ဇူလိုင် ၂၁ – ၂၀၂၃
SN (VOM)
နေ့ဘက်မှာ အိမ်ခဏပြန်လွှတ်ပြီး ညဘက်မှာ ပြန်ခေါ်နဲ့ စစ်ဆေးခံနေရတဲ့ ရွှေလုပ်ငန်းရှင် အယောက် ၅၀ ကျော် ရှိလာပြီဖြစ်ပြီး အခုလို အခြေအနေတွေကြောင့် လုပ်ငန်းရှင်တွေအနေနဲ့ ရွှေအခဲလိုက်မရောင်းရဲကြတော့ဘဲ စောင့်ကြည့်နေရတဲ့ အနေအထားမျိုး ဖြစ်နေတယ်လို့ ရွှေလုပ်ငန်းရှင်အသိုင်းအဝိုင်းက သိရပါတယ်။
ပြည်တွင်းရွှေဈေး မြင့်တက်လာပြီးနောက် သက်ဆိုင်ရာက ရန်ကုန်နဲ့ မန္တလေးက ရွှေလုပ်ငန်းရှင်တွေကို ပြီးခဲ့တဲ့ ဇွန်လ ၁၅ ရက်နေ့ကတည်းက စတင်ပြီး ခေါ်ယူစစ်ဆေးနေတာ ဖြစ်တယ်လို့ သိရပါတယ်။
“လွန်ခဲ့တဲ့ သုံးပတ်လောက်ကတည်းက ခေါ်ယူစစ်ဆေးတာပေါ့။ နောက်ပိုင်း သူတို့ရဲ့ စစ်ဆေးချက်တွေအရ ထပ်ပြီးတော့ ခေါ်တဲ့လူတွေလည်း ရှိတယ်။ စုစုပေါင်း အယောက် ၅၀ လောက်ရှိတယ်လို့တော့ သတင်းကြားပါတယ်။ သူတို့ကို နေ့လယ်ဆို အိမ်ခဏပေးပြန်တယ်၊ ညကျရင်တော့ ပြန်လာရတယ်ပေါ့၊ အဲ့ဒီလိုမျိုးပါ။ ဘာ့ကြောင့်လဲတော့ သေချာမသိသေးပါဘူး။ ဖမ်းမလား၊ ပြန်လွှတ်မလား အမိန့်လည်း မချသေးဘူးလို့ သိရပါတယ်” လို့ ရွှေလုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။
အဲ့ဒီ့လို ရွှေလုပ်ငန်းရှင်တချို့ကို ခေါ်ယူစစ်ဆေးနေတာဟာ လက်ရှိမှာ ရက်ပေါင်း ၃၅ ရက် ကြာမြင့်လာပြီ ဖြစ်ပြီး တိကျသေချာတဲ့ အဖြေတစ်ခု ထွက်လာဖို့ စောင့်ကြည့်နေရဆဲ ကာလဖြစ်တာကြောင့် လုပ်ငန်းရှင်တွေအနေနဲ့ ရွှေကို အခဲလိုက် မရောင်းရဲကြတော့တဲ့ အနေအထားမျိုး ဖြစ်နေတယ်လို့ သိရပါတယ်။
“လက်ရှိ အခြေအနေတွေကြောင့် ဘယ်သူမှ ရွှေအခဲလိုက် မရောင်းရဲကြတော့ဘူး။ သူတို့ကို ခေါ်ယူစစ်ဆေးနေတယ်ဆိုတော့ အကုန်လုံးက ကြောက်လန့်နေတာ။ ဘာမှန်းမသိကြဘူးဆိုတော့ နည်းနည်း အလုပ်လျှော့လုပ်ကြတဲ့ သဘောပေါ့။ ရှောင်တဲ့လူလည်းရှောင်ကြ၊ ခရီးထွက်တဲ့လူလည်း ထွက်ကြ၊ အရောင်း ပိတ်တဲ့သူလည်းပိတ်ကြနဲ့ အမျိုးစုံပဲပေါ့နော်။ သူတို့ကို စစ်ဆေးနေတော့ ဘာမှန်းမှမသိရသေးတာ” လို့ သူက ပြောပါတယ်။
အဲ့ဒါကြောင့် လက်ရှိ ရွှေဈေးကွက်အနေအထားကတော့ မှောင်ခိုဈေးကွက် ဖြစ်နေပြီး ရောင်းရ၊ ဝယ်ရခက်တဲ့ အနေအထားမျိုး ဖြစ်နေတယ်လို့ သူက ပြောပါတယ်။
“အခုက မှောင်ခိုဈေးကွက် ဖြစ်နေတယ်။ ရောင်းရ၊ ဝယ်ရ အရမ်းခက်နေတယ်။ အလုပ်လည်း သိပ်မဖြစ်သလောက်ပါဘဲ။ ရှေ့ဆက် ရွှေဈေးကွက် အလားအလာကတော့ အခု ခေါ်ယူစစ်ဆေးနေတဲ့လူတွေကို ပြန်လွှတ်လိုက်မလား၊ ထောင်ချလိုက်မလား၊ ဒီပေါ် မူတည်နေတာပေါ့။ ထောင်ချလိုက်ရင်တော့ အကုန်လုံး ကြောက်လန့်ပြီးတော့ ရှောင်ကြ၊ တိမ်းကြ၊ ပြေးကြပေါ့။ ပြန်လွှတ်လိုက်ရင်တော့လည်း ပြန်ပြီး အလုပ် လုပ်ကြမယ်ထင်ပါတယ်” လို့ သူက ပြောပါတယ်။
စစ်ဆေး မေးမြန်းခံနေရသူတွေ အနေနဲ့ ဖမ်းဆီးခံရပါက ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဥပဒေ၊ နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဥပဒေတို့နဲ့ အရေးယူခံရနိုင်ဖွယ်ရှိနေပြီး လက်ရှိမှာတော့ ပြန်လည် လွတ်မြောက်နိုင်ခြင်း ရှိ၊ မရှိ ဆိုတာနဲ့ ပတ်သက်လို့ ခန့်မှန်းရခက်တဲ့ အနေအထားမျိုး ဖြစ်နေတယ်လို့ ရွှေလုပ်ငန်းရှင်တွေက ပြောပါတယ်။
“အခု အခြေအနေတွေက ပြောရခက်တယ်။ သူတို့သဘောပဲကိုး။ တချို့တလေကို အရေးယူပြီး တချို့တလေကို လွှတ်တာလည်း ဖြစ်နိုင်သလို အကုန်လုံးကို အရေးယူ၊ အကုန်လုံးကို ပြန်လွှတ်တာလည်း ဖြစ်နိုင်တယ်။ ဒါတွေက မှန်းရခက်တယ်။ လက်ရှိ ရွှေလောကကြီးကတော့ လောလောဆယ်တော့ အခြေအနေ မကောင်းဘူး။ ကျီးလန့်စာစား ဖြစ်နေရတာပေါ့။ ဘယ်သူ ဘယ်နေ့ခေါ်မလဲ၊ ဘယ်သူဘယ်နေ့ အဖမ်းခံရမလဲဆိုတဲ့ ပုံစံမျိုး ဖြစ်နေတာပေါ့။ မကောင်းပါဘူး အခြေအနေက” လို့ နောက်ထပ် ရွှေလုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။
ရွှေနှင့် ငွေကြေးဈေးကွက် စောင့်ကြည့်ထိန်းသိမ်းကြပ်မတ်ရေးလုပ်ငန်းကော်မတီက ဗဟိုဘဏ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအပြင် တခြားသော အဖွဲ့အစည်းတွေနဲ့ ပြီးခဲ့တဲ့ ဇွန် ၁ ရက်နဲ့ ၂ ရက်နေ့တွေမှာ ရွှေဆိုင်တွေဆီ သွားရောက် ကွင်းဆင်းစစ်ဆေးခဲ့ပြီးနောက် အခုလို ခေါ်ယူစစ်ဆေးမှုတွေ ပြုလုပ်လာခြင်းဖြစ်တယ်လို့ ရွှေလုပ်ငန်းရှင် အသိုင်းအဝိုင်းက သိရပါတယ်။
မနေ့ ဇူလိုင် ၂၀ ရက်နေ့မှာ ဖြစ်ပေါ်ခဲ့တဲ့ ပြည်တွင်း ရွှေဈေးနှုန်းကတော့ ရန်ကုန်တိုင်းရွှေအသင်း သတ်မှတ်ဈေး ၂,၃၃၉,၇၀၀ ကျပ်၊ ပြင်ပရွှေ ပေါက်ဈေး ၃,၂၇၀,၀၀၀ ကျပ်ဝန်းကျင်၊ ကမ္ဘာ့ရွှေ တစ်အောင်စ ၁,၉၈၆ ဒေါ်လာ၊ ငွေလဲနှုန်း အမေရိကန်တစ်ဒေါ်လာ ၃,၀၀၀ ကျပ်ဝန်းကျင် ဖြစ်တယ်လို့ သိရပါတယ်။
Photo Crd -Original Uploader
#voiceofmyanmar #VOM #ရွှေလုပ်ငန်းရှင် #ခေါ်ယူစစ်ဆေးခံရမှု