စက်တင်ဘာ ၁၈ – ၂၀၂၃
SN (VOM)
ဒီနေ့ စက်တင်ဘာ ၁၈ ရက်၊ ညနေ ၅ နာရီခွဲဝန်းကျင်က ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်၊ ၈၆ ဂိတ်ဟောင်းမှတ်တိုင်အနီး အနော်ရထာလမ်းမကြီးပေါ်မှာ ကား မတော်တဆမှု တခု ဖြစ်ပွားခဲ့ကာ ကားအောက်ပိမိပြီး ၃ ဦး သေဆုံးခဲ့တယ်လို့ ဖြစ်စဉ်အတွင်း သွားရောက်ကူညီခဲ့တဲ့ ပရဟိတအဖွဲ့တဖွဲ့ရဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။
ဖြစ်စဉ်အတွင်း သေဆုံးသူတွေဟာ အမျိုးသား (၁) ဦးနဲ့ အမျိုးသမီး (၂) ဦးဖြစ်ပြီး ဒဏ်ရာရရှိသူတွေကတော့ အမျိုးသား (၃) ဦးနဲ့ အမျိုးသမီး (၂) ဦး၊ စုစုပေါင်း (၅) ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
“ဖယ်ရီကားနှစ်စီးတိုက်တာပါ။ ဖယ်ရီကားနှစ်စီးတိုက်တာဆိုပေမယ့်လည်း ကားပေါ်ကလူတွေထိတာမဟုတ်ဘူး။ ကားမှတ်တိုင်မှာစောင့်နေတဲ့လူတွေ ထိခိုက်တာပေါ့။ ကားအောက်ကို ပိမိကုန်ကြတာ။ သေဆုံးသူတွေမှာ (၂) ဦးကတော့ ပိုင်ရှင်ပေါ်သွားပြီ။ (၁) ဦးပဲ ပိုင်ရှင်မပေါ်သေးတာ” လို့ လူမှုကူညီရေးအသင်း တာဝန်ရှိသူတဦးက ပြောပါတယ်။
အဲ့ဒီ့ဖြစ်စဉ်ကို မြို့နယ်မီးသတ်တပ်ဖွဲ့၊ လှိုင်သာယာ အရှေ့/အနောက် ပရဟိတအဖွဲ့တွေ ပူးပေါင်းကူညီခဲ့ကြတယ်လို့ သိရပါတယ်။
Photo:Original Uploader
#voiveofmyanmar #vom #လှိုင်သာယာ #ယာဥ်တိုက်မှု