုတင်ရယူကာ ပြည်ပ မပို့ပေးနိုင်ကြောင်း အလုပ်သမားတွေဆီက တိုင်ကြားတာတွေ ရှိလာဝာာကြောင့် အခုလို လုပ်ငန်းလိုင်စင်တွေ ရာသက်ပန် ပိတ်သိမ်းလိုက်တာဖြစ်တယ်လို့ သိရပါတယ်။

မြင့်မိုရ်ဖူးပွင့် အေဂျင်စီဟာ အလုပ်သမား ၁၆ ဦးရဲ့ တိုင်ကြားချက်အရ စစ်ဆေးခံရပြီး လိုင်စင်ပိတ်သိမ်းခံရခြင်းအပါအဝင် ၁၉၉၉ ခုနှစ် ပြည်ပအလုပ်အကိုင်ဆိုင်ရာ ဥပဒေပုဒ်မ ၂၇ ၊ ပုဒ်မ ၂၉ တို့နဲ့လည်း အမှုဖွင့်အရေးယူခြင်း ခံထားရဝာာဖြစ်တယ်လို့ သိရပါတယ်။

လူကျော် အေဂျင်စီကိုတော့ ဇူလိုင် ၁၁ ရက်မှာ အရေးယူထားခဲ့တဲ့ အကြောင်းကိုသာသိရပြီး အရေးယူခဲ့တဲ့ အကြောင်းအရင်း အသေးစိတ်ကိုတော့ အလုပ်သမားဝန်ကြီးဌာနဘက်က ဖော်ပြထားခြင်း မရှိသေးပါဘူး။

“အခုက အေဂျင်စီတွေ မှိုလိုပေါက်‌နေတာ၊ လိုင်စင်ရ အေဂျင်စီတွေ ပိပိရိရိနဲ့ လိမ်တာမျိုးရှိသလို လိုင်စင်မရသေးတဲ့ အေဂျင်စီတွေကလည်း အလုပ်သမားတွေကို အုပ်စုဖွဲ့ လိမ်တာတွေရှိတယ်။ တခြားအေဂျင်စီ logoတွေကိုယူပြီး လိမ်တာတွေလည်း ရှိတယ်။ အခုလိုမျိုး စည်းကမ်းချိုးဖောက်တဲ့ အေဂျင်စီတွေကို အလုပ်သမားဝန်ကြီးဌာနက ပြတ်ပြတ်သားသား အရေးယူတာ သိပ်ကောင်းပါတယ်။ ဒီလို စံပြအရေးယူမှလည်း ကျန်တဲ့အေဂျင်စီတွေ မဟုတ်တာမလုပ်ရဲတော့မှာ”လို့ အလုပ်သမားအရေး ဆောင်ရွက်သူတစ်ဦးက ပြောပါတယ်။

ဒီ အေဂျင်စီနှစ်ခုအနေနဲ့ အလုပ်သမားတွေကို ထိုင်း၊ မလေးရှားနဲ့ ဂျပန်နိုင်ငံတွေကို အဓိကစေလွှတ်ပေးနေခြင်းဖြစ်ပြီး အလုပ်သမားတွေအနေနဲ့ ကြိုတင်ငွေ ပေးသွင်းထားပေမယ့်လည်း ပြည်ပမှာ အလုပ်သွားရောက် လုပ်ကိုင်နိုင်ဖို့ အချိန်ကာလ နှစ်နဲ့ချီကြာအောင် စောင့်ဆိုင်းနေရတဲ့အတွက် ပြဿနာတွေ ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။

“အလုပ်သမား တော်တော်များ ခံနေရတာ နှစ်နဲ့ချီ ကြာနေပြီ။ တော်တော်များများ မတိုင်ရဲ၊ ‌မပြောရဲကြဘူး။ ခေတ်အခြေအနေ မကောင်းတာလည်း ပါတာပေါ့။ အရင်ကတော့ ရာသက်ပန် လိုင်စင်ပိတ်သိမ်းတာပဲရှိတာ။ အခုကတော့ အမှုဖွင့် အရေးယူတာပါ ပါလာပြီ”လို့ အလုပ်သမားတစ်ဦးက ပြောပါတယ်။

အဲ့ဒီ့လို အရေးယူခံရတဲ့ အေဂျင်စီကို အမှုဖွင့်ထားတဲ့ ပြည်ပအလုပ်အကိုင်ဆိုင်ရာ ဥပဒေပုဒ်မ ၂၇ အရ သတ်မှတ်ဝန်ဆောင်ခထက် ပိုတောင်းခံတာ ထင်ရှားရင် ထောင်ဒဏ် ၃ နှစ်အထိ ချမှတ်ရမယ့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်တယ်လို့ ပြဋ္ဌာန်းထားပါတယ်။

နောက်ထပ် အမှုဖွင့်ထားတဲ့ပုဒ်မ ၂၉ အရ အကျိုးဆောင်လိုင်စင်ရရှိတဲ့ မည်သူမဆို ဒီဥပဒေအရ ထုတ်ပြန်တဲ့ နည်းဥပဒေတွေ လုပ်ထုံး လုပ်နည်းတွေ၊ အမိန့် ဒါမှမဟုတ် ညွှန်ကြားချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရရင် ထောင်ဒဏ် ၁ နှစ်ဖြစ်စေ၊ ငွေဒဏ် ကျပ်ငါးထောင်အထိဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်တယ်လို့ သိရပါတယ်။

လွန်ခဲ့တဲ့ ၂၀၁၄ ခုနှစ်ကနေ အခု ၂၀၂၃ ခုနှစ်အထိ အကျိုးဆောင်လိုင်စင် ရာသက်ပန်ပိတ်သိမ်းခံခဲ့ရတဲ့ အေဂျင်စီပေါင်း (၂၄) ခုရှိပြီဖြစ်တယ်လို့ အလုပ်သမားဝန်ကြီးဌာနရဲ့ အချက်အလက်တွေအရ သိရပါတယ်။

ဒါ့အပြင် အာမခံကြေး ကျပ်သိန်း ၂၀၀ ပေးသွင်းခြင်းမရှိတာကြောင့် ပြည်ပအလုပ်အကိုင် အကျိုးဆောင်လိုင်စင် ရုပ်သိမ်းခံရတဲ့ ကုမ္ပဏီ ၂၆ ခုရှိပြီး လုပ်ငန်း ဆောင်ရွက်နိုင်ခြင်း မရှိတဲ့အတွက် လိုင်စင် ပြန်လည်အပ်နှံတဲ့ ကုမ္ပဏီ ၅၁ ခုရှိပြီ ဖြစ်သလို အချိန်ကာလ အကန့်အသတ်နဲ့ ပြည်ပအလုပ်အကိုင်အေဂျင်စီ လိုင်စင် ယာယီ ပိတ်သိမ်းခံထားရတဲ့ ကုမ္ပဏီမှာလည်း (၈) ခု ရှိတယ်လို့ သိရပါတယ်။

အလုပ်သမား ပို့ဆောင်လျက်ရှိတဲ့ ကုမ္ပဏီတွေအနက် ထိုင်းနိုင်ငံသို့ အလုပ်သမားပို့ဆောင်နေတဲ့ ကုမ္ပဏီမှာ ၁၅၇ ခုရှိပြီး အဲ့ဒီ့ ကုမ္ပဏီတွေထဲက ကုမ္ပဏီ (၆) ခုကို လုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင် ယာယီပိတ်သိမ်းထားတယ်လို့ သိရပါတယ်။

လက်ရှိမှာ ပြည်ပကို အလုပ်သမားစေလွှတ်ခွင့်လိုင်စင် ရယူထားတဲ့ အေဂျင်စီ ၄၀၀ နီးပါးရှိပြီး လစဥ် အလုပ်သမားထောင်နဲ့ချီ ပြည်ပနိုင်ငံတွေဆီ စေလွှတ်နေတယ်လို့ သိရပါတယ်။

Photo Crd -Original Uploader
#voiceofmyanmar #VOM #အလုပ်သမားအေဂျင်စီ #လိုင်စင်ပိတ်သိမ်းအရေးယူမှု

Related posts

Leave a Comment

VOM News

FREE
VIEW