မွန်ပြည်နယ်မှာ ဒီနေ့ တစ်ရက်တည်း ကလေး ၃ဦးရေနစ် သေဆုံးခဲ့ပြီး လူကြီး ၁ ဦးရေစီးနဲ့မျောပါပျောက်ဆုံးနေ

ဇူလိုင် ၁၉-၂၀၂၃
MM(VOM)

မွန်ပြည်နယ်မှာ အဆက်မပြတ် ရွာသွန်းနေတဲ့ မိုးဒဏ်ကြောင့် ရေးကြီးရေလျှံမှုတွေဖြစ်ပွားနေပြီး ဒီနေ့ ဇူလိုင် ၁၉ ရက် တစ်ရက်တည်းမှာ ကလေးငယ် ၃ယောက် ရေနစ်သေဆုံးမှုဖြစ်ပွားခဲ့ကာ အမျိုးသား ၁ ယောက်လည်း ရေစီးထဲမျောပါပျောက်ဆုံးနေတယ်လို့ ရှာဖွေကယ်ဆယ်ရေးလုပ်နေတဲ့သူတွေဆီကနေ သိရပါတယ်။

”မိုးအဆက်မပြတ်ရွာနေတာ၊ မော်လမြိုင်မြို့က နေရာတော်တော်များများမှာလည်း ရေကြီးရေလျှံမှုတွေဖြစ်ပေါ် တယ်၊ အရေးပေါ်ပြောင်းရွေ့ရတာတွေလည်းလုပ်နေရတယ်၊ လူသေဆုံးမှုကတော့ မော်လမြိုင်မြို့၊သီရိမင်္ဂလာ ရပ်ကွက်၊ (၁၇)လမ်းမှာ အခုမနက် ၁၀ နာရီလောက်က မိုးသည်းထန်စွာရွာနေပြီး မြစ်ရေတက်ချိန် အသက် ၁နှစ်ခွဲ အရွယ်ကလေးငယ် ၁ ယောက်နေအိမ်ပေါ်က ပြုတ်ကျပြီး ရေနစ်သေဆုံးမှုဖြစ်ပွားခဲ့တယ်၊ အဲ့ဒီကလေးက အသက် (၈၀)နှစ်အရွယ်အဖွားနဲ့ မိဘတွေကထားခဲ့တဲ့အချိန်ဖြစ်တာ၊ ပေါင်မြို့နယ်၊ ဥတ္တံတားကျေး ရွာမှာလည်း မိုးတွေရွာသွန်းနေတဲ့အချိန် ချောင်းထဲမှာရေစီးနဲ့ပါလာတဲ့ ထင်တွေကို လိုက်ဆယ်တဲ့ အသက် ၃၀ နှစ်အရွယ် ဇော်လတ်ဆိုသူ တောင်ကျရေတွေများတာကြောင့် လိုက်ဆယ်ရင်း ရေစီးနဲ့ပါသွားတယ်၊ အခုအထိ ပျောက်ဆုံးနေတုန်း။”လို့ ရှာဖွေကယ်ဆယ်ရေးလုပ်နေသူ
တစ်ဦးကပြောပါတယ်။

ကလေးတွေရေနစ် သေဆုံးတဲ့ဖြစ်စဉ်နဲ့ ပတ်သက်လို့ တာဝန်ရှိသူတွေနဲ့ နီးစပ်သူတစ်ဦးက”ရေတွေက အပေါ်ကလည်းရွာချ ၊ အောက်ရေကလည်းတက်ဆိုတာ့ အရမ်းများနေတာ ၊အခုမနက်ကလည်း မော်လမြိုင်မြို့က သီရိမြိုင် ရပ်ကွက်(၉)လမ်းနဲ့ ဈေးချိုရပ်ကွက်ရန်အောင် လမ်းက အသက် ၁၀နှစ်ကျော်ကျော် အရွယ်ရှိကလေး ၂ ယောက်ရေနစ်ပျောက်ဆုံးသွားလို့၊လူမှုကူညီရေးအသင်းတွေနဲ့ ဒေသခံတွေက ရှာဖွေကယ်ဆယ်မှုတွေလုပ်ခဲ့ရတယ်၊ အခုညနေပိုင်းကျတော့၂ ယောက်လုံးရဲ့ အလောင်းတွေပြန်ရပြီ ၊ ရေတွေများနေတဲ့အချိန် ကလေးတွေက ရေဆင်းကူးရင်း ရေစီးနဲ့ပါသွားပြီး ရေနစ်တာ။”လို့ ပြောပါတယ်။

မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်အတွင်းက မြိုင်သာယာရပ်ကွက်၊ ကျွဲခြံကုန်းရပ်ကွက်၊ ဈေးကြိုရပ်ကွက် ဖက်ခင်းလမ်း၊ ဥယျာဉ်လမ်း၊ သီရိမြိုင်ရပ်ကွက်၊ သီရိမင်္ဂလာရပ်ကွက်၊ လှိုင်ရပ်ကွက်၊ ရွှေမြိုင်သီရိ၊ သာယာအေးနဲ့ဇေယျာ သီရိတို့မှာလည်း အဆက်မပြတ်ရွာနေတဲ့မိုးဒဏ် ကြောင့် ရေကြီးရေလျှံမှုဖြစ်ပွားလျက်ရှိတယ်လို့ သိရပါတယ်။

ဒါ့အပြင် မော်လမြိုင်မြို့၊ ညောင်ပင်ဆိပ်ရပ်ကွက်၊ စက်မှုဇုန်လူနေရပ်၊ မော်လမြိုင်-ဘားအံကားလမ်းဘေးက ခြံတစ်ခြံမှာ ဒီနေ့ ဇူလိုင် ၁၉ ရက်က မိုးရွာသွန်းပြီး တောင်ကျရေတွေ ထိုးဆင်းလာကာ အုတ်တံတိုင်းပြိုကျမှုဖြစ်ပွားလို့ အမျိုးသား ၁ ယောက်နဲ့ အမျိုးသမီး
၁ ယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

မွန်ပြည်နယ်၊ မော်လမြိုင်မြို့မှာ နှစ်ပေါင်း ၇၀ အတွင်း မိုးရေချိန် စံချိန်သစ်နဲ့ မုဒုံမြို့မှာလည်း နှစ်ပေါင်း ၄၂ နှစ်အတွင်း မိုးရေစံချိန်သစ်တွေတင်တဲ့အထိ မိုးရွာသွန်းခဲ့တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကထုတ်ပြန်ထားချက်အရ သိရပါတယ်။

Photo – MFSD
#voiceofmyanmar #VOM #မွန်ပြည်နယ် #ရေကြီးရေလျှံ #လူသေဆုံးမှု

Related posts

Leave a Comment

VOM News

FREE
VIEW